close
Connect with us

Hi, what are you looking for?

သတင်း

SNLD ပါတီ တည်ထောင်ခြင်း (၃၆)နှစ်ပြည့် ကျင်းပ

ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်အေးချမ်းနိုင်ရေး စုစည်းညီညွတ်ကြရန် SNLD တိုက်တွန်း

SNLDပါတီဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - SNLD

ဟန်နွေ/People’s Spring

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ တည်ထောင်ခြင်း (၃၆)နှစ် ပြည့်ကို ယနေ့ (အောက်တိုဘာ ၂၆ရက်)နံနက်တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်အေးချမ်းနိုင်ရေး စုစည်းညီညွတ်ကြရန် SNLD ဒုတိယဥက္ကဋ္ဌ စိုင်းခမ်းပိုင်ဖ က ပြောကြားသည်။

အဆိုပါ SNLD ပါတီ မွေးနေ့ အခမ်းအနားကို အွန်လိုင်းမှကျင်းပခဲ့ရာ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် တိုင်းရင်းသား တပ်ဖွဲ့ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့များ နှင့် SNLD ခေါင်းဆောင် ပါတီဝင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် SNLD ဒုဥက္ကဋ္ဌ စိုင်းခမ်းပိုင်ဖက ပါတီအနေဖြင့် လက်ရှိ အခြေအနေ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မဆောင်ရွက်နိုင်မီ ကာလတွင် ပြည်သူလူထု သက်သာရာ သက်သာကြောင်း လုပ်ရပ်များကို တက်နိုင်သမျှ လုပ်နေကြောင်း၊ တိုင်းပြည်နှင့် လူထု၏ အဓိက လိုအပ်ချက်ဖြစ်သည့် ပြည်တွင်း ငြိမ်းချမ်းရေး ကို မမေ့မလျော့ ပါဝင်ရုန်းကန်နေသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တစိတ်တဒေသ စုစည်းညီညွတ်ရုံဖြင့် တတိုင်းပြည်လုံး စုစည်းညီညွတ်ရာ မရောက်သကဲ့သို့ လူမျိုးတမျိုး ဒေသ တစ်ခုတည်း လွတ်မြောက်အေးချမ်းရုံဖြင့် လူမျိုးစုံ ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်အေးချမ်းရာ မရောက်ကြောင်း SNLD ဒုဥက္ကဋ္ဌက ပြောသည်။

နိုင်ငံရေးစိတ်ဆန္ဒ တော်တည့်မှန်ကန်မှု မရှိခဲ့၍ ယနေ့ အခြေအနေမျိုး ကြုံခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

” အခုနေအခါမှာ နိုင်ငံရေးထက် စစ်ရေးဘောင်က ပိုမိုကျယ်ပြန့်လာတယ်ဆိုပေမယ့် ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ဆိုရင် နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းဖို့ လိုအပ်သလို နိုင်ငံရေး အမှန်တကယ်လိုလားတဲ့ ဒီမိုကရေစီ ဘက်တော်သား အစုအဖွဲ့များ ဘက်တစ်ဖက်တည်းမှာ ခိုင်မာ ပြတ်သားစွာ ပူးပေါင်းရပ်တည်ကြဖို့လည်း အထူးလိုအပ်ပါတယ်”ဟု SNLD ဒုဥက္ကဋ္ဌ စိုင်းခမ်းပိုင်ဖက ပြောကြားသည်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း SNLD ပါတီ မွေးနေ့ပွဲ၌ အမှာစကား ပြောကြားခဲ့ရာ စစ်တပ်သည် လူတစုအကျိုးအတွက် အာဏာကို နည်းမျိုးစုံဖြင့် ရယူနေခဲ့ပြီး ၂၀၂၁ တွင် ပြည်သူ ရွေးကောက်ထားသည့် အစိုးရကို အာဏာသိမ်းခဲ့ကြောင်း ပြောကြားသည်။

” စစ်တပ်ဟာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တောင်းဆိုတဲ့ တိုင်းပြည်ရဲ့ အခြေခံ နိုင်ငံရေးပြဿနာတစ်ခုဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ နိုင်ငံရေးမှ ထွက်ခွာရေး၊ နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအရ တည်ဆောက်ကို အခုအချိန်ထိငြင်းပယ်ပြီး စစ်တပ်အာဏာတည်မြဲရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံကို အသုံးချပြီး ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို လုံး၀ ဥသုံစစ်ရေးအရ အင်အားအသုံးချပြီး ရက်စက်စွာ လူသားမဆန်စွာ ဖိနှိပ်သတ်ဖြတ်တဲ့ ဖက်ဆစ်စစ်တပ် ကျင့်စဉ်ကို ကျင့်သုံးနေပါတယ်”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

