တကယ်လို့ NATO စစ်မဟာမိတ် အဖွဲ့ဝင်ဖြစ်ခွင့်ကို ငြင်းဆိုခြင်း ခံရမယ်ဆိုရင် ယူကရိန်းဟာ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေး လမ်းကြောင်းကို မလွှဲမရှောင်သာ ရွေးချယ်ရဖွယ် ရှိတယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဆီ လိပ်မူတဲ့ မိန့်ခွန်းမှာ ဇီလန်စကီးက ယူကရိန်း အနေနဲ့ ရုရှားရဲ့ရန်ကို တွန်းလှန်ဖို့ဆိုရင် အားကောင်းတဲ့ အဟန့်အတား အစီအမံတစ်ခု လက်ဆုပ်လက်ကိုင် ရှိနေဖို့ လိုတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
“ယူကရိန်းဟာ အကာအကွယ်အဖြစ် နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားရမလား၊ ဒါမှမဟုတ် NATOလိုမျိုး မဟာမိတ် အစုအဖွဲ့ တစ်ခုခုရဲ့ အစိတ်အပိုင်းအဖြစ် ရှိနေမလား ဆိုတာကို ရွေးရမှာပါ။ ပြီးတော့ NATOကလွဲရင် ရုရှားရန်ကို ထိထိရောက်ရောက် တွန်းလှန်နိုင်မယ့် မဟာမိတ် အစုအဖွဲ့မျိုးလည်း မရှိနိုင်ပါဘူး”လို့ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
အမေရိကန်ကို ရောက်ရှိချိန်မှာ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်နဲ့လည်း ဆွေးနွေးခဲ့ကြောင်း၊ ထရမ့်က လက်ရှိ အခြေအနေမှာ ယူကရိန်းကသာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ရေးအတွက် အားထုတ် ကြိုးစားလာမယ်ဆိုရင် မျှတတယ်လို့ ယူဆနေကြောင်းလည်း ဇီလန်စကီးက ဆက်ပြောပါတယ်။

Public Service Announcement
ယူကရိန်းဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့ချိန်တုန်းက နိုင်ငံသစ် တစ်ခုအဖြစ် လွတ်လပ်ရေး ရလာချိန်မှာ နျူကလီးယား ထိပ်ဖူး အမြောက်အမြားကို လက်ခံရရှိခဲ့ပြီး ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အင်အား တတိယ အကြီးဆုံး နိုင်ငံအဖြစ် ရပ်တည်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုလားကြောင်း ပြသမှု တစ်ခုအဖြစ် နောက်ထပ် ၃ နှစ်အကြာမှာ ယူကရိန်းဟာ အဲဒီ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ပြီး ရုရှားဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
အဲဒီတုန်းက အမေရိကန်နဲ့ ရုရှားတို့ အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက နျူကလီးယား လက်နက်တွေ စွန့်လွှတ်ပေးခဲ့တဲ့ ယူကရိန်းရဲ့ လုံခြုံရေးကို ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးဖို့ ကတိခံခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့နောက်ပိုင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ နျူကလီးယား လက်နက်တွေ ထုတ်သုံးပြီး တိုက်ခိုက်မယ်ဆိုတဲ့ စကားမျိုးနဲ့ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ယူကရိန်းဖက်ကပါ နျူကလီးယားအကြောင်း ထုတ်ပြောလာတာကတော့ အခုတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် NATOဟာ ယူကရိန်းကို လက်ခံပေးဖို့ ဆက်လက် နှောင့်နှေးနေမယ်ဆိုရင် ယူကရိန်း အနေနဲ့ နျူကလီးယား လမ်းဟောင်းဆီ ပြန်လျှောက်တော့မယ်လို့ ဇီလန်စကီးက တပ်လှန့် သတိပေးလိုက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
ဇီလန်စကီးက ၁၉၉၄ ခုနှစ်မှာ ယူကရိန်းဟာ ပိုင်ဆိုင်ထားသမျှ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ အားလုံးကို လုံခြုံရေး အာမခံချက် ကတိကဝတ်တွေအပေါ် ယုံစားပြီး စွန့်လွှတ်ပေးခဲ့တာက အကြီးအကျယ် မှားယွင်းတယ်လို့လည်း ဆိုပါတယ်။
အဲဒီ လက်နက်တွေကို စွန့်လွှတ်ပေးတဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်း တစ်နိုင်ငံတည်းက ချမှတ်ခဲ့ကြောင်း၊ မျက်မှောက်ကာလ စစ်ပွဲကိုလည်း ယူကရိန်း တစ်နိုင်ငံတည်းကပဲ ဒိုင်ခံပြီး တိုက်နေရကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။
ယူကရိန်းမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ ၄ ခု လည်ပတ်နေပြီး ဂျာမန်ထုတ် Bild မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ ယူကရိန်းစစ်တပ်ရဲ့ လက်နက် အဝယ်တော် ထိပ်တန်း အရာရှိ တစ်ယောက်က သူ့နိုင်ငံဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တချို့ ထုတ်လုပ်နိုင်တဲ့ အရင်းအမြစ်နဲ့ အစွမ်းအစမျိုး ပိုင်ဆိုင်ထားတယ်လို့ ပြောကြားဖူးပါတယ်။
ဇီလန်စကီးက လက်ရှိ အနေအထားမှာတော့ NATOက ယူကရိန်းကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့ အမြန်ဆုံး ဖိတ်ကြားမလား ဆိုတာဟာ အရေးအကြီးဆုံး မေးခွန်းတစ်ခု ဖြစ်လာတယ်လို့လည်း သတိပေးခဲ့ပါတယ်။
စစ်ရေးသုတေသီ တစ်ဦးကတော့ အကြီးအကျယ် စစ်ပန်းနေတဲ့ အနေအထားမှာ ဇီလန်စကီး ဦးဆောင်တဲ့ ယူကရိန်း အစိုးရရဲ့ ကြံရာမရ ဖြစ်မှုကို လျှော့မတွက်သင့်ဘူးလို့ မှတ်ချက် ပေးထားပါတယ်။ တစ်ချိန်တည်းမှာပဲ ယူကရိန်းသာ နျူကလီးယား လက်နက် ပိုင်ဆိုင်လာမယ်ဆိုရင် ရုရှားရန်ကို တွန်းလှန်မယ့် အဟန့်အတားမျိုး ဖြစ်လာမယ့်အစား အခြေအနေတွေကို ပိုပြီး ရှုပ်ထွေး သွားစေနိုင်ကြောင်း ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပြန်ပါတယ်။
ကိုးကား: Telegraph
