ထားမြတ်/People’s Spring
မြန်မာ – တရုတ် နယ်စပ်မြို့ ပန်ဝါမြို့အနီးတိုက်ပွဲများဖြစ်၍ ဒေသခံများက တရုတ်နိုင်ငံဘက်သို့ စစ်ရှောင်ရန်ကြိုးပမ်းရာ တရုတ်အစိုးရက ပေးမဝင်၍ နယ်စပ်ဂိတ်အနီး စုပုံနေထိုင်နေသည့် ဒေသခံများ နယ်စပ်တကြောရှိ တိုက်အိမ်များ၌ လူစုခွဲခိုလှုံနေကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းသည်။
“ပြည်သူလူထုတွေလည်း တရုတ်ပြည်ဘက်ကိုဝင်လို့မရဘူးလို့ပြောပါတယ်။သူတို့ဂိတ်၀မှာ အားလုံးစုပြီးမှ ဝိုင်းနေတယ်ဆိုတာကတော့ လူမှုကွန်ရက်မှာပြန့်နေတဲ့ ပုံအရ သိရပါတယ်။ကျနော်တို့ဘက်က တရားဝင် အကြောင်းကြားတာ
ဘာမှမရှိဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပန်ဝါဒေသ စစ်ရေးအခြေအနေမေးမြန်းမှု အပေါ် ထည့်သွင်း ပြောပြသည်။

Public Service Announcement
ပန်ဝါဒေသတွင် ယမန်နေ့ကတည်းက တိုက်ပွဲများဖြစ်ပွားနေ၍ ပြည်သူများက တရုတ်ဘက်သို့စစ်ရှောင်ရန်ကြိုးစားလျက်ရှိရာ တရုတ်ဘက်က ပေးမဝင်၍ ဂိတ်အနီး ပြည်သူများ စုပုံနေထိုင်နေကြသည့် မှတ်တမ်းရုပ်သံများ လူမှုကွန်ရက်တွင် ပြန့်နှံ့လျက်ရှိသည်။
ယနေ့တွင် တရုတ်နိုင်ငံဘက်က အတားအဆီးများ ယခင်ထက်ပိုမိုပြုလုပ်ကာ ပန်ဝါဒေသခံများ တရုတ်နိုင်ငံဘက် ဖြတ်ကျော်မလာရေး ဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့ရသည်။
“ပြည်သူလူထုတွေက တရုတ်ပြည်ဘက်ကို ဝင်ခွင့်မပေးဘူးဆိုလည်း အခုလိုမျိုး လူစုလူဝေးတွေ စုပြုံပြီးမှ နေတာမျိုးတော့ရှောင်ရင်တော့ကောင်းပါတယ်။ တိုက်အိမ်လိုမျိုးပေါ့နော် နည်းနည်းလုံခြုံတဲ့ နေရာမှာ နေလို့ရှိရင်တော့
ပိုပြီးမှ အဆင်ပြေမှာပါ။နယ်စပ်ဒေသ တကြောလုံးက တိုက်အိမ်တွေ အောက်မှာ ခိုလှုံရင် ပိုပြီးမှ အဆင်ပြေမယ်လို့ ကျနော် အကြံပြုလိုပါတယ်။ လူစုလူဝေး စုပုံနေလို့ရှိရင်တော့ ပစ်မှတ်တွေ ဖြစ်သွားမှာကိုကျနော်စိုးရိမ်လို့ပါ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်ရှောင်ရန်ခက်နေသည့် ပန်ဝါပြည်သူများအား သတင်းစကားပြောပြပေးရန် မေးမြန်းချက်အပေါ် ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ပန်ဝါဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက “ပန်ဝါဘက်ကတော့ ပန်ဝါမြို့နဲ့နီးတဲ့ တချို့ကာကင်းတွေ အဲဒါတွေကတော့ သိမ်းတာရှိပါတယ်။ မြို့တွင်းမှာ တိုက်ပွဲကတော့ မဖြစ်သေးပါဘူး” ဟု ပြောသည်။
ဆက်လက်၍ဗိုလ်မှူးကြီးနော်ဘူက “ဒီည မိုးချုပ်တဲ့အချိန်မှာ ပန်ဝါမြို့တွင်းမှာ မီးလောင်တာကို တွေ့ရပါတယ်။ ဒါကတော့ ဘာကြောင့် မီးလောင်တယ်၊ ဘယ်အိမ်တွေ ဘယ်အဆောက်အဦးတွေ လောင်တာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ သေနတ်သံတွေလည်းကြားတော့ ကြားပါတယ်။ ဒါပေမဲ့ အဲဒီ သေနတ်သံတွေက အပြန်အလှန် ပစ်ခတ်တဲ့ သေနတ်သံတော့ မကြားပါဘူး။ စစ်ကောင်စီဘက်က ပစ်တဲ့ သေနတ်သံပုံစံမျိုးပဲ ကြားပါတယ်”ဟု ပြောသည်။
