ဧပြီ ၂၈၊၂၀၂၅။ဟန်နွေ၊ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကြံသာကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦးသေပြီး လက်နက်ရှစ်လက် သိမ်းရရှိကြောင်း CDF KKG တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
CDF – KKG ၊ ချင်းအမျိုးသားတပ်မတော်(CNA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတပ်ဖွဲ့များနှင့် အခြား တော်လှန်ရေးတပ်များသည် ဧပြီ ၁၁ရက်တွင် ကြံသာကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာ၍ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု Chinland Information Centerက ယနေ့(ဧပြီ ၂၈ရက်) ညတွင် သတင်းထုတ်ပြန်သည်။
“ကြံသာ ကိုဂန့်ဂေါဘက်က ပျူစောထီးရွာ(ဟံသာဝတီရွာ)က နေ တက်လာတာပေါ့။ကျွန်တော်တို့နဲ့အကွာအဝေးက ၃ မိုင်နဲ့ ၄ဖာလုံလောက်ပဲ ဝေးတာ။အင်အား အနည်းဆုံး ၂၀၀ပါတယ်။စကစရော၊ပျူတွေရော၊ရဲတွေပါ စုဖွဲ့ထားတယ်။ကြံသာရွာကို ဒါပထမဆုံး ပြန်ထိုးစစ်ဆင်တာ။အထိနာတဲ့ စကစတွေဟံသာဝတီရွာဘက်ကို ပြန်ဆုတ်ထားတယ်”ဟု CDF KKG တာဝန်ရှိသူက ကြံသာကျေးရွာ ထိုးစစ်ဆင်ခဲ့သော စစ်ကောင်စီစစ်ကြောင်း အခြေအနေကို ရှင်းပြသည်။

Public Service Announcement
တော်လှန်ရေးပူးပေါင်းတပ်များသည် ပြီးခဲ့သည့် နှစ်လကျော်အတွင်း ကြံသာရွာ၊ ကမ်းပါနီစခန်း အပါအဝင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ စခန်း ၅ခုကို CDF-KKG Major Operation အဖြစ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် စစ်ဆင်ရေး ဖော်ဆောင်ခဲ့သည်။
ကြံသာရွာစခန်း ပြန်လည်ရရှိရေးအတွက် ယမန်နေ့နံနက် ၅နာရီတွင် စစ်ကောင်စီက စစ်ကြောင်း ၂ခုဖြင့် ပြန်လည်ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်များ ကျဆုံးမှုရှိသည်ဟုလည်း အသိပေးသည်။
စစ်ကောင်စီတပ်မှ ၂၀ဦးသေဆုံးပြီး လက်နက် ၈လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း CICက ထုတ်ပြန်သည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ဒဏ်ရာရ စစ်သားများကို ပြန်န်လည်သယ်ဆောင်ခဲ့ကြသော်လည်းတချိုကိုမူ ပစ်သတ်သွားခဲ့ကြောင်းလည်း CICက ဖော်ပြသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီက တိုက်လေယာဉ် ၊ Y12 လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဒရုန်းများ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူများနေထိုင်သည့် နတ်ချောင်း၊ နတ်မြောင်း၊ အောင်ချမ်းသာ၊ သံဖို နှင့် ငါးဖကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၄ဦး သေဆုံးခဲ့ရကြောင်းလည်းအသိပေးသည်။
စစ်ကောင်စီတပ်သည် ငလျင်ဒဏ်ကြောင့် အပစ်ရပ်စဲကြောင်း ကြေညာချက်ကို ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ယမန်နေ့ ကြန်သာရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ကို CNA၊ CDF KKG၊CDF – Vakok၊ MCF နှင့် အမှတ် (၁)စစ်ဒေသတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။
CDF-KKG Major Operation ကို ဖော်ဆောင်ရန် ယခင်နှစ် ၂၀၂၄ တွင် တော်လှန်ရေးတပ်များစုဖွဲ့ လေ့ကျင့်ပြီး ယခုနှစ် ဖေဖော်ဝါရီတွင် စတင်ခဲ့ရာ ကလေးနှင့် ဂန့်ဂေါမြို့နယ်ကြားရှိ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ အရှေ့၊ အောင်သာယာ အနောက် နှင့် ကြံသာရွာစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူ ထောင်ချီ ခုခံကာကွယ်ခဲ့ကြောင်း CDF KKGက အသိပေးထားပြီး ကျန်နေသည့် စစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း CDF KKG ဥက္ကဋ္ဌ ဆလိုင်းဇာဘွေထောင်က ဧပြီ ၂၁ရက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောထားသည်။
















































