close
Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်တွင် စစ်​ကြောင်းထိုး​နေ​သောစစ်တပ် ​ပြည်သူများကို အဓမ္မပြုကျင့်သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်မှုများဆက်တိုက်ကျူးလွန်​နေ

ကျေးရွာ ၂၀ ခန့်မှ ဒေသခံပြည်သူငါးသောင်းခန့် စစ်ဘေးရှောင်နေကြရ

စစ်တပ်က ပြည်သူ ၆ ဦးကို ခန္ဒာကိုယ်အစိတ်အပိုင်းများဖြတ်​တောက်သတ်ဖြတ်ခဲ့​သော စီပါရွာမှ ​နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ- CJ

လူအေး ၊​ဇေ​အောင် /People’s Spring

ဘုတလင်မြို့နယ်တွင်ရောက်ရှိနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကအမျိုးသမီးများအားအဓမ္မပြုကျင့်သတ်ဖြတ်ခြင်းအပါအဝင် ​ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ပြီး လူအစုလိုက်အပြုန်လိုက်သတ်ဖြတ်မှုများကျူးလွန်နေကြောင်း ဒေသခံများကပြောသည်။

မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှအင်အား၁၀၀ခန့်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းသည် အောက်တိုဘာလ၆ရက်နေ့မှစ၍ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုး အကြမ်းဖက်နေခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် အောက်တိုဘာ ၁၂ ရက် နံနက်အစောပိုင်း ကဘုတလင်မြို့ ဗန္ဓုလကွက်သစ်ရပ်ကွက်နှင့် မြောက်ပြင်ရပ်ကို စီးနင်းတိုက်ခိုက်ကာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူရှစ်ဦးကိုသတ်ဖြတ်ခဲ့သည်။ထို​နောက် အောက်တိုဘာ ၁၃ ရက် မနက်အစောပိုင်းတွင်လည်း မြောက်ကျီကျေးရွာကို ဝင်ရောက်ကာ အသက်၃၀ကျော်အရွယ်အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံ၇ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဟု ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

“မိန်းမငယ်အချို့ကို အဓမ္မပြုကျင့်ပြီးမှ သတ်ဖြတ်သွားတဲ့ပုံစံတွေ့ရပါတယ်။ တကယ့်ကို ရက်ရက်စက်စက် ကျူးလွန်မှုတွေပါ။ စစ်တိုက်ဖို့လာတာမဟုတ်ပါဘူး။ အရပ်သားတွေကို ရက်ရက်စက်စက်သတ်ဖြတ်ဖို့လာတဲ့စစ်ကြောင်းပါ”ဟု ဒေသခံတဦးကပြောသည်။

ထိုအပြင် အဆိုပါစစ်ကြောင်းသည် ဘုတလင်မြို့အပါအဝင် ကျောက်အိုးရွာ၊မြောက်ကျီရွာ၊တတ်လှိုင်းရွာ၊စီပါကျေးရွာ၊ဆည်ဝကျေးရွာ နှင့် စိုင်ပြင်လေး ရွာ များအား စစ်ကြောင်းထိုးစဥ် အသက် ၇ နှစ်ခန့် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂၀ ထက်မနည်း သတ်ဖြတ်ခဲ့သည်။ဒေသခံအမျိူးသမီးများ အား အဓမ္မ ပြုကျင့်ကာသတ်ဖြတ်ခဲ့ပြီး အမျိုးသားများအားလည်းကိုယ်လက်အစိတ်အပိုင်းများဖြတ်၍ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံတဦးကပြောသည်။

အောက်တိုဘာလ ၁၇ ရက်(သီတင်းကျွတ်လပြည့်​နေ့)က စီပါရွာတွင် ညအိပ်ခဲ့သည့် အဆိုပါစစ်ကြောင်းသည် ရွာမှ အိမ် ခြေနှစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အောက်တိုဘာလ ၁၈ ရက်တွင် ဒေသခံပြည်သူ ၆ဦးကို ဦးခေါင်းနှင့်ကိုယ်လက်အင်္ဂါများအား ဖြတ်တောက်သတ်ဖြတ်ခဲ့သည်ဟု ​ဒေသခံ များက​ပြောသည်။

“ခေါင်းဖြတ်သတ်ခံရတဲ့ ၃ဦးက တစ်ဦးက ၈၀ ဝန်းကျင်။ ကျန်၂ဦးကတော့ ၅၀ ဝန်းကျင်ပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျန်တစ်ဦး၏ အသက်အရွယ်ကိုမူ မသိရသေးပေ။