စစ်တပ်အာဏာသိမ်းမှု အဆုံးသတ်ရေးအတွက် ဗမာလူမျိုးများအပါအဝင် တိုင်းရင်းသား အားလုး လက်နက်ကိုင်အဖွဲ့အစည်းများက စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အတွက် နိုင်ငံရေးတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲအပါအဝင် နည်းလမ်းပေါင်းစုံနှင့် ဆန့်ကျင်တိုက်ပွဲဝင်နေကြသည်ဟု ၎င်းက ဆိုသည်။

” နိုင်ငံရဲ့အဓိကပြဿနာဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာလို့ အာဏာရှင်စစ်တပ်နဲ့ အုပ်ချုပ်ရေးစနစ်ကြောင့်လို့ တပြည်လုံး ပြည်သူတစ်ရပ်လုံးက သိရှိနားလည်ခဲ့ပါတယ်”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

တရားမဝင် အာဏာသိမ်းစစ်ကောင်စီက စစ်အာဏာရှင်စနစ် ဆက်လက်ကျင့်သုံးနိုင်ရေးအတွက် လုပ်ပိုင်ခွင့်မရှိသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းနေကြောင်း၊ တိုင်းပြည်အေးချမ်းသာယာစေရေး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်းသာယာသည့် အနာဂတ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် အင်အားစုအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောသည်။

” တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာပိုင်ရှင်ဟာ တိုင်းရင်းသား ပြည်သူလူထုဖြစ်ပါတယ်။ မူရင်းအာဏာရှင်များလက်ထဲ တိုင်းပြည်ရဲ့ အာဏာ ပြန်လည်ရောက်ရှိရေးအတွက် စစ်အာဏာရှင်စနစ် အဆုံးသတ်မယ့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး လိုလားပြီးတောင်းဆိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အတူတကွ ပူးပေါင်းတည်ဆောက်ကြပါလို့တိုက်တွန်းရင်းနိဂုံးချုပါတယ်”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

အခမ်းအနားတွင် လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း တက်ရောက် အမှာစကား ပြောကြားခဲ့ရာ အခမ်းအနား၌ SSPP ခေါင်းဆောင် ပြောကြားခဲ့သည့် အလျှော့ပေးရေး ဝါဒသည် အရှုံးပေးရေး ဝါဒဖြစ်သည်၊ အောင်ပွဲသည် တိုက်ရဲသူအတွက်ဖြစ်သည်ဆိုသည့် အချက်ကို အလေးအနက်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ SSPP ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆေထင်တက်ရောက်ခဲ့သည်ကိုလည်း တွေ့ရသည်။

SSPP ခေါင်းဆောင်၏ ပြောကြားချက်သည် အတွေ့အကြုံများနှင့် ယှဉ်ပြီး ပြောသည့် စကား ဖြစ်သည်ဟု မှတ်ယူကြောင်း ဦးအောင်မိုးဇော်က ပြောသည်။

” အတွေ့အကြုံပေါင်းများစွာကို ဖြတ်သန်းပြီးမှပြောတဲ့စကားဆိုတာ အင်မတန်မှ မှတ်သားဖို့လိုတယ် အင်မတန်မှ လေးနက်ဖို့လိုတယ်လို့ ယူဆရတယ်”ဟု ဦးအောင်မိုးဇော်က ပြောသည်။

SNLDပါတီသည် စစ်ကောင်စီထံ ပါတီ မှတ်ပုံတင် ခြင်းမပြုသကဲ့သို့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ထုတ်ပြန်ကြေညာထားသည့် ပါတီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့အား စစ်ကောင်စီလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူများတွင် ရှမ်းတိုင်းရင်းသားများဒီမီုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)၏ သိန္နီမြို့နယ်တွဲဖက်အတွင်းရေးမှူး ဦးစိုင်းထွန်းကြည် ပါဝင်ခဲ့သည်။

မေးမြန်းခန်း

စစ်​ကောင်စီဆီမှာ ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီးပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကို People's Spring သတင်းဌာနကဆက်သွယ်မေးမြန်းထားတာကိုဖော်ပြလိုက်ပါတယ်။

သတင်း

SNLD ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး၏ သဘောထားဖြင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

Facebook