အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာစခန်းကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့နေ၍ ကျေးရွာ ၆ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
ဒေသကာကွယ်ရေးအဖွဲ့များ သိမ်းပိုက်ထားသည့် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာ စစ်ကောင်စီစခန်းကို အောက်တိုဘာ ၂၁ ရက်တွင် အင်အား ၁၅၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းက လေကြောင်းပစ်ကူများဖြင့် ပြန်လည်ဝင်ရောက်ထိန်းချုပ်ခဲ့သည်။

Public Service Announcement
ထို့နောက် ကျေးရွာအတွင်းရှိ ပြည်သူ ၂၀ ထက်နည်း ဖမ်းဆီးနှိပ်စက်ခံထားရပြီး နေအိမ်အချို့ပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် အနီးရှိ ကျေးရွာများကိုပါ စစ်ကြောင်းထိုး မီးရှို့နေ၍ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
“၆ ရွာလောက် အကုန်ထွက်ပြေးနေရတယ်။ တစ်ရွာလုံးဘယ်သူမှမနေရဲကြတော့ဘူး။ ရွာထဲက ကုန်စုံဆိုင်ကိုလည်း စစ်သားတွေဝင်ဖောက်ပြီး ဆန်တွေ၊ဆီတွေ ကုန်ပစ္စည်းတွေ အကုန် ကားနဲ့ လာတင်သွားတယ်။”ဟု ငါန်းမြာကြီးရွာအနီးရှိ ကျေးရွာတစ်ရွာမှ ပြည်သူတစ်ဦးက ပြောသည်။
ယနေ့(အောက်တိုဘာ ၂၆ရက်) နံနက်ပိုင်းတွင်လည်း စစ်ကောင်စီစစ်ကြောင်းက ငါန်းဇွန်မြို့နယ် ရဲပတိုင်းရွာကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆ လုံး မီးလောင်ပျက်စီးပြီး ပြည်သူ သုံးဦးလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ယမန်နေ့က သားကျင်ရွာ၊ မြေတိုင်းရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ငါန်းမြာကြီးကျေးရွာစခန်းကို ကာကွယ်ရေးအဖွဲ့များက သြဂုတ် ၁၉ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီကလည်း စက်တင်ဘာအတွင်းမှစ၍ ငါန်းမြာကြီးကျေးရွာစခန်းကို ပြန်လည်ရရှိရန် တိုက်စစ်ဆင်ခဲ့ရာ စက်တင်ဘာလ ၂၀ ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူ ၁၄ ဦး သေဆုံးခဲ့သေးသည်။
