“အဲဒါ ဗျူဟာကုန်ရင်တော့ ကုန်ပြီ။ မြေပြင်တွေတော့ မထိုးနိုင်တော့ပါဘူး သူတို့။ ဒီကပြည်သူ့ စစ်တွေက အဲဒီလောက်မှ မဟုတ်တာ။ နဂိုရ်က ရှိပြီးသား စကစ အင်အားက အဲဒီလောက် ထိမများပါဘူး”
— စစ်ရေးသတင်းရင်းမြစ်
ထားမြတ်/People’s Spring
မြန်မာ-တရုတ်နယ်စပ်မြို့ ပန်ဝါမြို့သိမ်းတိုက်ပွဲ ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က အောက်တိုဘာ ၁၈ ရက်တွင် ဆင်နွှဲလျက်ရှိရာ စစ်ကောင်စီ ဗျူဟာကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီးတိုက်ပွဲပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
ယနေ့ (အောက်တိုဘာ ၁၈ရက်)တွင် ပန်ဝါ မြို့ပတ်ဝန်းကျင် တောင်ကုန်းများ၌တိုက်ပွဲပြင်းထန်နေပြီး ပန်ဝါ ဗျူဟာကုန်းဘက်တွင်လည်း တိုက်ပွဲပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
“ပန်ဝါဗျူဟာကုန်းဘက် မီးလောင်နေပြီ။ ပွဲကြမ်းနေတယ်။အခု ပန်ဝါမြို့ ပတ်ဝန်းကျင် တောင်ကုန်းတွေပေါ်မှာ တိုက်ပွဲပြင်းထန်နေတယ်။ ၁၀၀၃ BGF ရှေ့တန်းကာကင်းစခန်း ၄ခုရပြီ။ တပ်ရင်းဌာန မရသေး။ဒီနေ့ တနေကုန် ညနေ ၅ နာရီ ထိပန်ဝါမြို့ ပတ်ဝန်းကျင် တောင်ကုန်းတွေမှာ တိုက်ပွဲပြင်းထန်နေပါတယ်။ ပန်ဝါမြို့ အပေါ်ရှိ စေတီကုန်း ကာကင်းစခန်း တစ်ခုကို သိမ်းပိုက်ရရှိပါပြီ။ တိုက်ပွဲပြင်းထန်နေဆဲပါ” ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။
အခြား သတင်းရင်းမြစ်တဦးကလည်း “အဲဒါ ဗျူဟာကုန်ရင်တော့ ကုန်ပြီ။ မြေပြင်တွေတော့ မထိုးနိုင်တော့ပါဘူး သူတို့။ ဒီကပြည်သူ့စစ်တွေက အဲဒီလောက်မှ မဟုတ်တာ။ နဂိုရ်က ရှိပြီးသား စကစ အင်အားက ဘယ်လောက်ထိမများပါဘူး။ အခု ပြောနေရင်းတောင် သိမ်းနိုင်ပြီလားမသိဘူး” ဟု အောက်တိုဘာ ၁၈ ရက် ညပိုင်း၌ပြောသည်။
ယနေ့ နေ့လည်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များလက်နက်များ ဖွက်ထားပြီး ထွက်ပြေးမှုများ ရှိနေသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။
“ဒီနေ့ နေ့လည်လောက်က သေနတ်တွေ ဖွက်ထားပြီးမှ အင်အား ၁၀၀၀ ကျော် တရုတ်နယ်စပ်ဘက် ထွက်ပြေးသွားလို့ စကစတွေလိုက်ဖမ်းနေတယ်ပြောတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
ပြည်သူ့စစ်တပ်ဖွဲ့ဝင် အင်အား ၁၀၀၀ ကျော်ထွက်ပြေးသွားသည်ဆိုခြင်းအပေါ် People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
ပန်ဝါမြို့ပေါ် တိုက်ပွဲ မီးလောင်မှု ရုပ်သံမှတ်တမ်းများလည်း ထွက်ပေါ်လျက်ရှိရာ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ၊ စက်သေနတ်ပစ်ခတ်ခံများကြားရပြီး နေရာအချို့တွင် မီးလောင်နေသည်ကိုလည်း မြင်တွေ့ရသည်။
ပန်ဝါဒေသခံ ပြည်သူများလည်း စစ်ရှောင်ရန် နယ်စပ်ဂိတ်သို့ စုဝေးရောက်ရှိနေသော်လည်း တရုတ်ဘက်က ဂိတ်ပိတ်ထာယပြီး ပေးမဝင်၍ နယ်စပ်ဂိတ်အနီး၌ စစ်ရှောင်ပြည်သူများခိုလှုံလျက်ရှိသည်။ တရုတ်ဘက်က အတားအဆီး အဟန့်အတားများ ချထားသည့် ရုပ်သံမှတ်တမ်းများလည်း တွေ့ရသည်။
KIA ပူးပေါင်းတပ်သည် ချီဖွေ၊ဆော့်လော်မြို့များကို သိမ်းပိုက်ပြီးနောက် အောက်တိုဘာ ဒုတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်မြို့ ပန်ဝါမြို့သိမ်းရန် ဦးတည် ထိုးစစ်ဆင်လျက်ရှိရာ နယ်ခြားစောင့်တပ်(၁၀၀၂) တပ်ရင်းဌာနချုပ် အပါအဝင် ကာကင်းစခန်းများ၊ တပ်စခန်းများကို ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်နေသည်။
စစ်တပ်လက်အောက်ခံ စခုန်တိန်ယိမ်း၏ကချင်အထူးဒေသ( ၁ ) နယ်ခြားစောင့်တပ်ရင်းများမှာဖီမော်ဒေသတွင် BGF ၁၀၀၁ ၊ ပန်ဝါဒေသတွင် BGF ၁၀၀၂ နှင့် ကန်ပိုက်တီ ဒေသတွင် BGF ၁၀၀၃ တပ်ရင်းဌာနချုပ်များတည်ရှိသည်။
နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းဌာနချုပ်သိမ်းပြီးနောက် ကန်ပိုက်တီ နယ်စပ်မြို့ဘက်သို့ KIA ပူးပေါင်းတပ်ကထိုးစစ်ဆင်လျက်ရှိရာ နယ်ခြားစောင့်တပ် ၁၀၀၃ တပ်ရင်းဌာနချုပ်၏ ကာကင်းစခန်း ၄ခုသိမ်းရထားပြီး တပ်ရင်းဌာနချုပ်ကို ဆက်လက်တိုက်ခိုက်လျက်ရှိသည်။
(ပန်ဝါမြို့တွင် အောက်တိုဘာ ၁၈ ရက်ညနေပိုင်း၌ တိုက်ပွဲပြင်းထန်နေစဥ်။ ရုပ်သံ-CJ )