စစ်ရေးသတင်းရင်းမြစ်အချို့က ပန်ဝါမြို့အနီးစစ်ကောင်စီစခန်းအချို့သိမ်းပိုက်ပြီး ယနေ့တွင် ပန်ဝါစစ်ကောင်စီဗျူဟာအား တိုက်ခိုက်လျက်ရှိသည်ဟု အသိပေးထားသည်။
KIA အနေဖြင့် ကန်ပိုက်တီဒေသရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ၁၀၀၃ ၏ ကာကင်းစခန်း များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ဟုလည်းဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ကန်ပိုက်တီဘက်ကတော့ ဝေါ်ချုံးတို့စင်ကြိုင်တို့မှာ BGF ၁၀၀၃ တပ်ရင်းဌာနချုပ် ရှိပါတယ်။ အဲဒါကိုတော့ ကျနော်တို့ သူတို့ရဲ့ ကာကင်းတွေကတော့ဝင်သိမ်းတာရှိပါတယ်။မနေ့က ဝေါ်ချုံးဘက်ကိုသွားတဲ့ ချောင်းတစ်ခုကတံတားကိုလုံခြုံရေး ယူထားတဲ့ကာကင်းစခန်း ၅ခုကို လည်းမနေ့က သိမ်းလိုက်တာရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ ယနေ့တွင်လည်း ကာကင်းစခန်းတစ်ခု ထပ်မံသိမ်းပိုက်ခဲ့သည်ဟု အသိပေးသည်။
“ဒါပေမဲ့ စင်ကြိုင်တို့ ဝေါ်ချုံးတို့ အဲဒီ BGF တပ်ရင်းဌာနချုပ်ဘက်မှာကတော့ တိုက်ပွဲမရှိသေးပါဘူး” ဟုဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဝေါ်ချုံးနှင့်စင်ကြိုင်ကျေးရွာများသည် ကန်ပိုက်တီနှင့် မိုင် ၂၀ ခန့်ဝေးသည်ဟုလည်းဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထို့အပြင် ကန်ပိုက်တီဒေသနေပြည်သူများစစ်ရှောင်ရသည့် အခြေအနေများ မရှိသေးဟုလည်း ပြောသည်။
စစ်ရှောင်ပြည်သူများကို ပိတ်ပင်တားဆီးဟန့်တားသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်သည်လူသားချင်း စာနာထောက်ထားမှု မရှိသည့်လုပ်ရပ်ဖြစ်ဟု စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။
” ဒါကိုမြန်မာပြည်သူတွေ သေချာမှတ်သားထားရမယ်။ တရုတ်အစိုးရနဲ့ စကစတို့ကတော့ အရပ်
သား ပြည်သူတွေအပေါ် ဘယ်တော့မှ လူသားဆန်မှာ မဟုတ်သလို တန်ဖိုးထား လေးစားတက် မယ့် လက္ခဏာလည်းမတွေ့ဘူး”ဟု ဦးဇော်ဆန်က ပြောသည်။
တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီကို တိုက်ခိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ဖိအားပေးခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသော်လည်း တိုက်ပွဲမရှိဘဲ ပြည်သူလူထု နေထိုင်ရာနေရာများအား ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်အား ဟန့်တားခြင်း ကန့်ကွက်ရှုတ်ချခြင်းမပြုလုပ်ဘဲ နှုတ်ဆိတ်နေလျက်ရှိသည်။
ပန်ဝါဒေသခံများက လူမှုကွန်ရက်တွင် ဖော်ပြသည့် ရုပ်သံမှတ်တမ်းအချို့တွင် စစ်ဘေးရှောင်ပြည်သူများမှာ တရုတ်နယ်စပ်ဂိတ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ခွင့် မပြု၍ နယ်စပ်ဂိတ် အနီးမှာပင်လမ်းပေါ်၌ ဖြစ်သလို ယာယီ ခိုလှုံနေကြသည်ကိုတွေ့ရသည်။
