လူအေး/People’s Spring
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကရင်နယ်ခြားစောင့်တပ်(BGF)၏ကားတစ်စီးသည် ဆိုင်ကယ်တစ်စီးတိုက်မိရာ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ယာဉ်မောင်းမှာ မောင်းနင်ထွက်ပြေးသွားကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။
မြဝတီမြို့ အာရှလမ်းမပေါ်တွင် ယနေ့ (အောက်တိုဘာ၂၆ရက်) နံနက် ၁၁နာရီခန့်က အထက်ပါဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
” မောင်းလာသူက မိန်းကလေး။ BGF ကားက အရှိန်များတယ်။ တိုက်ပြီး ဆွဲချသလိုဖြစ်တာ။ ချက်ချင်းရပ်ရင် မသေလောက်ဘူး။ မရပ်ဘဲ ဆက်မောင်းလို့ ကလေးတွေသေဆုံးတာ”ဟု အခင်းဖြစ်စဥ်က်ို မျက်မြင်တွေ့သူတစ်ဦးကပြောသည်။
ယာဉ်တိုက်မိ၍ အသက်(၁၃)နှစ်အရွယ် ယောက်ျားလေးနှင့် (၂၀)ခန့်အရွယ် မိန်းကလေး သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။
“မောင်နှမတွေ ဖြစ်မယ်။ ဆေးရုံတော့ ပို့ကြပေမယ့် မရတော့တာ။ BGFကားတွေက တော်တော် လေး စည်းကမ်းမဲ့တယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။
ကရင်နယ်ခြားစောင့်တပ်(BGF)သည် ယခင်က စစ်ကောင်စီလက်အောက်ခံဖြစ်သော်လည်း ယခုနှစ် ဇန်နဝါရီလမှစ၍ စစ်ကောင်စီလစာနှင့်ထောက်ပံ့မှူများ မယူတော့ဘဲ သီးခြားရပ်တည်ပြီဖြစ်ကြောင်းအသိပေးခဲ့သည်။ ထိုအပြင်
BGF တပ်ဖွဲ့ဝင်အားလုံး ကရင်အမျိုးသားတပ်မတော် (Karen National Army-KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်ဟု ကြေညာထားသည်။ သို့သော် လက်ရှိအချိန်အထိ ပြောင်းလဲခြင်းမရှိသေးသလို စစ်ကောင်စီနှင့်လည်း ဆက်ဆံမှုရှိနေသည်။
ယခုဖြစ်စဥ်နှင့်ပတ်သက်၍ BGFထံဆက်သွယ်မေးသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
BGFသည် မြဝတီမြို့အား ထိန်းချုပ်ထားသည့် အဖွဲ့ဖြစ်၍ ယခုလူနှစ်ဦးသေဆုံးမှုအတွက် ရဲတပ်ဖွဲ့ကလည်း အပြည့်အဝကိုင်တွယ်နိုင် မည်ဟု မယုံကြည်ကြောင်း မြို့ခံအချို့က ပြောသည်။
အမှုနှင့်ပတ်သက်၍ မြဝတီမြို့နယ်ရဲတပ်ဖွဲ့မူရုံးထံ ဖုန်းဆက်သွယ်သော်လည်း ဖုန်းကိုင်ဆောင်ခြင်းမရှိပေ။
