ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း၊ မတ္တရာမြို့ အနောက်ခြမ်း ဧရာဝတီမြစ်ဘေးက ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာမှာ ၁၀ ရက်တာအတွင်း သံဃာ ၃ ပါး နဲ့ကလေးငယ်တွေအပါအဝင်အရပ်သား ၁၄ ဦီး သေဆုံးခဲ့ရတယ်လို့သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူတွေဟာ ဝေါစုကျေးရွာနဲ့ မြွေတလှိုင်းကျေးရွာတို့က ဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
သေဆုံးသူ ၁၄ ဦီးအနက် ၁၂ ဦးဟာ ဝေါစုကျေးရွာက ဖြစ်ပါတယ်။
အောက်တိုဘာလ ၁၁ ရက် နေ့ခင်းပိုင်း ၁ နာရီခွဲအချိန်က ဝေါစုရွာ လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာ ၃ ပါး၊ ကလေး ၁ ဦး အပါအဝင် အရပ်သား ၁၂ ဦးသေဆုံးခဲ့ရပါတယ်။
တိုက်ခိုက်ခံရတဲ့နေရာဟာ ဝေါစုကျေးရွာက စစ်ရှောင် အရပ်သားတွေ နေထိုင်ရာစခန်း ဖြစ်တယ်လို့ မန္တလေး PDF က အသိပေးပါတယ်။
အောက်တိုဘာလ ၂၁ ရက်ကလည်း မြွေတလှိုင်းကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ရာမှာ အသက် ၂၈ နှစ်အရွယ်မိခင်နဲ့ ၁ နှစ်ခွဲအရွယ် ကလေးငယ်တို့ သေဆုံးခဲ့ရပါတယ်။
သားအမိ ၂ ဦးဟာ စစ်ကောင်စီ လေတပ်တိုက်ခိုက်ရေးရဟတ်ယာဉ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာလို့ မတ္တရာမြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကို စောင့်ကြည့်နေတဲ့ ဝက်လက်သတင်းအချက်အလက်အဖွဲ့ က ထုတ်ပြန်ထားပါတယ်။
မတ္တရာနယ်ကို တိုက်ခိုက်တဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေက မန္တလေးတိုင်း တံတားဦးလေတပ်နဲ့ မိတ္ထီလာလေတပ်စခန်းတွေက တက်လာကြတာလို့ ဝက်လက်သတင်းအချက်အလက်အဖွဲ့က အသိပေးပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ခံနေရတဲ့ မတ္တရာနယ်ဟာ စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့ နန်းတွင်းနဲ့ ဆိုရင် မိုင် ၅၀ ကျော်သာဝေးပါတယ်။
စစ်ကောင်စီတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာနေရာနဲ့ မိုင် ၅၀ ကျော်ပတ်ချာလည်ရှိတဲ့ မတ္တရာနယ်က တပ်စခန်း ၃၅ ခုကိုသိမ်းယူထားပြီး ဖြစ်တယ်လို့ မန္တလေး PDF က ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းသတင်းထုတ်ပြန်ဖူးပါတယ်။
စစ်ကောင်စီတပ်ဟာ လက်လွှတ်လိုက်ရတဲ့ မတ္တရာနယ်က စခန်းတွေကို ပြန်ရဖို့ ဝေဟင်က လေကြောင်းတိုက်ခိုက်သလို မြေပြင်ကလည်း ခြေလျင်တပ်တွေနဲ့ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာပါ။
ဒါကြောင့်မတ္တရာနယ်မှာ တိုက်ပွဲတွေ နေစဉ်နီးပါး ဖြစ်ပွားနေတယ်လို့လည်း မန္တလေး PDF က ပြီးခဲ့တဲ့ ရက်ပိုင်းက အသိပေးထားပါတယ်။
