close
Connect with us

Hi, what are you looking for?

ဆောင်းပါး

အာဏာရှင်​ဟောင်းနားရွက် တ​​​​တွေးစွတ်လိုက်တဲ့ အာဏာရှင်လက်သစ်

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမက်ဖြစ်တဲ့ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၂၅ ရက်မှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။

ဇေ​အောင်/People’s Spring

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမက်ဖြစ်တဲ့ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၂၅ ရက်မှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ လက်ချင်းရိုက်ထားတဲ့ ဇာတ်ကွက်​တွေမဟုတ်ဘူးဆိုရင်​တော့ အာဏာရှင်​ဟောင်းရဲ့မိသားစုဝင်ကို အာဏာရှင်လက်သစ်က အ​ရေးယူလိုက်တာဖြစ်ပါတယ်။

ဒေါက်တာနေစိုးမောင်ဟာ သူ့ရဲ့ Dr Nay Soe Maung ​ဖေစ်ဘွခ်အကောင့်ကနေ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မနေ့က (အောက်တိုဘာ ၂၄ ရက်) ညနေ ၆ နာရီခွဲမှာ မန္တလေးက ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ ဖမ်းဆီးအရေးယူလိုက်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဒေါက်တာနေစိုးမောင်ဟာ စစ်တပ်က အာဏာသိမ်းပြီးတစ်ပတ်ပြည့်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တုန်းကလည်း လမ်းပေါ်ထွက်ပြီး အာဏာသိမ်းတာကိုလက်မခံတဲ့အကြောင်း ဆန္ဒပြခဲ့ဖူးပါတယ်။ အာဏာသိမ်းကာလမှာသူ့ရဲ့Facebook အကောင့်ကနေ စစ်ကောင်စီကို မကြာခဏ ဝေဖန်ခဲ့ဖူးတယ်။

Public Service Announcement

Public Service Announcement

ဒေါက်တာနေစိုးမောင်ဟာ အောက်တိုဘာ ၇ ရက်နေ့က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ချိန် သူ့ရဲ့ ​ဖေစ်ဘွခ်ကနေ Post တစ်ခု ရေးသားခဲ့ပါတယ်။

“ခံစားချက်တွေပြင်းထန်လွန်းလို့ မျက်ရည်ကျမိပါတယ်။ကိုယ့်ပြည်သူတွေအတွက်၊ ကိုယ့်တာဝန်ယူတဲ့ဒေသ တိုးတက်အောင် အားကြိုးမန်တက် ဆောင်ရွက်ပေးခဲ့ပေမဲ့ ဆရာ နေမကောင်းတဲ့ ကာလမှာ ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ရပါတယ် ဆရာ။ မြင့်မြတ်တဲ့ဘုံမှာ အေးချမ်းစွာလဲလျောင်းလို့ အိပ်စက် အနားယူပါတော့ ဆရာ။ နောင်ဘဝမှာ လူဖြစ်ခဲ့လျှင် လွတ်လပ် တရားမျှတပြီး လူကို လူလို ဆက်ဆံတဲဲ့ နိုင်ငံမှာလူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကိုဆက်လက်သယ်ပိုးပေးနိုင်ပါစေဆရာ။”လို့ ရေးသားခဲ့တာပါ။

နောက်ထပ် ၂ ရက်အကြာ အောက်တိုဘာ ၉ ရက်နေ့မှာလည်း ဒေါက်တာနေစိုးမောင်ဟာ ကျူံးဘေးမှာ ရိုက်ကူးထားတဲ့သူ့ပုံတွေနဲ့အတူ Post တစ်ခု ထပ်တင်ပြန်ပါတယ်။

“လေးစားသမှုနဲ့ ဂါဝရပြုအပ်ပါတယ်။ ဆရာ့လက်ထက်မှာ ပြည်သူတွေကို ပျော်ရွှင်အောင်ထားနိုင်ခဲ့သလို မန္တလေးသူ မန္တလေးသားတွေကိုလည်းစိတ်အား တက်ကြွစေခဲ့တဲ့ မန္တလေးမြို့ကြီးကို Smart City ဖြစ်စေဖို့ ကြိုးစားခဲ့တဲ့ ဆရာ့ကို လေးစားပါတယ်။ မန္တလေးရောက်ရင် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကျုံးပတ်လမ်း မှာ လမ်းလျောက်စက်ဘီးစီးတိုင်း ဆရာနဲ့ မြို့တော်ဝန် တို့ရဲ့ လက်ရာတွေကို ရင်သတ်ရှုမောတွေ့ရပါတယ်ဆရာ။ ပြည်သူတွေအတွက် စွမ်းဆောင်ချက်တွေကို အမှတ်ရပြီး ဂါဝရပြုလိုက်ပါတယ်…. ဆရာ မြင့်မြတ်သောဘုံမှာ စံစားနိုင်ပါစေ။”လို့ ထပ်ရေးခဲ့တာပါ။

