ကဖေး/People’s Spring
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ နတ်ချောင်း တိုက်နယ်ဆေးရုံကို စစ်ကောင်စီက ယနေ့ (ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၁၀နာရီမိနစ် ၂၀ အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
လူထိခိုက်သေဆုံးမှုမရှိသော်လည်း ဆေးရုံ အဆောက်အအုံပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီသည် ယမန်နေ့ကလည်း ကလေးမြို့တောင်ပိုင်းရှိ ဆေးခန်းတစ်ခုကို လေ ကြောင်းမှဗုံးကြဲ တိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement
ဖေဖော်ဝါရီ ၁၂ရက်မှ ၁၄ရက်အထိ ၃ရက် အတွင်း စစ်ကောင်စီရှိသည် ကလေးမြို့နယ်၌ Y12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၁၃၀ကျော် ကြဲချတိုက်ခိုက်ခဲ့သလို ဂျက်ဖိုက်တာဖြင့်လည်း တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများအတွင်း အရပ်သားထိခိုက်မှုမရှိခဲ့သော်လည်း အဆောက်အအုံများပျက်စီးခဲ့သည်။
ဇန်နဝါရီ ၃၁ရက်နှင့် ဖေဖော်ဝါရီ၂ရက်က လေကြောင်းတိုက်ခိုက်မှုအတွင်း မိသားစုလိုက် သေဆုံးသူ ငါးဦးအပါအဝင် အရပ်သားကိုးဦးသေဆုံးခဲ့သည်။
လက်ရှိ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေကြရသလို ဗုံးခိုကျင်းများအတွင်း နာရီပေါင်းများစွာ ပုန်းအောင်းနေကြရသည်။
နတ်ချောင်းကျေးရွာသည် စစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်ပွားလာသည့် လူထုခုခံတိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နေရာဖြစ်ပြီး စစ်ကောင်စီက ၂၀၂၁အတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အစောဆုံးကျေးရွာများတွင် ပါဝင်သည်။
စစ်ကောင်စီ ယမန်နေ့က နိုင်ငံအနှံ့နေရာအများအပြားတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ် နေထိုင်ခြင်းနှင့် သက်ဆိုင်သည့်အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၄ရက်)တွင် ထပ်မံထုတ်ပြန်သည်။
စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်း အသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုဘေးအန္တ ရာယ် ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း အသိပေးသည်။
လေကြောင်းတိုက်ခိုက်မှုခံရချိန် လုပ်ဆောင်ရန် အချက်များကို ဖော်ပြထားရာ လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် စိတ်ငြိမ်ငြိမ်ထားရန်၊ အနီးဆုံးအကာအကွယ်ကိုရှာရန်၊ အချိန်မီပါက ဗုံးခိုကျင်းသို့ရောက်အောင်သွားရန်၊ နေအိမ်အတွင်းတွင်ရှိနေပါက ကြိုတင်ပြင်ဆင် ထားသည့် အခန်းတွင်းဝင်နေရန်နှင့် ကြိုတင် ပြင်ဆင် ထားသည့် အခန်းမရှိပါက ခိုင်ခံ့သည့်စားပွဲပေါ်တွင် စောင်များ၊ မွေ့ယာများ၊ စာအုပ်များ ဖုံးအုပ်၍ အောက်တွင် ဝင်နေရန် လိုအပ်ကြောင်း ရေးသားထားသည်။
ထို့ပြင် အကာအကွယ်မရှိသည့်နေရာ (ကွင်းပြင်) တွင် ရှိပါက မြေနိမ့်သောနေရာကို ရှာဖွေ၍ ဝပ်နေရန်၊ ဦးခေါင်းကို မထိခိုက်စေရန် လက်ဖဝါး(သို့) အင်္ကျီဖြင့်အုပ်ရန်၊ ပေါက်ကွဲမှုအသံနှင့် တုန်ခါမှုကြောင့် နားစည်ကိုထိခိုက်နိုင်သဖြင့် နားကိုလုံအောင်ပိတ်ရန်၊ လွင့်စင်လာသော အစများ မျက်လုံးထဲ မဝင်စေရေး မျက်စိမှိတ်ထားရန်နှင့် ပေါက်ကွဲမှု၏ ပြင်းအားနှင့် လေဖိအားကြောင့် အဆုတ်ကို ထိခိုက်မှုနည်းစေရန် ပါးစပ်ကို အနည်းငယ်ဟထားရန် ဖော်ပြထားသည်။
စစ်ကောင်စီအနေဖြင့် ကချင်၊ ရခိုင်၊ ရှမ်းမြောက်၊ ကရင်၊ ချင်း အပါအဝင် နိုင်ငံတဝန်း တိုက်ပွဲများ၌ အထိနာလျက်ရှိပြီး ၎င်းတို့ ဆုံးရှုံးထားသည့် နယ်မြေများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည် ။ထိုသို့ လေကြောင်း တိုက်ခိုက်ရာတွင် စစ်ရေးပစ်မှတ်များထက် ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာအဆောက်အဦးများ၊ ပြည်သူလူထု နေအိမ်များကို စသည့် အရပ်သားပစ်မှတ်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့၍ ပြည်သူလူထု သေဆုံးထိခိုက်မှုများစွာရှိခဲ့သည်။
