ဇေအောင်/People’s Spring
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စုကို ဆက်လက်ခွင့်ပြုနေပါက သက်ဆိုးရှည်ပြီး ပိုမိုအတင့်ရဲလာမည်ဖြစ်၍ တရားမျှတမှု ဖော်ဆောင်နိုင်ရေး ဦးတည်ကြိုးပမ်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုသည်။
ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းဖြစ်စဥ်များနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန် တောင်းဆိုသည်။

Public Service Announcement
စက်တင်ဘာ ၃၀ရက်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာအနီး တိုက်ပွဲတစ်ခုတွင် စစ်အုပ်စု၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်ခံစစ်ကြောင်းသည် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ကြီးမားသည့် အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ ကျင့်သုံးလေ့ရှိသည့် နည်းဗျူဟာများအတိုင်း အနီးဝန်းကျင်မှ ကျေးရွာများကို ဝင်ရောက်စီးနင်း၍ အရပ်သား ပြည်သူများကို သတ်ဖြတ်ခြင်း၊ အရပ်သား အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများကို ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးသည်။
အောက်တိုဘာ ၁၁ ရက်မှ ၂၀ ရက်အတွင်း နမခ၏ အင်အား ၁၀၀ကျော် ပါဝင်သော စစ်ကြောင်းသည် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရပ်ကွက် ၁၇ခုကို ဝင်ရောက် စီးနင်း၊ မီးရှို့၊ သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ ၂၄ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။
သတ်ဖြတ်ခံရသူများတွင် ကလေးငယ် ၃ ဦး၊ အမျိုးသမီး ၃ဦးနှင့် သက်ကြီးရွယ်အို တစ်ဦးတို့ ပါဝင်ကြောင်း၊ ထင်ရှားသည့် သတ်ဖြတ်မှု ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက်က စီပါကျေးရွာတွင် အရပ်သားပြည်သူ၆ ဦးကို သတ်ဖြတ်မှုဖြစ်ပြီး ခန္ဓာကိုယ်များကို အစိတ်စိတ်ပိုင်းဖြတ်လျက် အစိတ်အပိုင်းများကို နေအိမ်ခြံစည်းရုံးတွင် ချိတ်ဆွဲထားခဲ့ခြင်းဖြစ်ကြောင်း၊ အရပ်သားပြည်သူ ၆၀ ထက်မနည်းကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးလျက် စစ်ကြောင်းတလျောက် ခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးသည်။
ထို့အပြင် စစ်အုပ်စုသည် ကျေးရွာ ၅ ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုများသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ၎င်း၏ လက်အောက်ခံ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် “သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင် ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ (တော်လှန်ရေး အင်အားစုများ) အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်”ဟု သတိပေးခဲ့ပြီးနောက် အရပ်သား ပြည်သူများအပေါ် ပိုမိုအတင့်ရဲစွာ ပေါ်ပေါ်ထင်ထင် အကြမ်းဖက်လာခဲ့ခြင်းကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုသည်။
လက်နက်ကိုင် ထိတွေ့တိုက်ပွဲများအတွင်း ဆုံးရှုံးမှုများအတွက် လက်စားချေသည့် အနေဖြင့် အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လူမျိုးအသီးသီး၏ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများအပေါ် လက်စားချေရန်အတွက် နှစ်ပေါင်းများစွာ အကြမ်းဖက် စစ်အုပ်စုက ကျင့်သုံးခဲ့သော နည်းဗျူဟာတရပ်ဖြစ်ပြီး ယခင်ကတည်းကပင် နိုင်ငံ အနှံ့အပြားမှ ဖြစ်စဉ်များတွင် မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုသည်။
စစ်ခေါင်းဆောင်ကိုယ်တိုင် ထုတ်ဖော်ဝန်ခံထားပြီးဖြစ်သည့်အတိုင်း အရပ်သား ပြည်သူများကို ပစ်မှတ်ထားလျက် ဘုတလင် မြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်ခိုက်ခြင်း၊သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများသည် နည်းဗျူဟာကို ကျင့်သုံးခြင်းသာဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထပ်မံအသိပေးသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက် ခွင့်ပြုနေမည်ဆိုပါက ထိုမျှ ဆိုးရွားယုတ်မာသော စစ်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် အယူဝါဒ ကိုင်ဆွဲထားသော ယန္တရားတရပ်သည် ဆက်လက်သက်ဆိုးရှည်ယုံမျှမက၊ ပိုမိုအတင့်ရဲ လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်အုပ်စု၏ ကျူးလွန်မှုများအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဦးတည် ကြိုးပမ်းဆောင်ရွက်ပေးကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုထားသည်။
