close
Connect with us

Hi, what are you looking for?

သတင်း

စွယ်တော်ကုန်းစခန်းသိမ်းပိုက်မှု ၁၂၀ မမ လက်နက်ကြီး ၂လက်နှင့် ပွိုင့်ဖိုက်စက်သေနတ် အပါအဝင် လက်နက်များစွာရဟု KNU ထုတ်ပြန်

ဒေသတွင်း ပြည်သူများကို လက်နက်ကြီးပစ်ခတ်ကျူးလွန်ခဲ့သည့် စခန်းကို ၇လကြာ ပိတ်ဆို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု အသိပေး

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီမြို့ လုံခြုံရေးအရေးပါသည့် စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၁၂၀ မမ လက်နက်ကြီးနှင့် စက်သေနတ်ကြီးမပါအဝင် လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ မစခ−၆၀၆ လက်အောက်ခံအမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားသော စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းအား KNLA ပူးပေါင်းတပ်က အောက်တိုဘာလ (၁၇) ရက်နေ့ မနက် (၅) နာရီတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတပ်စခန်းသည် ထိုင်းမြန်မာနယ်စပ်တွင်တည်ရှိကာ နယ်မြေစိုးမိုးရေးနှင့် နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားသော တပ်စခန်းတစ်ခုဖြစ်ပြီး လေကေ့ကော် မြို့သစ်သို့ ကျူးကျော် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ မြဝတီနှင့် ဖလူးဒေသတစ်လျှောက် လက်နက်ကြီးများနှင့် ပစ်ခတ်ကာ ပြည်သူလူထုအား အမြဲတစေလူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသော တပ်စခန်း တစ်ခုဖြစ်ကြောင်း၊ ယင်းတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တို့မှ (၇) လကြာ ဝန်းရံ ပိတ်ဆို့ပြီးနောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စခန်း သိမ်းပိုက်စဉ်အတွင်း စစ်သုံ့ပန်းများအပြင် (၁၂၀) မမ လက်နက်ကြီး (၂) လက်၊ ပွိုင့်ဖိုက် (၁) လက်နှင့် လက်နက်ငယ်များအပါအဝင် ခဲယမ်းအမြှောက်အများ ကိုလည်း သိမ်းဆည်း ရမိခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

၂၀၀၃ ခုနှစ်မှ စတင်ကာ ထိုင်း−မြန်မာ နယ်စပ်တပ်စခန်း အဖြစ် စတင်တပ်စွဲခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်များမှ တာဝန်ယူခဲ့သည့် စွယ်တော်ကုန်း စခန်း ကို စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မှစ၍တပ်မ (၂၂) တပ်မ (၄၄) နှင့် ကမ်းရိုးတမ်းတပ်များပါ လာရောက်တပ်စွဲခဲ့သော စခန်းဖြစ်ကြောင်း KNU က အသိပေးထားသည်။

KNU အနေဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် KNU ၏ စစ်ရေးလမ်းစဉ်၊ တိုက်ပွဲလမ်းညွှန်အတိုင်း ခြွေစစ်ကို အသုံးပြု တိုက်ခိုက်နေကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ​အောက်တိုဘာ ၁၇တွင် ပြောသည်။

KNU၏ နိုင်ငံခြားရေးဌာန တာဝန်ခံ တစ်ဦးလည်းဖြစ်သည့် ပဒိုစောတောနီးအား စွယ်တော်ကုန်း တပ်စခန်း သိမ်းပိုက်နိုင်မှုနှင့်ပတ်သက်ပြီး ၎င်း၏ သဘောထားကို မေးမြန်းရာ “အဲဒါက ကျနော်က စစ်ရေးဘက်မှာမကျွမ်းကျင်ဘူးလေ။ ပြောစရာလည်း မလိုဘူး။ သို့သော် မျက်လုံးနဲ့ ကြည့်ပြီး မြင်နေရတာက အခုက လေးကေ့ကော်ရော၊ မြ၀တီရော ဘေးနားမှာ ဘာမှမရှိဘဲနဲ့ တခါတည်း မြ၀တီမြို့ကြီးက ဟိုး လဟာပြင်စျေးကြီးလိုဖြစ်နေတာ။ ဘေးနားမှာ ဘာမှမရှိတော့ဘူး။ ကျနော် အဲဒီလောက်ပဲ ပြောချင်တယ်” ဟု မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

KNU ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးနဲ့ ​မေးမြန်းခန်း

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ရာ ကလေးငယ်တစ်ဦး နှင့် ၎င်း၏ မိခင်သေဆုံးခဲ့ရပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ (၅) က သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်စခန်းတစ်ခုမှ စခန်းစွန့် လာသည့် စစ်ကြောင်းကို KNU/KNLA တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် ၃၀ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

သတင်း

ဖာပွန်ခရိုင်၌ စက်တင်ဘာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၇၀ကျော် သေဆုံးဟု KNU အသိပေး

Facebook