close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကမြို့ရွာများအလှည့်ကျလေကြောင်းတိုက်ခိုက်နေ၍ တော်လှန်ရေးအောင်မြင်ရန် ပြင်ဆင်မှုလိုအပ်ချက်ပိုကြီးလာဟု TNLA ဗိုလ်ချုပ်တားဘုန်းကျော် အသိပေး

စစ်ကောင်စီက မြို့ရွာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ အလှည့်ကျပိုမိုပြုလုပ်လာသည့် အခြေအနေတွင် တော်လှန်ရေးအောင်မြင်မှုရရှိရေး ပြင်ဆင်သည့်လိုအပ်ချက်မှာ ပိုမိုကြီးမားလာကြောင်း တအာင်းတပ်မတော်(TNLA) ခေါင်းဆောင် ဗိုလ်ချုပ်တားဘုန်းကျော်က လူမှုကွန်ရက်တွင် ရေးသားအသိပေးသည်။

ယမန်နေ့ညက လားရှိုးမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - FYV

ထားမြတ်/People’s Spring

စစ်ကောင်စီက မြို့ရွာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ အလှည့်ကျပိုမိုပြုလုပ်လာသည့် အခြေအနေတွင် တော်လှန်ရေးအောင်မြင်မှုရရှိရေး ပြင်ဆင်သည့်လိုအပ်ချက်မှာ ပိုမိုကြီးမားလာကြောင်း တအာင်းတပ်မတော်(TNLA) ခေါင်းဆောင် ဗိုလ်ချုပ်တားဘုန်းကျော်က လူမှုကွန်ရက်တွင် ရေးသားအသိပေးသည်။

TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ရွာများ၊ ကိုးကန့်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပါအဝင် တိုင်းရင်းသားတပ်ဖွဲ့များစိုးမိုးထိန်းချုပ်သိမ်းပိုက်ထားသည့် နယ်မြေများရှိ မြို့ရွာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည့် အခြေအနေတွင် TNLA အထွေထွေအတွင်းရေးမှူးဗိုလ်ချုပ်တားဘုန်းကျော်က ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဗိုလ်ချုပ် တားဘုန်းကျော်က ၎င်း၏ ဘုန်းကျော်(လက်ဖက်မြေ)ကလောင်အမည်ဖြင့် “တော်လှန်ရေး New Normal”ဆိုသည့် ကဗျာရေးသားဖော်ပြခဲ့ခြင်းလည်း ဖြစ်သည်။

“မင်းတို့မြို့ ငါနေတဲ့မြို့ မင်းတို့ရွာ ငါနေတဲ့တော…လေယာဉ်ဗုံးတွေ တအုံးအုံး အလှည့်ကျ …ဒီထက်ပိုသေး တကျော့ပြန် တဝုန်းဝုန်းနဲ့… မောင်းပြန်ရိုင်ဖယ်နဲ့ ကျည်စကျည်နလေးလောက်ပဲ ရှာဖွေပြင်ဆင်ပြီး တော်လှန်ရေးအောင်မယ် ထင်ခဲ့တာ ခုတော့… တော်လှန်ရေး new normal မှာ ငါတို့လိုအပ်ချက် ပိုကြီးလာပြီ”ဟု ဗိုလ်ချုပ်တာဘုန်းကျော်က အသိပေးထားသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကို မဟာမိတ်များနှင့်အတူ ဆင်နွှဲခဲ့ရာ စစ်ဆင်ရေးပထမပိုင်းတွင် မြို့ ၇မြို့ စစ်ကောင်စီတပ်စခန်းကြီးငယ် ၈၀ ကျော်သိမ်းပိုက်ထားသကဲ့သို့ စစ်ဆင်ရေး ဒုတိယပိုင်းတွင် မြို့ ၅မြို့ နှင့် စစ်ကောင်စီတပ်စခန်း ၅၀ကျော် သိမ်းပိုက်ထားသည့် တော်လှန်ရေးတပ်ဖြစ်သည်။

တရုတ်အစိုးရက စစ်ကောင်စီကို တိုက်ခိုက်သည့် စစ်ဆင်ရေးများရပ်ဆိုင်းရန် ဖိအားပေး ခြိမ်းခြောက်နေသည့်ကြားမှာ တော်လှန်ရေးကို ဆင်နွှဲနေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့လည်း ဖြစ်သည်။

