ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းပျူစောထီးကျေးရွာအား စစ်ကောင်စီက လေကြောင်းမှ ရိက္ခာထုပ်များချပေးရာ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။
ယနေ့(အောက်တိုဘာ ၁၈ရက်) နံနက် ၉ နာရီခန့်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးကျေးရွာကို စစ်ကောင်စီက Y8 လေယာဥ်ဖြင့် ရိက္ခာထုပ်များချထားပေးခဲ့ရာ အဆိုပါရိက္ခာထုပ်များအား ပုံတောင်တိုက်ဂါး PDF တပ်ဖွဲ့နှင့် Eagle Wings Drone Force တပ်ဖွဲ့တို့က သိမ်းဆည်းရရှိခဲ့သည်။
သို့သော် ရိက္ခာအဖြစ် ချထားပေးသော ဆန်များမှာ စားမရအောင် ပိုးထိုးနေသော ဆန်များဖြစ်နေကြောင်း Eagle Wings Drone Force တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
“ဆန်တွေဆိုရင် ပိုးထိုးတွေ။ ပျူတွေကို လုံးဝစေတနာမရှိဘူး။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ရိက္ခာထုပ်ချသည့်အချိန်အား ကင်းထောက်ဒရုန်းဖြင့် ထောက်လှမ်းစဥ် ဒရုန်းများ ဂျမ်ဘာထိ၍ ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ပျူစောထီးကျေးရွာများအား ကာကွယ်ရေးအဖွဲ့များက လမ်းကြောင်း ပိတ်ဆို့ကာ ရိက္ခာဖြတ်တောက် ထား၍ စစ်ကောင်စီက လေကြောင်းမှ ရိက္ခာထုပ်များချပေးနေရသည်။
သို့သော် အဆိုပါရိက္ခာထုပ်များအား တော်လှန်ရေးအဖွဲ့များက မကြာခဏ သိမ်းဆည်းရရှိနေသည်။
ရိက္ခာပြတ်တောက်မှုများကြောင့် မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ပျူစောထီးကျေးရွာများမှ ရွာသူ၊ရွာသားများ ကာကွယ်ရေးအဖွဲ့များထံ ထောင်ချီလာရောက်အလင်းဝင်ခိုလှုံခဲ့သည်။
