လူအေး/People’s Spring
ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က ကျားခဲကျေးရွာမှ အမျိုးသားလေးဦး မီးရှို့သတ်ဖြတ်ပြီး နောက်ထပ် ခုနစ်ဦးလည်း ပျောက်ဆုံးနေကြောင်း ဒေသခံအချို့က ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျားခဲကျေးရွာကို ယနေ့(အောက်တိုဘာ ၂၆ရက်) နံနက်အစောပိုင်းက ဝင်ရောက်လာပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Public Service Announcement
” လေးယောက်ကို မီးရှို့သတ်ဖြတ်သွားတယ်။ ရုပ်အလောင်းတွေကို တွေ့ရပါတယ်။ ခုနစ်ယောက်လည်းပျောက်နေပါတယ်။ စစ်ကြောင်းမှာက ၅၃ယောက်ပါတယ်ဗျ။ အခု ဖြစ်တာ အရပ်သားတွေချည်းပါပဲ”ဟု ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
သတ်ဖြတ်ခံရသူများနှင့် ပျောက်ဆုံးနေသူများ၏ သတင်းအချက်အလက်ကို အသေးစိတ်မသိရှိရသေးပေ။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျားခဲရွာအနီးပတ်ဝန်းကျင်၌ ရှိနေပြီး စစ်ရေးအခြေအနေ တင်းမာနေကြောင်းလည်းသိရသည်။
” ရွာကနေ ပြန်ထွက်တဲ့အချိန်မှာ မိုင်းမိပြီး ထမ်းစင်နဲ့ သုံးယောက်တင်သွားတာ ရှိတယ်။ စစ်ကြောင်းကရွာနဲ့မလှမ်းမကမ်းမှာပဲရှိနေသေးတယ်”ဟု ထီးလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
မကွေးတိုင်း၊ ယောဒေသမှ ထီးလင်းမြို့အပါအဝင် ဂန့် ဂေါခရိုင်အတွင်းမြို့နယ်များကို စစ်ကောင်စီက အောက်တိုဘာလဆန်းမှစ၍ စစ်ကြောင်းထိုးနေပြီး လေကြောင်းမှလည်းတိုက်ခိုက်နေသည်။
အောက်တိုဘာ ၂၂ရက်က ထီးလင်းမြို့နယ်၊အိုင်းမကျေးရွာနှင့်ချောင်းပေါက်လမ်းဆုံကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာဒေသခံတစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။
ထို့အပြင် အောက်တိုဘာ၂၄ရက်နှင့် ၂၅ရက်ကလည်း ဂန့်ဂေါမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
