လူအေး/People’s Spring
တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာ၂၇ရက်) နံနက် ၇နာရီခွဲခန့်တွင် လေကြောင်းမှ တိုက်ခိုက်သွားသည်။
စစ်ကောင်စီလေယာဉ်ဝဲပြီးနောက် ပေါက်ကွဲသံသုံးကြိမ်ကြားရပြီး မည်သည့်နေရာတိုက်ခိုက်ခံရသည်ကို မသိရသေးကြောင်း မြို့ခံအချို့ကပြောသည်။

Public Service Announcement
“ဗုံးကြဲလေယာဉ်တွေ ခေါက်တုံ့ခေါက်ပြန် ဆက်ဝဲနေတယ်။ အပြင်ကိုဘယ်သူမှမထွက်ရဲပါဘူး။ ပေါက်ကွဲသံရော ပစ်ခတ်သံပါ ကြားရတာပါ”ဟု နမ့်ခမ်းမြို့ ညဈေးအနီးနေသူတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုကို မသိရသေးပေ။
ပြီးခဲ့သည့် စက်တင်ဘာ ၆ရက် နံနက်ကလည်း ပထမဆုံးအကြိမ် နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်ကလေးငယ်အချို့အပါအဝင် ဒေသခံ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့သည်။
ယနေ့သည် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖော် ဆောင်ခဲ့သည့်၁၀၂၇စစ်ဆင်ရေး (၁)နှစ်ပြည့်ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် လောက်ကိုင်မြို့ကိုလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
