ဟန်နွေ/People’s Spring
အာဏာသိမ်းစစ်ကောင်စီက ပြည်သူများအပေါ် ရက်စက်စွာ သတ်ဖြတ်မှု ကျူးလွန်နေခြင်းအား ကာကွယ်နိုင်ရေး ပိုမိုအားထုတ်ကြန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂၄ရက်တွင်ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစည်းအဝေး၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဘုတလင်အပါအဝင် နိုင်ငံအနှံ့က ကျေးရွာတော်တော် များများကို လက်လွတ်စပယ် ဝင်ရောက်မီးရှို့တာ၊ ပြည်သူတွေကို ရက်ရက်စက်စက် အပိုင်းပိုင်း ဖြတ်တောက်ပြီး အကြောက်တရားတွေဝင်အောင် အမျိုးမျိုး ဖိနှိပ်မှုတွေ လုပ်ဆောင်နေတာ ဒီရက်တွေမှာ ပိုမိုကြားလာရပါကြောင်း။ ဒီအတွက် တာဝန်ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုက လူတွေ တစ်ဦး တစ်ယောက်မှ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ထုတ်ရာမှာ လွတ်မြောက်မှု မရှိစေဖို့အတွက် ကြိုးပမ်းကြရမှာဖြစ်သလို ယခုလတ်တလော အခြေအနေမှာလည်း နယ်မြေ လုံခြုံရေးအတွက် ကျွန်တော်တို့ ပိုမိုကြိုးပမ်းအားထုတ်ပြီး ပြည်သူတွေကို အကာအကွယ်ပေးနိုင်ရေး အတွက်လည်း ကြိုးပမ်းပေးကြဖို့ တိုက်တွန်းလိုပါကြောင်း”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်၏ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါကျေးရွာရှိ ပြည်သူ ၆ဦးကို အောက်တိုဘာ ၁၇ရက်တွင် သတ်ဖြတ်ခဲ့ပြီး ခန္ဓာ ကိုယ်များကို အပိုင်းပိုင်းဖြတ်လျက် နေအိမ် ခြံစည်းရိုးတွင် ချိတ်ဆွဲပြသခဲ့သည်။ ထို့ပြင် အောက်တိုဘာ ၁၁ရက်မှ ၂၀ရက်အတွင်း အရပ်သား ပြည်သူ ၂၄ဦးထက်မနည်းကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး ဒေသခံ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။
ဘုတလင်ဒေသ၌ အသက်ပေးခဲ့ရသည့် ပြည်သူများ၏ မိသားစုဝင်များကို လိုအပ်သည့် ထောက်ပံ့မှုလုပ်ဆောင်ရန် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစည်းအဝေးတွင် တိုက်တွန်းခဲ့သည်။
” အခုလို ဆိုးရွားတဲ့ စစ်ရာဇဝတ်မှု ကျုးလွန်တာတွေကိုလည်း မှတ်တမ်းမှတ်ရာ၊ ထွက်ဆိုချက်များ နဲ့တကွ သေချာစွာပြုစုပြီး နိုင်ငံတကာကသိအောင် ကျယ်ကျယ်ပြန့်ပြန့် ချပြဖို့လည်း လိုမှာဖြစ်ပါကြောင်း။ သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်မှုတွေမှာ တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေ ရောထွေးမှုမရှိရအောင် အထူးသတိပြု ဆောင်ရွက်စေလိုပါကြောင်း”ဟု ပြည်ထောင်စုဝန်ကြီးချုပ် က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြုစုထားသည့် စာရင်းများအရ စစ်တပ် အာဏာသိမ်းပြီး သုံးနှစ်ခွဲကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၅ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၀၂ကြိမ်ကျူးလွန်ခဲံပြီး ပြည်သူ ၃၃၄၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟုဆိုသည်။ စစ်တပ်အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ယခု အောက်တိုဘာ ၁ရက်နေ့အထိ စာရင်းများကို အသိပေးထားခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျူးလွန်သောအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၀၂ကြိမ်ထဲတွင် အသက် ၆၀နှစ်အထက် ၁၅၅ဦးနှင့် အသက် ၁၈နှစ်အောက် ၂၇၆ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြသည်။
” စစ်ကောင်စီအနေနဲ့ မြေပြင်စစ်ပွဲတွေမှာ ဆုံးရှုံးမှုတွေ ကြုံလာတဲ့အခါတိုင်း၊ သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ မဆိုင်တဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်ပြီးတော့ သူတို့ရဲ့စစ်ရှုံးမှုကိုပြန်တုန့်ပြန်လေ့ရှိပါတယ်။ လက်စားချေမှုလို့လည်း ပြောလို့ရတယ်။ သူတို့ လက်စားချေတဲ့ နည်းလမ်းက လူထုကိုအသုံးချပြီး လူတံတိုင်းပဲဖြစ်ဖြစ်၊အကြောက်တရားပဲဖြစ်ဖြစ် နည်းဗျူဟာကို အမြဲသုံးလေ့ရှိတယ်။ ဒါ့ကြောင့်မို့ ပြန်ကြည့်မယ်ဆိုရင် နိုင်ငံတနိုင်ငံလုံး သူတို့လုပ်လာတာ သူတို့ကျင့်သုံးခဲ့တဲ့ နည်းဗျူဟာတစ်ခုလည်းဖြစ်တယ်။ ဘုတလင်မှမဟုတ်ဘူး နိုင်ငံတဝှမ်းမှာ ဒီလိုမျိုးပဲကျင့်သုံးလေ့ရှိပါတယ်။ ဒါဟာ ကြီးမားတဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်ပေါ့နော်။ ဒါကို နိုင်ငံတကာကိုပေးပို့နိုင်ဖို့လည်း ဝန်ကြီးဌာနက အချက်အလက်တွေ သေချာကောက်ယူသိမ်း ဆည်းတယ်။ လုပ်လည်း လုပ်ဆောင်နေပါတယ်” ဟု လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က ပြောကြားထားသည်။
အကြမ်းဖက်စစ်အုပ်စု၏ ဆိုးရွားသောကျူးလွန် မှုများအတွက် တရားမျှတမှုဖော်ဆောင်နိုင်ရန် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးရန် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အောက်တိုဘာ ၂၂ရက်တွင် ထုတ်ပြန်တောင်းဆိုထားသည်။
နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အကြမ်းဖက် စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက်ခွင့်ပြုနေမည်ဆိုပါက ထိုမျှဆိုးရွားယုတ်မာသော စစ်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် အယူဝါဒ ကိုင်စွဲထားသော ယန္တရားတရပ်မှာ ဆက်လက် သက်ဆိုးရှည်ရုံသာမက ပိုမိုအတင့်ရဲလာမည်သာဖြစ်ကြောင်း ဖော်ပြထားသည်။
