စင်ကာပူရောက် မြန်မာနိုင်ငံသား တစ်ဦးဟာ စည်းကမ်းမဲ့ အမှိုက်ပစ်မှုအတွက် ပြစ်ဒဏ်ကို ရှောင်ရှားဖို့ ဌာနဆိုင်ရာ ဝန်ထမ်း တွေကို လာဘ်ထိုးဖို့ ကြိုးစားမိခဲ့တာကြောင့် ထောင်ဒဏ် ၁၂ ရက် ချမှတ်ခြင်း ခံခဲ့ရပါတယ်။
အသက် ၃၃ နှစ်အရွယ် အောင်မိုးလှိုင်ဟာ စင်ကာပူ အစိုးရ ဝန်ထမ်းတွေကို စင်ကာပူ ၁၀ ဒေါ်လာ လာဘ်ထိုးဖို့ ကြိုးစားခဲ့တာပါ။ သူ့အတွက် ထောင်ဒဏ် ၁၂ ရက် စီရင်ချက်ကိုတော့ အောက်တိုဘာ ၂၂ ရက်နေ့မှာ တရားရုံးက ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
မတ်လ ၂၅ ရက်နေ့တုန်းက စင်ကာပူ အရန်ရဲ တပ်ဖွဲ့ဝင် နှစ်ဦးက အောင်မိုးလှိုင်ဟာ ရေမြောင်းတစ်ခုထဲကို စီးကရက်အတိုကို စည်းကမ်းမဲ့ လွှင့်ပစ်လိုက်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အရာရှိ နှစ်ဦးက သူ့ဆီ သွားရောက်ပြီး မေးမြန်းတဲ့အခါ အောင်မိုးလှိုင်က သူဟာ မြန်မာဖြစ်ပြီး အင်္ဂလိပ်လို လည်လည်ပတ်ပတ် မပြောတတ်ကြောင်း ပြန်ဖြေခဲ့ပါတယ်။

Public Service Announcement
အရန်ရဲတပ်ဖွဲ့ အရာရှိတွေက အောင်မိုးလှိုင်ရဲ့ စာရွက်စာတမ်း အထောက်အထားတွေကို တောင်းယူတဲ့အခါ သူက မိုဘိုင်းဖုန်း ကာဗာထဲ ထည့်ထားတဲ့ စင်ကာပူ ၁၀ ဒေါ်လာကို ထုတ်ပေးပြီး သူ့ကို ပြဿနာ မလုပ်ဘဲ ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသမီး အရန်ရဲတပ်ဖွဲ့ဝင်ကတော့ စင်ကာပူမှာ ဒီလိုအချိုးမျိုး လုပ်လို့မရကြောင်း အောင်မိုးလှိုင်ကိုပြောပြီး ပိုက်ဆံကို ပြန်သိမ်းခိုင်းခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကို အမျိုးသမီး အရာရှိရဲ့ ခန္ဓာကိုယ်ပေါ် တပ်ဆင်ထားတဲ့ ကင်မရာက မှတ်တမ်းတင် ဗီဒီယို ရိုက်ထားခဲ့ပါတယ်။
အဲဒီကိစ္စဟာ တရားရုံးထိ ရောက်ခဲ့ပြီး အစိုးရ အမှုစစ်အရာရှိ ဘင်ဂျမင်လိုက အောင်မိုးလှိုင်ရဲ့ လာဘ်ပေးမှုဟာ အရမ်းအတင့်ရဲပြီး ထောင်ဒဏ် သီတင်းသုံးပတ်ထိ စီရင်ချက်မျိုး ချမှတ်ထိုက်ကြောင်း တောင်းဆိုခဲ့ပါတယ်။ ခုခံလျှောက်လဲမှုရှေ့နေ တန်နီရာချင်ကတော့ အောင်မိုးလှိုင်ဟာ အင်္ဂလိပ်စကား ရေရေလည်လည် မပြောတတ်တဲ့ အချက်ရယ်၊ စင်ကာပူမှာ ရဲတွေနဲ့ ပတ်သက်ပြီး ကြောက်ရွံ့ စိုးရိမ်ရတဲ့ သူ့ရဲ့ အတွေ့အကြုံဟောင်းတွေရယ်ကြောင့် မမှားသင့်တဲ့ အမှားကို ကျူးလွန်မိကြောင်း၊ ဒီအတွက် ပြစ်ဒဏ်ကို လျှော့ပေါ့ပေးစေလိုကြောင်း လျှောက်လဲခဲ့ပါတယ်။ အဆုံးမှာတော့ ထောင်ဒဏ် ၁၂ ရက် စီရင်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
စင်ကာပူမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ဖောက်ဖျက်ခြင်းဟာ အမှုအပေါ် မူတည်ပြီး ပြစ်ဒဏ်ကလည်း အရမ်းကြီးသွားနိုင်ပါတယ်။ အဲဒီ ဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၅ နှစ်အထိ၊ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁ သိန်းထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ကိုးကား: Straits Times