အသတ်ခံရသူများတွင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားနှစ်ဦးနှင့် အသက်၈၀ကျော်အရွယ်အမျိုးသားတစ်ဦးလည်း ပါဝင်ကြောင်း ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။

” စစ်ကြောင်းက ညက မီးရှို့သွားတာဆိုတော့ မရှိလောက်ဘူးဆိုပြီး ဝင်သွားတဲ့သူတွေကို ဖမ်းပြီး သတ်ပစ်တာ။ ပြီးတော့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေကို ခြံစည်းရိုးတိုင်တွေမှာ ချိတ်ထားခဲ့တာ။ လူတွေကြောက်အောင် ရက်ရက်စက်စက်လုပ်သွားတာ” ဟု ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

စီပါရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က သတ်ဖြတ်၍ ခေါင်းနှင့် ခန္ဒာကိုယ်အစိတ်အပိုင်းများဖြတ်​တောက်ထား​သော ရုပ်သံမှတ်တမ်းနှင့် ဓါတ်ပုံများ ကို People’s Springက ​ဒေသခံအချို့ထံမှရရှိထား​​​သော်လည်း​ဖော်ပြရန်မသင့်၍ ​ဖော်ပြနိုင်ခြင်းမရှိပါ။

စစ်ကြောင်းသည် ပြည်သူပိုင်နေအိမ်များအား မီးရှို့ ဖျက်ဆီး ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများရဲ့ ဆက်လက်ပြုလုပ်နေသောကြောင့် ဘုတလင်မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀ ခန့် မှ ဒေသခံပြည်သူငါးသောင်းခန့် စစ်ဘေးရှောင်နေကြရကြောင်း သတင်းရရှိသည်။

ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများမှာနေထိုင်ရေးခက်ခဲနေပြီး စားနပ်ရိက္ခါများလည်း လိုအပ်နေကြောင်း စစ်ရှောင်အရေး ကူညီနေသူများက ပြောသည်။

“တိမ်းရှောင်နေရတဲ့ ပြည်သူတွေက ဒီတိုင်းဖြစ်သလိုနေနေကြရတာပါ။ တောတွေ ထဲ။”ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းက ဘုတလင်မြို့နယ် ရှိ ကျေးရွာများမှ နေအိမ် ၃၅၀ ခန့် မီးရှို့ဖျက်ဆီးထားသည်။ ထို့အပြင် အမျိုးသမီးအများစုပါဝင်သည့် အရပ်သား ၇၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး စစ်ကြောင်း၏ရှေ့တွင်ထား၍ လူသားဒိုင်းလုပ်ကာ ကျေးရွာများအတွင်း စီးနင်းဝင်ရောက်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

အဆိုပါစစ်ကြောင်းသည်အောက်တိုဘာလ၂၀ရက်ညနေတွင် ဒန်းတိုင်ရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

ဘုတလင်မြို့တွင် စက်တင်ဘာ ၃၀ရက်က ကူတော်ရွာ ရဲကင်းစခန်းမှ ခမရ(၁၀၆) တပ်ရင်း၏ ဗိုလ်မှူးကျော်တင့် ဦးဆောင်သော ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ (၂၂၉)၊ နမခတိုင်းလက်အောက်ခံ ပူးပေါင်းအင်အား ၈၅ ဦးပါ စစ်ကြောင်းကို PDFပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားခဲ့သည်။ထို တိုက်ပွဲအတွင်း ဗိုလ်ကြီးနှစ်ဦးအပါအဝင် စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိကာ ၃၃ဦး သေဆုံးခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၅၆)လက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ဘုတလင်မြို့နယ်အတွင်းသို့ ကျေးရွာများသို့ ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ စီပါကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၆ ဦးအား ခန္ဓာကိုယ်အစိတ်အပိုင်းများအား အပိုင်းပိုင်းဖြတ်တောက် သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီစစ်ကြောင်းက အမျိုးသမီးအများစုပါဝင်သည့် အရပ်သား ၅၀ဦးထက်မနည်းကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုကာ ကျေးရွာများအား စီးနင်းဝင် ရောက်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ခလရ (၂၅၆)မှ စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ် တိုက်ခိုက်ခံရပြီးနောက် ကံသစ်ကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

သတင်း

ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကမြောက်ကျီရွာမှ ဒေသခံ ပြည်သူအချို့အားထပ်မံဖမ်းဆီးသတ်ဖြတ်သွားကြောင်းသတင်းရရှိသည်။