ဒေါက်တာနေစိုးမောင်ဟာ ဦးသန်းရွှေရဲ့ ခြောက်ယောက်မြောက် သမီး ကြည်ကြည်ရွှေ(ခ)မဩရဲ့ခင်ပွန်းဖြစ်ပါတယ်။ ဦးသန်းရွှေရဲ့အချစ်ဆုံး မြေးတစ်ယောက်​ဖြစ်တဲ့ နေရွှေသွေးအောင် (ခ)ဖိုးလပြည့်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။

ဒေါက်တာနေစိုးမောင်ဟာ၁၉၅၆ ခုနှစ်မှာ ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်မြို့မှာမွေးဖွားခဲ့ပါတယ်။

ဆေးတက္ကသိုလ်(၁)​ MBBS ဘွဲ့ရတယ်။

ပြည်သူ့ကျန်းမာရေးနဲ့ သြစတေးလျကနေ ဘွဲ့ယူခဲ့တယ်။ သူ့ဖခင်ကလ​ည်း ဦးနေဝင်းရဲ့တစ်ပါတီအာဏာရှင်စနစ် မဆလ​ လက်ထက်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ဗိုလ်ချုပ်တင်စိန် (ငြိမ်း) ပါ။ ဒေါက်တာနေစိုးမောင်ဟာ စစ်ဆေးတက္ကသိုလ်မှာ ဆရာအဖြစ်လုပ်ခဲ့တယ်။ ဌာနမှုး၊ ဒုတိယဗိုလ်မှူးကြီးဘဝကနေ အငြိမ်းစားယူခဲ့တယ်။ အဲဒီနောက် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာ ပါမောက္ခချုပ်လည်း ဝင်လုပ်ခဲ့ဖူးတယ်။

ဒေါက်တာနေစိုးမောင်ရဲ့ အလှူအတန်းတွေ၊ ပရိဟတခရီးစဥ်တွေ၊ ဆေးဝါးကုသမှုတွေကို သူ့ရဲ့​ဖေစ်ဘွခ် အကောင့်မှာ မကြာခဏ မြင်တွေ့ရတတ်တယ်။

အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက Mizzima မီဒီယာရဲ့ရုပ်သံအင်တာဗျူးမှာ သူ့မိသားစုနဲ့ သူ့ရပ်တည်မှုတွေအကြောင်း ပြောပြခဲ့တာတွေ့ရတယ်။

၂၀၁၅ ကော ၂၀၂၀ မှာ NLD ကို မဲပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုဖူးတယ်။ ဖေ့ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ရေးသားနေတာတွေနဲ့ပတ်သက်ပြီး နိုင်ငံကောင်းဖို့ရေးနေတာလို့သူက ခံယူထားတယ်လို့ ဆိုပါတယ်။

“ဆရာက မြင်လို့ရှိရင် မြင်တဲ့အတိုင်းပြောတတ်တယ်။ အထူးသဖြင့် အားနည်းသူဘက်က အနှိမ်ခံဘက်က လိုက်ပြောတတ်တယ်။”လို့ သူက ဆိုပါတယ်။

ဒါ​ပေမယ့် စစ်တပ်နဲ့ အာဏာရှင် ဦးသန်း​ရွှေတို့နဲ့ပတ်သက်ရင် အ​ကောင်း​ပြောတာများပါတယ်။

စစ်တပ်ဟာ နိုင်ငံတစ်ခုအတွက် မရှိမဖြစ်တဲ့အဖွဲ့အစည်းလို့ သူကဆိုပါတယ်။ ယောက္ခမဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်းကိုလည်း အဲဒီ အင်တာဗျူးမှာ အကောင်းဘက်ကနေ ဖြေကြားသွားတာတွေ့ရပါတယ်။

ယောက္ခမဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အနားယူပြီးနောက်ပိုင်း အုပ်ချုပ်ရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်လေ့မရှိဘူးလို့ သူကဆိုပါတယ်။

