close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဘနွန် တောင်ပိုင်းက ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်တွေ အမြန်ဆုံး ထွက်ခွာဖို့ အစ္စရေး ဝန်ကြီးချုပ်ပြော

လက်ဘနွန် တောင်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေ အမြန်ဆုံး ထွက်ခွာကြဖို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သတိပေးလိုက်ပါတယ်။

လက်ဘနွန် တောင်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေ အမြန်ဆုံး ထွက်ခွာကြဖို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သတိပေးလိုက်ပါတယ်။

အစ္စရေးစစ်တပ် (IDF)ဟာ လက်ဘနွန် တောင်ပိုင်း ဒေသတွေမှာ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေရဲ့ စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေသလို မြေပြင်ထိုးစစ်ကိုလည်း အကန့်အသတ်နဲ့ ဆင်နွှဲနေတယ်လို့ ကြေညာထားပါတယ်။

နေတန်ညာဟုက လောလောဆယ်မှာ လက်ဘနွန် တောင်ပိုင်းဟာ အန္တရာယ်ဇုန် ဖြစ်လာတာကြောင့် ကုလသမဂ္ဂက ကြားခံအဖြစ် ဖြန့်ကျက်ထားတဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့တွေ အလျင်အမြန် ထွက်ခွာသင့်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ အဲဒီတပ်ဖွဲ့တွေ လက်ဘနွန်မှာ ဆက်ရှိနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဓားစာခံဘဝရောက်အောင် ကြားဝင်ပြီး ဒုက္ခခံတာနဲ့ တူနေလိမ့်မယ်လို့လည်း နေတန်ညာဟုက ဆိုပါတယ်။

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ စစ်ရေးပဋိပက္ခကြောင့် လက်ဘနွန် တောင်ပိုင်းမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တဲ့ သတင်းတွေအပြီး နေတန်ညာဟုက အခုလို သတိပေးလာခဲ့တာ ဖြစ်ပါတယ်။

မနှစ်က အောက်တိုဘာလက ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေး-ဟားမားစ် စစ်ပွဲ စတင်ချိန် ကတည်းက အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ နေ့စဉ်နီးပါးလောက် ရှိနေခဲ့ပါတယ်။ ဒါပေမဲ့လည်း အခြေအနေတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ် တချို့မှာ သိသိသာသာ ဆိုးရွားတင်းမာလာပြီး အစ္စရေးက လက်ဘနွန် ပိုင်နက်ထဲမှာ ဟစ်ဇ်ဘိုလာ စစ်ရေးပစ်မှတ်တွေကို အကြိမ်ပေါင်းထောင်ချီ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

၁၉၇၈ ခုနှစ်ကစလို့ ကုလသမဂ္ဂ အသိအမှတ်ပြု အစ္စရေး-လက်ဘနွန် နယ်ခြားမျဉ်းဖြစ်ပြီး မျဉ်းပြာလို့ သတ်မှတ် ခေါ်ဝေါ်တဲ့ လက်ဘနွန် တောင်ပိုင်း နယ်နိမိတ် အပါအဝင် နိုင်ငံရဲ့ ဒေသတချို့မှာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၅၀ လောက်က စေလွှတ်ထားတဲ့ တပ်ဖွဲ့ဝင် ၁၀၀၀၀ နီးပါးနဲ့ အရပ်ဖက် အမှုထမ်း ၈၀၀ ဝန်းကျင် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လက်ဘနွန်မှာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် အနည်းဆုံး ၅ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီထဲက တစ်ဦးဟာ အခြေစိုက် စခန်းထဲမှာ ရှိနေတဲ့အချိန် ဘယ်သူဘယ်ဝါ ပစ်ခတ်လိုက်မှန်း မသိတဲ့ ကျည်ဆန် ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ မတိုင်ခင်ကလည်း IDF တပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် သီရိလင်္ကာ နိုင်ငံသား ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အစ္စရေး တင့်ကားတစ်စီးရဲ့ ပစ်ခတ်မှုကြောင့် လက်ဘနွန် တောင်ပိုင်းမှာရှိတဲ့ ကင်းမျှော်စင် တစ်ခုကနေ အင်ဒိုနီးရှား နိုင်ငံသား ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်နှစ်ဦး ပြုတ်ကျပြီး ဒဏ်ရာတွေ ရခဲ့ပါတယ်။

အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ အစ္စရေးရဲ့ အနောက်မဟာမိတ် နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ စပိန်တို့က အစ္စရေးကို ဝေဖန်ခဲ့ပေမယ့် နေတန်ညာဟုကတော့ ဒီဝေဖန်မှုတွေဟာ အစ္စရေးဆီ ရောက်မလာသင့်ဘဲ ရန်လာစတဲ့ ဟစ်ဇ်ဘိုလာတွေဆီကိုသာ ဦးတည်သင့်တယ်လို့ ခွန်းတုံ့ပြန်ခဲ့ပါတယ်။

သူက ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့တွေဟာ လက်ရှိ ပဋိပက္ခတွေ ပြင်းထန်မလာခင် လက်ဘနွန် တောင်ပိုင်းကနေ ဟစ်ဇ်ဘိုလာတွေက အစ္စရေးကို ရန်စပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ်တာကို ထိထိရောက်ရောက် မတားဆီးနိုင်ခဲ့ဘူးလို့လည်း အပြစ်တင်သွားခဲ့ပါတယ်။

သူက ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်တွေ လက်ဘနွန် တောင်ပိုင်းကနေ ထွက်ခွာဖို့ ငြင်းဆိုနေတာကိုလည်း ဝေဖန်ခဲ့ပြီး ဒီလုပ်ရပ်ဟာ ဟစ်ဇ်ဘိုလာ အကြမ်းဖက်သမားတွေအတွက် လူသားဒိုင်းအဖြစ် ကိုယ့်ကိုယ်ကိုယ် အသုံးချနေတာနဲ့ တူတူပဲလို့လည်း ပြောကြားသွားခဲ့ပါတယ်။ နောက်ပြီး အဲဒီဧရိယာမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်တွေ ရှိနေတာဟာ သူတို့အတွက်ရော၊ အစ္စရေး တပ်ဖွဲ့ဝင်တွေ အတွက်ပါ မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်စေတယ်လို့လည်း နေတန်ညာဟုက ဆိုပါတယ်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေအတွက် စိတ်မကောင်းကြောင်း၊ အဲဒီလို အဖြစ်မျိုးတွေ မကြုံရအောင် အစ္စရေးဟာ စွမ်းနိုင်သမျှ အားထုတ်မှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ အဲဒီတပ်ဖွဲ့တွေ ကိုယ်တိုင် အန္တရာယ်ဇုန်ကို စွန့်ခွာသွားခြင်းသာ ဖြစ်ကြောင်း နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့တွေကတော့ လက်ဘနွန်မှာ ဖြန့်ကျက်ထားမှုတွေကို ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား: Times of Israel

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွက် အီရန်ဟာ သေချာပေါက် ပြန်ပေးဆပ်ရမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက တင်းတင်းမာမာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လက်ဘနွန်နဲ့ နယ်စပ်မှာ မြေပြင် စစ်ဆင်ရေးတွေ စတင် လုပ်ဆောင်နေပြီလို့ အစ္စရေး စစ်တပ် (IDF)က အောက်တိုဘာ ၁ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ကို ပစ်မှတ်ထား လုပ်ကြံခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုအကြောင်း ကြိုတင် မသိခဲ့ဘူးလို့ အမေရိကန်က အစိုးရက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လက်ဘနွန်မှာ လက်ရှိ အရှိန်မြှင့် လုပ်ဆောင်နေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ မြေပြင်ထိုးစစ် မတိုင်ခင် ကြိုတင်ပြင်ဆင်မှုတွေ ဖြစ်တယ်လို့ အစ္စရေး စစ်တပ် အကြီးအကဲက ပြောကြားသွားပါတယ်။