close
Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်စနစ်နှင့်ထောက်တိုင်များ ဖယ်ရှားပစ်မှသာ နိုင်ငံရေးပြဿနာများဖြေရှင်းနိုင်မည်ဟု SNLD ပြော

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ၏ နိုင်ငံရေးရပ်တည်ချက်သဘောထားကို ယနေ့ ထုတ်ပြန်ခဲ့ရာ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားပစ်မှသာ နိုင်ငံရေးပြဿနာအရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး၊ ခေတ်စနစ်အခြေအနေနှင့် လိုက်လျော ညီထွေသည့် ဖက်ဒရယ်ပြည်ထောင်စုကိုလည်း စုပေါင်းတည်ထောင်နိုင်မည်ဟု ဖော်ပြသည်။

ဟန်နွေ/People’s Spring

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ၏ နိုင်ငံရေးရပ်တည်ချက်သဘောထားကို ယနေ့ ထုတ်ပြန်ခဲ့ရာ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားပစ်မှသာ နိုင်ငံရေးပြဿနာအရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး၊ ခေတ်စနစ်အခြေအနေနှင့် လိုက်လျော ညီထွေသည့် ဖက်ဒရယ်ပြည်ထောင်စုကိုလည်း စုပေါင်းတည်ထောင်နိုင်မည်ဟု ဖော်ပြသည်။

ယနေ့ (အောက်တိုဘာ ၂၆ရက်)ကျရောက်သည့် SNLDပါတီ တည်ထောင်ခြင်း (၃၆)နှစ်ပြည့်နေ့တွင် ပါတီ၏ သဘောထားကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကမ္ဘာ့စံချိန်တင်ရှည်ကြာသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူညီရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်းဖြစ်သည်ဟုလည်း ဖော်ပြသည်။

” မြန်မာပြည်မှာ ဘယ်လိုအာဏာရှင်ကိုမှ ထပ်ပြီး အုပ်စိုးခွင့်မရအောင် ကျနော်တို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ အာဏာရှင် စိုးမိုးတဲ့ တိုင်းပြည်ကနေ ပြည်သူ့ကိုယ်စားလှယ်တွေ စိုးမိုး အုပ်ချုပ်တဲ့ တိုင်းပြည်ဖြစ်လာအောင် ကြိုးစားအားထုတ်ကြတာဖြစ်ပါတယ်”ဟု SNLD ဥက္ကဋ္ဌ စိုင်းညွန့်လွင်က နှစ်ပတ်လည်အခမ်းအနား မိန့်ခွန်း၌ထည့်သွင်း ပြောကြားခဲ့သည်။

မတရားသဖြင့် လက်နက်ကိုင်အနိုင်ကျင့်ခြင်းကို မလွဲမရှောင်သာ ဆန့်ကျင်တွန်းလှန်ရမည်ဆိုသော်လည်း တိုက်ခိုက်ရေးအောင်ပွဲများမှသည် ပြည်သူ့နိုင်ငံရေးအောင်ပွဲများအထိ ဆက်လက် သယ်ဆောင်အနားသတ်ပေးနိုင်မှ တည်ငြိမ်အေးချမ်းမှု အစစ်အမှန်ကို ခံစားရမည်ဟု ခံယူကြောင်းလည်း SNLDက ထုတ်ပြန်သည်။

နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးအပြင် လူမျိုးရေးအရပါ တဖက်သတ်ဖိနှပ်ခံလာရသည်နှင့်အမျှ ပြန်လည် လက်တုန့်ပြန်ခွင့်ရချိန်တွင် လူမျိုးရေးအစွန်းရောက် ကန့်သတ်ခွဲခြားဆက်ဆံမှုများ မလုပ်ဆောင်မိရန် လိုအပ်ပြီး ရည်ရွယ်ရင်းပန်းတိုင်ဖြစ်သော မျက်ခြေမပြတ်ရန် အထူးလိုအပ်ကြောင်း သတိပေးထားသည်။

တပြိုင်တည်းတွင် မြန်မာ့ပြည်တွင်းရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံကြီးအချို့က စီးပိုးကြိုးကိုင်လျက် လူထုဆန္ဒအပေါ် လျစ်လျူရှုကာ တဖက်သတ်ဆောင်ရွက်ရန်ကြိုးစားနေသည်ကို ဒီမိုကရေစီဘက်တော်သားအချင်းချင်း တစိတ်တဝမ်းတည်းသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ ကျော်လွှားနိုင်မည်ဖြစ်ကြောင်း SNLDက ထုတ်ပြန်သည်။

မဟာအင်အားကြီးနိုင်ငံများ၏အားပြိုင်မှုအကြား မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန်မှာ တိုင်းရင်းသားပြည်သူလူထုအပေါ် သစ္စာမဏ္ဍိုင်ပြုလျက် တွန်းလှန် တိုက်ပွဲဝင်ရေးသည်သာ အခရာဖြစ်ကြောင်းလည်း သတိပေးသည်။

တိုင်းပြည်ပြဿနာကို ပြည်သူလူထုထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု အသံကောင်း လူထုအုပ်ချုပ်ရေးအစစ်အမှန်ပေါ်ပါက်ရေးကို လက်တလုံးခြားပြုဆန့်ကျင်လျက် ဟစ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ကြာစေရေး ကြိုးပမ်းလျက်ရှိနေသည်ကို မျက်နှာဖုံးခွါချကြရန်လိုအပ်နေကြောင်းလည်း ဖော်ပြသည်။

