ဒါဟာ လက်ဘနွန်မှာရှိတဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေရဲ့ စစ်ရေး ပစ်မှတ်တွေကို တစ်ပတ်လောက် လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲခဲ့တဲ့နောက် အစ္စရေးရဲ့ စစ်ဆင်ရေးတွေ တစ်ဆင့်တက်လာတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
IDFက အစ္စရေးဟာ နိုင်ငံမြောက်ပိုင်း နယ်စပ်နဲ့ ဆက်စပ်နေတဲ့ လက်ဘနွန် တောင်ပိုင်း ကျေးရွာတချို့ကို အကန့်အသတ်နဲ့ တိတိကျကျ နေရာရွေးချယ်ပြီး စီးနင်းမှုတွေ စတင် လုပ်ဆောင်ခဲ့တယ်လို့ အတည်ပြုခဲ့တာပါ။
အဲဒီ ကျေးရွာတွေဟာ တည်နေရာအရ နယ်စပ်နဲ့ ကပ်လျက်ရှိနေပြီး အစ္စရေးမြောက်ပိုင်း အခြေစိုက် လူ့အဖွဲ့အစည်းတွေကို အချိန်မရွေး ခြိမ်းခြောက်နိုင်လောက်တဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း IDFက ဆိုပါတယ်။
မြေပြင်တပ်တွေက စစ်ဆင်ရေး လုပ်ဆောင်နေချိန် အတောအတွင်း အစ္စရေး လေတပ်နဲ့ လက်နက်ကြီးတပ်က တိကျတဲ့ ပစ်မှတ်ရွေးချယ် တိုက်ခိုက်မှုတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ IDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement
ဒါဟာ IDFက လက်ဘနွန် နယ်စပ်မှာ ရန်သူတော် ဟစ်ဇ်ဘိုလာတွေ အခြေပြု လှုပ်ရှားနိုင်လောက်တဲ့ နေရာတွေကို လက်ဦးမှုယူပြီး ရှင်းလင်းနေတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
ဂါဇာစစ်ပွဲတလျှောက်မှာ ဟစ်ဇ်ဘိုလာတွေနဲ့ အစ္စရေးတို့ဟာ နယ်စပ်ဖြတ်ကျော်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ရာမှာ အဲဒီ နယ်စပ်ကျေးရွာတွေကနေ ဟစ်ဇ်ဘိုလာတွေက အစ္စရေး ပိုင်နက်ထဲ ဒုံးကျည်တွေနဲ့ လှမ်းပစ်ခဲ့ပါတယ်။
အစ္စရေးရဲ့ စစ်ရေး ဖြန့်ကျက်မှုတွေဟာ ဂါဇာတင် မကဘဲ လိုအပ်တဲ့ တခြားနေရာတွေပါ ပါဝင်လာမှာ ဖြစ်ကြောင်း၊ ပြီးတော့ အစ္စရေးဟာ အဓိက စစ်ရေး ရည်မှန်းချက်ဖြစ်တဲ့ အစ္စရေး ပြည်သူတွေရဲ့ လုံခြုံဘေးကင်းမှုကို ကာကွယ် စောင့်ရှောက်နိုင်ရမယ် ဆိုတဲ့အချက် သေချာ ခိုင်မာသွားတဲ့ထိ စစ်ဆင်ရေးတွေကို ဆက်လက် လုပ်ဆောင်မယ်လို့ IDF ထုတ်ပြန်ချက်က ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ဟစ်ဇ်ဘိုလာရဲ့ ဒုတိယ ခေါင်းဆောင် နီယမ် ကာဆမ်က အစ္စရေးတပ်တွေ မြေပြင်ကနေ ဝင်လာရင် ဧည့်ခံဖို့ ဟစ်ဇ်ဘိုလာတွေက အသင့်ဖြစ်နေပြီလို့ ခြိမ်းခြောက် သတိပေးထားပါတယ်။ ဒါဟာ အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာစ်ရာလာဟ် သေဆုံးပြီးနောက်ပိုင်း ရုပ်မြင်သံကြား ထုတ်လွှင့်မှု တစ်ခုမှာ ကာဆမ်က ပထမဆုံးအကြိမ် လူလုံးထွက်ပြမှုလည်း ဖြစ်ခဲ့ပါတယ်။
လက်ဘနွန်မှာ အဓိက အခြေစိုက်ပြီး ဆီးရီးယားမှာလည်း ဖြန့်ကျက်ထားတဲ့ ဟစ်ဇ်ဘိုလာတွေဟာ အရှေ့အလယ်ပိုင်း ဒေသအနှံ့ အစ္စရေးရဲ့ နံပါတ်တစ် ရန်သူတော် အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် အင်အားစုတွေထဲမှာ အင်အား အတောင့်ဆုံး၊ လက်နက်တပ်ဆင်နိုင်စွမ်း အမြင့်မားဆုံး တပ်လည်း ဖြစ်ပါတယ်။ အစ္စရေးဟာ စက်တင်ဘာ လလယ်လောက်ကစလို့ ဟစ်ဇ်ဘိုလာတွေ အထိနာစေမယ့် မဟာဗျူဟာမြောက် တိုက်ခိုက်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်တိုက် လုပ်ဆောင်နေပါတယ်။
ဟစ်ဇ်ဘိုလာတွေရဲ့ အင်အားနဲ့ ယှဉ်လိုက်ရင် သေးသေးလေး ဖြစ်သွားလောက်တဲ့ လက်ဘနွန် အစိုးရစစ်တပ်ကတော့ လက်ရှိ ပဋိပက္ခတွေအတွင်း နိုင်ငံရဲ့ နယ်စပ် ဧရိယာတွေမှာ တပ်စွဲထားရာကနေ ယာယီ ဆုတ်ခွာထားကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။
ကိုးကား: CNA
