မေ ၂၄၊၂၀၂၅။ဇော်ရမ်း/People’s Spring
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းတစ်ခုအား တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ရရှိပြီး အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း DMO Local PDF တပ်ရင်း (၂)ဒုတပ်ရင်းမှူး ဟင်နရီလုအောင် ကျဆုံးခဲ့ရသည်။
မေလ ၂၃ရက်က တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် DMO Local PDF တပ်ရင်း (၂)ဒုတပ်ရင်းမှူး ဟင်နရီလုအောင်၏ စျာပနကို ယနေ့ (မေလ ၂၄ ရက်) ပြုလုပ်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်သည်။
“မနေ့က စခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရင်းနဲ့ လက်နက်ကြီးထိတာ”ဟု DMO Local PDF တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးက ဒုတပ်ရင်းမှူး ဟင်နရီလုအောင် ကျဆုံးခဲ့ရသည့်အခြေအနေကို လူထုနွေဦးသို့ ရှင်းပြသည်။

Public Service Announcement
စျာပနအခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဒီးမော့ဆို(DMO Local PDF)တပ်ရင်းတပ်ဖွဲ့မှ ရဲဘော်ရဲမေများ၊ ရဟန်းဘုန်းတော်ကြီးများ၊ သီလရှင်စစ္စတရ်များမှ လာရောက် ဆုတောင်းဂါရဝပြုခဲ့သည်။
ဟင်နရီလုအောင်သည် ဒုတပ်ရင်းမှူးအဖြစ်သာ တာဝန်ခံထားသော်လည်း အမှန်တကယ် တပ်ရင်းမှူး တာဝန်ဖြင့်မခြားဘဲ ဦးဆောင်နိုင်စွမ်းကောင်းမွန်သူနှင့် ရဲဘော်များကို ငဲ့ညှာတက်သူအဖြစ် ၎င်းက ဆက်ပြောသည်။
လက်ရှိ ဘောလခဲမြို့နယ်တွင် စစ်ရေးအရအရေးပါသည့် စစ်ကောင်စီ၏ ကာကင်းများ၊ဗျူဟာကုန်းစခန်းများကို ကရင်နီတပ်ပေါင်းစုဘက်က ထိုးစစ်ဆင်သိမ်းပိုက်နေသည်ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က အသိပေးသည်။
“ဗုံးသီးတွေက မိုးရွာသလိုကျလာတော့ ထိခိုက်မှုနည်းနည်းများတယ်။လေကြောင်းကနေလည်းတိုက်ခိုက်ခံနေရတော့ပိုဆိုးတယ်”ဟု ၎င်းက ပြောသည်။
ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းငါးခုသိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆၀ကျော်သေပြီး သုံ့ပန်းအချို့ဖမ်းမိခဲ့သည်။ ထို့အပြင် လက်နက်မျိုးစုံ ၄၀နှင့် ခဲယမ်းများရရှိသည်ဟု ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က ဧပြီ ၂ရက်တွင် ကြေညာထားသည်။
ကရင်နီစစ်ဘက်သတင်းများအရ ဘောလခဲမြို့ပြင်ပ၌ မိုင်ထမ်းကာကင်းစခန်း ကျန်ရှိနေသေးသည်။
ဘောလခဲမြို့တွင် စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာ ၊ခမရ (၄၂၉)၊ခမရ (၄၃၀)နှင့် ခလရ (၃၃၇)တပ်ရင်းတို့ရှိသည့်အပြင် ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂) လက်အောက်ခံတပ်ရင်းအချို့ အင်အားဖြည့်ထားသည်။