တိုင်းပြည်အုပ်ချုပ်ရေးစနစ် မပြောင်းလဲဘဲ၊ အုပ်ချုပ်သူလူတစု ပြောင်းပြုရုံဖြင့် ဒီမိုကရေစီကျင့်သုံးနိုင်မည်မဟုတ်၊ ဖက်ဒရယ်နိုင်ငံရေးစနစ် ဖြစ်ထွန်းရန်မတတ်နိုင်ကြောင်း ထုတ်ပြန်သည်။

ထိုကြောင့် လူထုအုပ်ချုပ်ရေးကို လူထုကိုယ်တိုင် ပါဝင်လုပ်ကိုင်နိုင်မည့်အခင်းအကျင်း မပေါ်ပေါက်သေးသမျှ နိုင်ငံရေးပြဿနာဖြေရှင်းရေး မပြီးဆုံးသေးဟု ခံယူကြောင်း ဖော်ပြသည်။

ထို့အပြင် အရပ်သားပြည်သူများအား စစ်ရေးပစ်မှတ်အဖြစ် တမင်ရည်ရွယ်အကြမ်းဖက် နေမှုများနှင့် မဆင်မခြင်တုန့်ပြန်ခုခံမှုအချို့ကြောင့် ဒုက္ခပင်လယ်ဝေနေသည့် တိုင်းရင်းသားပြည်သူ တရပ်လုံးအတွက် မဖြစ်မနေထည့်သွင်းစဉ်းစားရမည်မှာ လူမမယ်ကလေးများ၊ အမျိုးသမီးနှင့် လူငယ်လူရွယ်များ၏ အနာဂတ်ပညာရေးကို ဦးစားပေးဆောင်ရွက်ရန် အလွန်အရေးကြီးလှသည်ဟု SNLDက ထုတ်ပြန်သည်။

စစ်ကြောင့်ပညာရေးခါးဆက်မပြတ်ရလေအောင် ဝိုင်းဝန်းကြံဆောင်ကြရမည်သာဖြစ်သည်ဟုလည်း ဖော်ပြသည်။

SNLD ပါတီ မွေးနေ့ အခမ်းအနားကို ယနေ့ ကျင်းပရာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များလည်း တက်ရောက် အမှာစကား ပြောကြားကာ သဝဏ်လွှာများလည်း ပေးပို့ခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်နေ့ အခမ်းအနားသို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က သဝဏ်လွှာပေးပို့ခဲ့ရာ အားလုံးသော ရှမ်းတော်လှန်ရေး ခေါင်းဆောင်များ အပါအဝင် အခြားတော်လှန်ရေးအင်အားစုအသီးသီးနှင့် အပြည့်အဝ ပူးပေါင်း ချိတ် ဆက်လျက် လူထုတော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်စေရန် အတူတကွ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖော်ပြသည်။

ပြည်ထောင်စုတစ်ဝှမ်းလုံးတွင် ပြည်သူများအားလုံး ပါဝင်ဆင်နွှဲလျက်ရှိသော လူထုတော်လှန်ရေးကြီးမှသည် မဝေးသောကာလတွင် ရှမ်းတိုင်းရင်းသားများအပါအဝင် ညီနောင်တိုင်းရင်းသားအားလုံး လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ထောင်နိုင်မည်ကို အကြွင်းမဲ့ယုံကြည်သည်ဟုလည်း သဝဏ်လွှာပေးပို့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)က ပေးပို့သည့် သဝဏ်လွှာတွင်လည်း နိုင်ငံပြုပြင် ပြောင်းလဲရေးဖြစ်သော အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင်လည်း တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများအပါအ၀င် ပတ်သက်သူများ အားလုံးပါ၀င်သည့် နိုင်ငံရေး အခင်းအကျင်းသစ် တခုကို ရရှိအောင်ဖန်တီးကြပြီး အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်အေးချမ်းနိုင်ရေး စုစည်းညီညွတ်ကြရန် SNLD တိုက်တွန်း

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့အား စစ်ကောင်စီလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူများတွင် ရှမ်းတိုင်းရင်းသားများဒီမီုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)၏ သိန္နီမြို့နယ်တွဲဖက်အတွင်းရေးမှူး ဦးစိုင်းထွန်းကြည် ပါဝင်ခဲ့သည်။

နိုင်ငံတကာ

လူကာရှန်ကိုက သူအာဏာရလာချိန် ဘီလားရုစ်မှာ အကျဉ်းသား ၅၀၀၀၀ လောက် ရှိခဲ့ရာက အခုဆိုရင် ၂၂၀၀၀ လောက်သာ ကျန်တော့ကြောင်း၊ မီဒီယာတွေက စွပ်စွဲ ရေးသားသလို သူဟာ ပြည်သူတွေကို ထောင်ချပြီး ဖိနှိပ်နေတဲ့ အာဏာရှင် တစ်ဦးသာ သေချာရင် သိပ်ပြီး အားမကောင်းလှတဲ့ အာဏာရှင်မျိုး...