မြေသိမ်းယာသိမ်းကိစ္စတွေကအစ အမြင်မတော်တာတွေ ယောက္ခမဖြစ်သူကို ပြောပြလေ့ရှိတော့ အိမ်သားတွေကအစ ဒေါက်တာနေစိုးမောင်ကို ဦးသန်းရွှေကို ခေါင်းကိုက်အောင်လုပ်တဲ့သူအဖြစ် ပြောတတ်တယ်လို့ သူကဖြေခဲ့တယ်။

အဲဒီနောက် သူတို့လင်မယားချင်း အိမ်ထောင်ရေးပြဿနာတွေလည်း ရှိလာတော့ ဒေါက်တာနေစိုးမောင်ဟာ ဦးသန်းရွှေရဲ့ အိမ်တော်ပေါ်ကနေ ဆင်းသွားခဲ့ပါတယ်။

ဒါပေမယ့် ဦးသန်းရွှေ အနားယူပြီးနောက်မှာတော့ ဇနီးဖြစ်သူ ကျန်းမာရေးမကောင်းတာရယ်၊ ယောက္ခမကို စောင့်ရှောက်ဖို့လိုအပ်တာရယ်ကြောင့် ပြန်လည်ပေါင်းစည်းခဲ့တယ်လို့ ဒေါက်တာနေစိုးမောင်က ဆိုပါတယ်။

“ဆရာဘာအခွင့်အရေးမှလည်း မယူခဲ့ဘူး။ ဆရာခရိုနီမဟုတ်ဘူး။ ဆရာလက်မထောင်ရဲတယ်။”လို့ သူကဆိုပါတယ်။

သူ့ယောက္ခမက “သူ(ဦးသန်းရွှေ) အနားမယူခင် ဆယ်နှစ်လောက်ကတည်းက ပြောတယ်။ အာဏာဆိုတာ ယစ်မူးတတ်တယ်။ စွန့်ဖို့ခက်ခဲတယ်တဲ့။” လို့ ဒေါက်တာနေစိုးမောင်က ဆိုပါတယ်။

ဒေါက်တာနေစိုးမောင်ဟာ စွန့်စားတာဝါသနာပါတယ်။ တောင်တက်၊ ရေငုပ်၊ လေထီးခုန်တာတွေ သူသဘောကျတယ်။ စက်ဘီးလည်းစီးတယ်။ စာရေးတာလည်း သူဝါသနာပါတယ်။ စာရေးဆရာတွေ၊ အနုပညာရှင်တွေနဲ့လည်း ရင်းနှီးတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ပြန်ကြား​ရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်တပ်က ဖမ်းဆီးစဥ်ကလည်း ဒေါက်တာနေစိုးမောင်ကိုပါ ဖမ်းဆီးဖို့ စစ်​ကောင်စီလော်ဘီတွေက လှုံ့ဆော်ခဲ့ကြဖူးတယ်။

ဒါပေမယ့် အခုတော့ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ပေါ်ပေါ်တင်တင်ပဲ ခဏလိုက်ခဲ့ပါဦးဆိုပြီး ကားပေါ်ခေါ်တင်သွားခဲ့တယ်လို့ဆိုပါတယ်။ဒါ​ပေမယ့် စစ်အာဏာရှင်​တွေဟာ ​ကောက်ကျစ်စဥ်းလဲ ဉာဏ်များ​လေ့ရှိတာ​ကြောင့် ဒီဖြစ်ရပ်အ​ပေါ် ပြည်သူ​တွေတချို့က ဇာတ်လမ်းဆင်တာလို့ယူဆပြီး သံသယနဲ့ ​ကြည့်​နေကြပါတယ် ။

ဒါ​ကြောင့် ပြန်ဝန်​ဟောင်း ဦးရဲထွဋ် အဖမ်းခံရတာ​ရော ၊အခု ​ဒေါက်တာ​နေစိုး​မောင်အဖမ်းခံတာကို​ရော တကယ်လား ၊စစ်အုပ်စုရဲ့ မာယာလားလို့သံသယဝင်​နေသူအများအပြားရှိ​နေဆဲပါ။

အောက်တိုဘာလလယ်ပိုင်းမှာ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးတယ်၊ ခံဝန်နဲ့ပြန်လွှတ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် ဒီတကြိမ်မှာတော့ စစ်​ကောင်စီကိုယ်တိုင်က ဖမ်းဆီးထားပြီဖြစ်တယ်လို့ တရားဝင်အသိပေးလာခဲ့တာပါ။

စစ်ကောင်စီဟာ ထုံးစံအတိုင်း ဒေါက်တာနေစိုးမောင်ကို သူတို့လက်ထဲရှိတဲ့ဥပဒေတွေနဲ့အရေးယူဖို့ပြင်ဆင်နေပြီး ပိုင်ဆိုင်မှုတွေပါ သိမ်းလို့ရတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ခြိမ်းခြောက်ထားပါ​သေးတယ်။

