ဟားမားစ်တွေရဲ့ ခေါင်းဆောင်ဖြစ်သူ ယာဟ်ရာ ဆင်ဝါကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြု ကြေညာခဲ့ပါတယ်။
ဂါဇာ ကမ်းမြှောင်ဒေသထဲမှာ ဆင်နွှဲတဲ့ အစ္စရေး မြေပြင်ထိုးစစ်အတွင်း အပြန်အလှန် ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့တဲ့နောက် စစ်သွေးကြွ ၃ ဦးကို ရှင်းလင်းပစ်နိုင်ခဲ့ကြောင်း၊ အဲဒီထဲမှာ ဆင်ဝါလည်း ပါဝင်ခဲ့ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အစ္စရေး ကတ်ဇ်က ကြေညာသွားခဲ့ပါတယ်။
ဆင်ဝါဟာ ဂါဇာအခြေစိုက် ဟားမားစ် ပြောက်ကျား အဖွဲ့ခွဲတွေရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို အဓိက ကြီးမှူး တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ဩဂုတ်လတုန်းက အီရန်နိုင်ငံ၊ တဟီရန်မြို့မှာ ဟားမားစ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ လုပ်ကြံ ခံခဲ့ရတဲ့နောက် ဟားမားစ် အဖွဲ့ခွဲ အားလုံးရဲ့ ခေါင်းဆောင်နေရာမှာ ဆင်ဝါကို တင်မြှောက်ခဲ့ကြတာပါ။

Public Service Announcement
ဆင်ဝါဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့တုန်းက ဟားမားစ် တပ်ဖွဲ့ဝင်တွေ အစ္စရေး နယ်စပ်ကို အလုံးအရင်းနဲ့ ကျော်ဖြတ်ပြီး စီးနင်းတိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးကြီးမှာ အဓိက ဦးဆောင်သူလို့ အစ္စရေးက စွပ်စွဲထားပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်း ဟားမားစ်တွေဟာ အရပ်သား အများစု အပါအဝင် အစ္စရေး နိုင်ငံသား ၁၂၀၀ လောက်ကို သတ်ဖြတ်ခဲ့သလို နောက်ထပ် ၂၅၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။
ဒါဟာ အစ္စရေးနိုင်ငံ စတင်ထူထောင်ပြီးနောက်ပိုင်း နိုင်ငံပိုင်နက်ထဲမှာ စစ်ပြု ကျူးကျော်ခံရလို့ အကြီးမားဆုံး ထိခိုက်သေကြေမှုတွေအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက် ညပိုင်းက ကတ်ဇ်ရဲ့ ကြေညာချက်မှာတော့ ဆင်ဝါကို သုတ်သင်နိုင်ခဲ့တာဟာ IDFအတွက် စစ်ရေးနဲ့ စိတ်ဓာတ်ရေးရာ အောင်မြင်မှုကြီးတစ်ခု ဖြစ်လာရုံသာ မကဘဲ လွတ်လပ်တဲ့ ကမ္ဘာကြီး တစ်ခုလုံးအတွက် အီရန် ဦးဆောင်တဲ့ မကောင်းဆိုးရွား ဝင်ရိုးစွန်း မဟာမိတ်တွေကို ထိထိရောက်ရောက် တန်ပြန်လိုက်တဲ့ အောင်ပွဲလို့လည်း ဆိုနိုင်ကြောင်း ပါရှိခဲ့ပါတယ်။