စစ်ကောင်စီကလည်း ၎င်းတို့ စစ်ရှုံးထားသည့် တအာင်းဒေသအပါအဝင် ကိုးကန့်၊ ကချင်၊ ရက္ခိုင်၊ကရင်၊ကရင်နီ၊ မကွေး၊ စစ်ကိုင်း စသည့် နိုင်ငံတဝန်း၌ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် အရပ်သားနေထိုင်ရာနေရာများကို တိုက်ခိုက်ခဲ့၍ ပြည်သူလူထုရာချီသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး အိုးအိမ်အဆောက်အဦး ပျက်စီးမှုများစွာရှိခဲ့သည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီ ခေါင်းဆောင်များ ဩဂုတ်အတွင်း တွေ့ဆုံဆွေးနွေးပြီးနောက် ဩဂုတ်လကုန်ပိုင်းမှစတင်ကာ လားရှိုးမြို့အပါအဝင် ၎င်းတို့ စစ်ရှုံးရာဒေသများကို လေကြောင်း စစ်ဆင်ရေးများ နေ့စဉ်ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က KIA၊ MNDAA တပ်များအနေဖြင့် တရုတ်ဘက်က ဖိအားပေးမှု ကြုံနေရသည့်အပြင် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေများသို့လည်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကို ခံနေရကြောင်း ပြောသည်။

ယခုရက်ပိုင်းများအတွင်း KIA ထိန်းချုပ်ထားသည့် လိုင်ဇာအနီး ၊ ဆဒုံး၊ မိုးမောက်-ဗန်းမော်ကြား၊MNDAA နယ်မြေ လောက်ကိုင်၊ လားရှိုး၊ TNLA နယ်မြေ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့ကိုလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု ဦးဇော်ဆန်ကပြောသည်။

“အခု ရက်ပိုင်းအတွင်းမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်ရဲ့ စစ်ရေးအခြေအနေကို ကြည့်လိုက်ရင်တော့ စစ်ကောင်စီကတော့ တရုတ်အားကိုးပြီးမှ တရုတ်ကို အကူအညီလှမ်းတောင်းထားတယ်။ တရုတ်ကတော့ KIAနဲ့ TNLA အပါအဝင် ကိုးကန့်တပ်ဖွဲ့ကိုလည်း ဖိအားပေးထားတာရှိသလို တရုတ်ကတော့ ဒီ၀တပ်ဖွဲ့ကိုလည်း ဖိအားပေးထားတယ်လို့ယူဆရတယ်။” ဟု ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီအနေဖြင့် စစ်ရေးဗျူဟာအရ တောက်လျှောက်ညစ်ပက်နေမည်ဖြစ်၍ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အချင်းချင်းအကြား ညီညွတ်မှုရှိအောင်၊ အောက်ခြေတပ်များအကြား ပြဿနာများ မဖြစ်ရေး ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်း ကဆိုသည်။

ယမန်နေ့ ညပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နှင့် ကချင်ပြည်နယ်၊ မိုးမောက် – ဗန်းမော် ကြား (၇)မိုင် အောင်မြေရွာအနီးကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် ယမန်နေ့(အောက်တိုဘာ ၂၁ ရက်) ညနေ ၄ နာရီမှ ၅ နာရီကြားတွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း၊ ဧရာဝတီ မြစ်ကမ်းတလျှောက်ရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်ခဲ့သည်။ အဆိုပါ လေကြောင်းလေကြောင်းတိုက်ခိုက်မှုတွင် Mi-35 တစ်စီး၏ စက်သေနတ် ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၈ခန့်အမျိုးသမီး တစ်ဦးနှင့် ၎င်း၏ (၁)နှစ်ခွဲခန့် ကလေးငယ် တစ်ဦး သေဆုံးကာ ၄ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့ မန်ဆူဘုရားအနီး စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သား ၃ဦး ဒဏ်ရာရခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA)က သတင်းထုတ်ပြန်သည်။

သတင်း

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီးနောက် နေရပ်ပြန်ပို့ခံရသူများအား စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မခေါ်ဆောင်လူသစ်စုဆောင်းနေကြောင်း ကော့သောင်းမြို့ရှိ People's Spring၏ သတင်းရင်းမြစ်များက ပြောသည်။

သတင်း

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကိုစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၅ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နှင့် ကချင်ပြည်နယ် ဆဒုံးမြို့နှင့်မိုးမောက် - ဗန်းမော်ကြား (၇)မိုင်နေရာများကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

Facebook