တကယ်​တော့ စစ်အာဏာရှင်​တွေဟာ အရင်ကလည်း အာဏာရှင်​ဟောင်းကို အာဏာရှင်လက်သစ်​တွေကအ​ရေးယူဖူးတဲ့အစဥ်အလာရှိပါတယ်။

ဦးသန်း​ရွှေကိုယ်တိုင် ၂၀၀၂ ခုနှစ် မတ်လတုန်းက အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ သားမက်၊ သား​တွေကို အာဏာသိမ်းရန် ကြံစည်မှု၊ တပ်တွင်း သွေးခွဲ၍ ပဋိပက္ခဖြစ်စေရန် လှုပ်ရှားလုပ်ကိုင်မှု​တွေ​ကြောင့်ဆိုပြီး သေဒဏ်ချမှတ်ခဲ့ဖူးပါတယ်။ ဦး​​နေဝင်းရဲ့သမီး ​ဒေါ်စန္ဒာဝင်းကို ​နေအိမ်အကျယ်ချုပ်ချခဲ့တာပါ။

ဒါ​ကြောင့် အခုတခါ အာဏာရှင်​ဟောင်းဦးသန်း​ရွှေ သားမက်ကို အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က အ​ရေးယူတာဟာ ဝဋ်လည်တာလို့ ပြည်သူအချို့က​ပြောပါတယ်။

“ဒင်းတို့ဝဋ်လည်တာ ငါတို့နှင့်မဆိုင်။ ငါတို့အလုပ် ငါတို့ဆက်လုပ်မယ်”လို့ ပြည်သူတဦးက​ ပြောပါတယ်။

တကယ်​တော့ အာဏာရှင်​ဟောင်းဦးသန်း​ရွှေဟာ အာဏာရှင်လက်သစ်ကို လွန်ခဲ့တဲ့ ၂ လ​ကျော်ကပဲကူညီ​​ပေးခဲ့သူပါ ။ နှစ်​ပေါင်းများစွာလူမြင်ကွင်းက​ပျောက်​နေတဲ့ အာဏာရှင်း​ဟောင်းဟာ ၂၀၂၄ သြဂုတ် ၁၅ ရက်မှာ လူမြင်ကွင်းမှာ ပြန်​ပေါ်ထွက်လာပါတယ်။

တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝန်ယိ​နေပြည်​တော်ခရီးစဥ်မှာ အာဏာရှင်​​ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေက “မြန်မာနိုင်ငံ၏ ပြည်ပဝင်ရောက်စွက်ဖက်မှု ကာကွယ်ရေး နှင့် ပြည်တွင်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရေးတွင် ကူညီပေးရန်အတွက် တရုတ်နိုင်ငံက တန်ဖိုးရှိသော ထောက်ခံအားပေးမှုများ ဆက်လက်ထောက်ပံ့သွားရန် မျှော်လင့်ကြောင်း”ဆိုပြီး စစ်အာဏာရှင်စနစ်ကို တရုတ်အစိုးရကဆက်ခံထောက်ဖို့ ​ပြောခဲ့ပါတယ် ။

အဲလို​ပြောပြီး နှစ်လအကြာမှာပဲ အာဏာရှင်လက်သစ်က​ကျေးဇူးဆပ်တာပါ ။ဒါအပြင် မင်း​အောင်လှိုင်ဟာ ဦးသန်း​ရွှေအပါအဝင် ၊ဦး​မောင်​အေး ၊ဦးသိန်းစိန်တို့ကိုလည်း သူတို့​နေအိမ်​တွေကို အနီးကပ်​စောင့်ကြည့်ခိုင်းထားတယ်လို့ ဒီနှစ်ထဲမှာသတင်း​တွေထွက်ခဲ့ပါတယ်။

တကယ်​တော့ ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေဟာ ၂၀၁၁ အနားမယူခင်မှာ ဗိုလ်ချုပ်ကြီး​ရွှေမန်းကို​ကျော်ပြီး မင်း​အောင်လှိုင်ကို တပ်ချုပ်ရာထူး​ပေးခဲ့သူလည်းဖြစ်ပါတယ်။ ဒါ​ကြောင့် မင်း​အောင်လှိုင်ကို စစ်အာဏာရှင် ဖြစ်​အောင်လုပ်​ပေးလိုက်သူဟာ ဦးသန်း​ရွှေကိုယ်တိုင်ပါပဲ။