အဲဒီ မကောင်းဆိုးရွား ဝင်ရိုးစွန်း မဟာမိတ် ဆိုတာဟာ အီရန်ဦးဆောင်ပြီး အရှေ့အလယ်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ ဟားမားစ်၊ ဟစ်ဇ်ဘိုလာ၊ ဟိုသီစတဲ့ လက်နက်ကိုင် အင်အားစုတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
ဆင်ဝါ သေဆုံးသွားတာဟာ ထိန်းသိမ်းခံထားရဆဲ အစ္စရေး ဓားစာခံတွေ လွတ်မြောက်ခွင့်ရဖို့ အခွင့်အလမ်းတွေ ပိုလမ်းပွင့်လာစေသလို ဂါဇာမှာ အီရန်နဲ့ ဟားမားစ် ချုပ်ထိန်းမှု ကင်းတဲ့ ခေါင်းဆောင်မှု ပုံစံသစ်တစ်ခု ပေါ်ထွန်းလာဖို့လည်း တွန်းအား ဖြစ်စေကြောင်း ကတ်ဇ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့ အစောပိုင်းတုန်းကတော့ IDFဟာ သုတ်သင်ခဲ့တဲ့ ဟားမားစ် အဖွဲ့ဝင်တွေထဲမှာ ဆင်ဝါ ပါဝင်နိုင်ခြေကို စစ်ဆေးနေဆဲလို့သာ ထုတ်ပြန်ခဲ့ပြီး ညပိုင်းမှာတော့ ဆင်ဝါ သေဆုံးမှုကို ကတ်ဇ်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
IDFဟာ ရရှိခဲ့တဲ့ ဟားမားစ် အဖွဲ့သားတွေကို DNA တိုက်ဆိုင် စစ်ဆေး အတည်ပြုမှုတွေ လုပ်ဆောင်ပြီးမှသာ ဆင်ဝါ သေဆုံးတယ် ဆိုတာကို ကမ္ဘာသိ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဆင်ဝါဟာ အစ္စရေးရဲ့ အကျဉ်းသား ဖြစ်ခဲ့ဖူးပြီး အဲဒီ အချိန်တုန်းက သူ့ရဲ့ သွားဖက်ဆိုင်ရာ အချက်အလက်တွေ အပါအဝင် DNA နမူနာတွေကို အစ္စရေးက သိုမှီး ရယူထားခဲ့ပြီးသား ဖြစ်ပါတယ်။
IDFရဲ့ ထုတ်ပြန်ချက်မှာတော့ ဂါဇာ တောင်ပိုင်းက ရာဖားဟ်မြို့ထဲမှာ ဟားမားစ် အကြမ်းဖက်သမားတွေ ခိုအောင်းနေတဲ့ အဆောက်အအုံ တစ်ခုကို ပစ်မှတ်ထား စီးနင်းခဲ့တာဖြစ်ကြောင်း၊ အဲဒီ အဆောက်အအုံထဲမှာ ဓားစာခံတွေ ရှိနေခဲ့တယ်ဆိုတဲ့ အထောက်အထားကိုတော့ မတွေ့ခဲ့ရကြောင်း ဖော်ပြထားခဲ့ပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုယက်ဗ် ဂဲလန့်ကတော့ ရန်သူတွေဟာ အစ္စရေးရဲ့ စက်ကွင်းကနေ ဘယ်လိုပုန်းပုန်း မလွတ်မြောက်နိုင်ဘူး ဆိုတာကို ဆင်ဝါ သေဆုံးမှုက သက်သေခံနေတယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
ဆင်ဝါဟာ အနေအထိုင် အရမ်းသိုသိပ်ပြီး ဟားမားစ် အဖွဲ့ထဲက သဘောထား အတင်းမာဆုံး စစ်ရေးဝါဒီတွေရဲ့ ခေါင်းဆောင် တစ်ဦး၊ အီရန်ရဲ့ အမာခံ မဟာမိတ် တစ်ဦးအဖြစ် လူသိများပါတယ်။ သူဟာ အစ္စရေးနယ်စပ် ကျူးကျော် တိုက်ခိုက်ခံခဲ့ရတဲ့ ဟားမားစ် စစ်ဆင်ရေး အပြီးကတည်းက IDFနဲ့ အစ္စရေး ထောက်လှမ်းရေးရဲ့ အလိုအရှိဆုံး နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
ကိုးကား: Euro News
