“အဓိကတော့ ထိုးစစ်ကြောင့်ပါ။ ကျန်တာ ဘာအကြောင်းပြစရာမှ မရှိတာ”
— ဒေသခံတဦး
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နယ်မြေရှိ နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံဘက်ကအောက်တိုဘာ ၁၈ ရက်ညသန်းခေါင်အချိန်မှစ၍ ပိတ်လိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်အချို့က ပြောသည်။
လိုင်ဇာ၊ လိုင်စင် နှင့် ခရှန် နယ်စပ်ဂိတ်များကို အောက်တိုဘာ ၁၈ရက်ည သန်းခေါင်း ၁၂ နာရီမှစတင်ပိတ်ပင်မည်ဟု တရုတ်ဘက်က စာထုတ်ပြန်လာခြင်းဖြစ်သည်ဟုသိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က မြန်မာ-တရုတ်နယ်စပ် ပန်ဝါမြို့ကို ထိုးစစ်ဆင်သိမ်းပိုက်ပြီး နာရီပိုင်းအတွင်းတရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်များ ပိတ်ခြင်းဖြစ်နိုင်သည်ဟု ကချင်သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement
ယင်ကျန်းဒေသအာဏာပိုင်အဖွဲ့က ယင်ကျန်းဆိပ်ကမ်းရှိကုန်သွယ်ရေး လမ်းကြောင်းတွင်ခရီးသည် နှင့်ကုန်စည်ပို့ဆောင်မှုလုပ်ငန်းများကို ယာယီဆိုင်းငံ့ထားကြောင်းကြေညာချက်ဟုသောခေါင်းစီးဖြင့်ကုန်းတွင်း ဆိပ်ကမ်း၏စစ်ဆေးရေးလုပ်ငန်းအဆင့်မြင့်တင်ရန် နှင့် ဆိပ်ကမ်း ပြန်လည်ပြုပြင်နိုင်ရန်အတွက် ဂိတ် ၂ ဂိတ်ကို အောက်တိုဘာ ၁၈ ည ၁၂နာရီမှစ၍ ယာယီပိတ်ကြောင်း တရုတ်နိုင်ငံမှပေးပို့သောစာတွင်ဖော်ပြထားသည်။ ထိုစာအရ ပိတ်သောဂိတ် နှစ်ခုမှာ ယင်ကျန်း – နာဘန် – လိုင်ဇာ ဂိတ် နှင့် ယင်ကျန်း-ဆမား – လိုင်စင်ဂိတ် တို့ဖြစ်ကြောင်းသိရသည်။
သတင်းရင်းမြစ်တဦးက ခရှန်နယ်စပ်ဂိတ်ကိုလည်းတရုတ်က ပိတ်ကြောင်းပြောသည်။
တရုတ်နိုင်ငံဘက်ခြမ်းမှလည်း မြန်မာနိုင်ငံသို့ဝင်ရောက်ခွင့်မပြုတော့သော်လည်း မြန်မာနိုင်ငံဘက်ရောက်နေသော ကုန်တင်ကားများ ၊တရုတ်နိုင်ငံသားများကိုမူ တရုတ်နိုင်ငံသို့ အမြန်ပြန်ဝင်လာရန် အတွက် တရုတ်အစိုးရက ဂိတ်ဖွင့်ပေးထားကြောင်း စုံစမ်းသိရသည်။
“အဓိကတော့ ထိုးစစ်ကြောင့်ပါ။ ကျန်တာ ဘာအကြောင်းပြစရာမှ မရှိတာ။ အဲဒီဘက်(မိုင်ဂျာယန်ဂိတ်)က စာထဲမပါဘူး။ ဘယ်ရက်အထိ ပိတ်မယ်ဆိုတာလည်းမပါဘူး” ဟု ဒေသခံတဦးက ပြောသည်။
တရုတ်အစိုးရ သည် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား တိုက်ပွဲချက်ချင်းရပ်ရန် ဆက်တိုက်ဖိအားပေး ခြိမ်းခြောက်မှုများပြုလုပ်လျက်ရှိသည်။ ထို့ပြင်နယ်စပ်ဂိတ်များ ပိတ်ပြီးဆေးဝါး၊ စားနပ်ရိက္ခာ ၊ စက်သုံးဆီ နှင့် ကုန်စည် စီးဆင်းမှု ဖြတ်တောက်ပြီး ဒေသခံတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ဖိအားပေးသည့် နည်းလမ်းကို ပြုလုပ်နေသည်။
စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က တရုတ်အစိုးရသည် အောက်တိုဘာ ၁၇ရက်တွင် KIA ခေါင်ဆောင်များအား ခေါ်ယူတွေ့ဆုံပြီး မြစ်ကြီးနား၊ ဗန်းမော်မြို့များကို ဆက်မတိုက်ရန် ဖိအားပေးခဲ့သည်ဟု သိရကြောင်းလည်း ပြောကြားသည်။
“တရုတ် နဲ့ KIA ခေါင်းဆောင်ပိုင်း တွေ့ကြတယ်။ KIAဘက်က တရားဝင် ထုတ်ပြန်တာတော့မရှိဘူး။ ခေါ်တွေ့တာတော့ မှန်တယ်” ဟု ဦးဇော်ဆန်က ပြောသည်။
တရုတ်အစိုးရသည် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကို ဖိအား ပေးနေသကဲ့သို့ KIAကို ဖိအားပေးပြီး စစ်ကောင်စီကို ဆက်လက်မတိုက်ခိုက်ရန်၊ စစ်ကောင်စီကို အကာကွယ်ပေးနေခြင်းဖြစ်သည်ဟု ဦးဇော်ဆန်က သုံးသပ်သည်။
တရုတ်အစိုးရ သည် လတ်တလော တိုက်ပွဲဖြစ်ပွားနေသည့် ပန်ဝါဒေသတွင်လည်း နယ်စပ်ဂိတ်ကိုအောက်တိုဘာ၁၇ ရက်ကတည်းကပိတ်ထားသည်။
ပန်ဝါဒေသခံများ စစ်ရှောင်ရန် ကြိုးပမ်းလျက်ရှိရာတရုတ်ဘက်သို့ ပေး မဝင်ဘဲအဟန့်အတားများပိုမိုတိုးချခဲ့ရာ ဒေသခံများသည် နယ်စပ်ဂိတ်အနီး၌သာ စုပုံ စစ်ရှောင်နေကြသည်ကို တွေ့ရသည်။ တရုတ်အစိုးရ၏ လုပ်ရပ်သည် လူသားချင်းစာနာမှုလုံး၀မရှိသည့်လုပ်ရပ်ဖြစ်ကြောင်း ဦးဇော်ဆန်က ပြောသည်။
နယ်စပ်ဂိတ်များပိတ်ထားခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရန် KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ယနေ့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