ဗိုလ်ချုပ်နေဝင်း ၊ ဗိုလ်ချုပ်မှူးကြီးသန်း​​ရွှေ ၊ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်တို့အားလုံးတူညီတာဟာ တိုင်းပြည်ကို ဖျက်ဆီးပြီး ၊ပြည်သူ​များစွာရဲ့အသက်​တွေကို​သေ​စေခဲ့တဲ့စစ်ရာဇဝတ်သား​တွေချည်းပဲဖြစ်ပါတယ် ။ဒါ​ပေမယ့် အာဏာသိမ်းပြီး ၃ နှစ်​ကျော်အတွင်းမှာပဲ တိုင်းပြည်ကို မီးဟုန်းဟုန်း​တောက်​စေပြီး ဆင်းရဲမွဲ​တေမှု​ထောင်​ချောက် ၊အဆုံးမဲ့​​နေဆဲ စစ်ပွဲ​တွေကိုဖန်တီးခဲ့တဲ့ မင်း​အောင်လှိုင်က​တော့ ​ရှေ့က သူ့ဆရာ နှစ်​ယောက်ထက် အဖျက်စွမ်းအားပိုကြီးပါတယ်။

ဒါ​ကြောင့် သူတို့အသိုင်းအဝိုင်းအတွင်းဖြစ်တာ​တွေဟာ အမှန်လား ၊အာရုံ​​ပြောင်းတဲ့ လှည့်ကွက်​တွေလားဆိုပြီး ပြည်သူ​တွေက​တော့သတိထားကြည့်​နေကြပါတယ်။

ဒါအပြင် မင်း​အောင်လှိုင်ဟာ အာဏာသိမ်း​ဖော် သိမ်းဖက် ​တွေ ၊သူ့ရဲ့လက်​အောက် ငယ်သား​တွေကိုလည်း သူ့အာဏာထိပါးလာနိုင်ရင် မညှာသလို ၊အပစ်ပုံချဖို့လည်း ဝန်မ​လေးသူဖြစ်ပါတယ် ။အာဏာအတူသိမ်းခဲ့ကြတဲ့အထဲက ပြည်ထဲ​ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ၊ သူအားထားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တို့အပါအဝင် စစ်ဗိုလ်ချုပ်​တွေကို ​ထောင်သွင်းအကျဥ်းချဖို့လည်း လက်မရွံ့သူပါ။

ဒါ​ကြောင့် ပြည်သူ တစ်ဦးက “သူ့ရဲ့အကြပ်တည်းထွက်ပေါက်အသုံးချနိုင်ငံရေး လှည့်ကွက်အာရုံပြောင်းတာ” လို့ သုံးသပ်ပါတယ်။

အခြားပြည်သူတဦးကလည်း “အာဏာရှင်ဆိုတာ လုပ်ခြင်ရာလုပ်မှာပဲ အလှည့်ကျရင်တော့ မနွဲ့စတမ်းပေါ့” လို့​ မှတ်ချက်ပြုပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တာကြောင့် ဖမ်းဆီးလိုက်ပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်ကစ၍ စစ်​ကောင်စီ တစ်ဖွဲ့လုံး ​ရေ​ဘေးနှင့် ပတ်သက်၍ မည်သို့ ​ဆောင်ရွက်​နေ ​ကြောင်း စစ်​ကောင်စီမီဒီယာများနှင့် စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ​​နေ့စဥ်အများအပြားဖော်ပြ​နေ​သော်လည်း People's Springက ​ရေ​ဘေးသင့် ​ဒေသများမှ ပြည်သူ ၂၀ ​ကျော်ကို ကျပန်းဆက်သွယ်​မေးမြန်းရာ စက်တင်ဘာ ၂၂ ရက်အထိ စစ်​ကောင်စီ​ပေး​သောအကူအညီ...

အတွေးအမြင်

စစ်​ကောင်စီသည်​ရေ​ဘေးကြိုတင်ကာကွယ်ရန်သတိမ​ပေးသလို၊ပြည်သူများ၏အသက်ကယ်တင်နိုင်ရန် အ​ရေး​ပေါ်ကယ်ဆယ်​ရေးကိုလည်းမလုပ်​ပါ။

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် ယ​နေ့ (စက်တင်ဘာ၄) ကရင်နီပြည် ၊လွိုင်​ကော်မြို့သို့လာ​ရောက်စဥ် ကရင်နီအမျိုးသားများကာကွယ်​ရေးတပ် (KNDF)က ၁၂၀ မမဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက အတည်ပြု​ပြောကြားသည်။