close
Connect with us

Hi, what are you looking for?

သတင်း

မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ ညီ​နောင်သုံးဖွဲ့နှင့် တရုတ်တို့ စစ်ကောင်စီကိုနောက်ကောက်ချပြီလား

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

ယခင်ကကျင်စန်း​ကျော့ဂိတ်။ ဓါတ်ပုံ- CJ

ဇွန်-၁၃၊၂၀၂၅။အိမ်သွင်/People’s Spring

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

MNDAA၊ AAနှင့်TNLAက ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တိုက်ခိုက်ပြီး ၁၀၅ မိုင်နယ်စပ်ကုန်သွယ်​ရေးဇုန် နှင့် ကျင်စန်း​ကျော့ဂိတ်တို့ကို ထိန်းချုပ်ထားပြီးကျင်စန်းကျော့ဂိတ်တွင်ဇူလိုင် ၁ ရက်နေ့မှစ၍တရားဝင် အခွန်ကောက်မည်ဟု ကြေညာထားသည်။

ထိုသတင်းထွက်လာသည့် ဇွန်လ ၁‌၁ရက်က နှမ်း၊ ပဲတီစိမ်း၊ မြေပဲများတင်ဆောင်လာသည့် ကား ၂၂စီးကို လားရှိူးမှ သိန္နီဘက်အထွက် ရေပူစမ်းစုပေါင်းဂိတ်အနီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ကုန်သည်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“တရုတ်ကို ပို့မယ့်ကုန်တွေကဖမ်းတယ်။အဓိကက မဟာမိတ်‌တွေဘက်က မသွားဘဲ ရှမ်းတောင်ဘက်ကနေ သွားဖို့ စကစက ပုံစံသွင်းနေတယ်။ အထူးသဖြင့် မဟာမိတ်တွေဘက်ကို ဖြတ်ထားတာ” ဟု ကုန်သည်တစ်ဦးကသုံးသပ်ပြောသည်။

တရုတ်နိုင်ငံနှင့်ကုန်သွယ်ရာတွင်ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် အများဆုံးကုန်သွယ်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေသည်ဟု ကုန်သည်အချို့ပြောသည်။

မိုင်းလားနယ်စပ်ကိုမိုင်းလားလက်နက်ကိုင်အဖွဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)က ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက ကျိုင်းတုံမြို့တွင်အခြေချ၍ အခွန်ကောက်နေသည်။

ရှမ်းပြည်နယ် ​​မြောက်ပိုင်းမူလားရှိုးမြို့ ပေါ်ကွက်ကွက်လေးကိုသာ တရုတ်ကြားဝင်စွက်ဖက်မှု​ကြောင့် စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျန်ရှမ်းမြောက်တခွင်လုံးသည် တော်လှန်ရေးအင်အားစုများလက်ထဲတွင်ရှိနေသည်။ လားရှိုးမြို့မှ မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ်သို့ သွားသည့် ပြည်ထောင်စုလမ်းအတိုင်းဆိုပါက လားရှိူး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ မူဆယ် မြို့တို့ကိုဖြတ်သွားသည်။

လားရှိုးမြို့ပေါ်ကို စစ်ကောင်စီကထိန်းထားပြီး လားရှိုး-သိန္နီကြားနှင့် သိန္နီမြို့ပေါ်ကို MNDAAက ထိန်းချုပ်ထားသည်။ ကွတ်ခိုင် -နမ့်ဖက်ကာမြို့တို့ကို KIA နှင့် TNLAက ထိန်းချုပ်ထားပြီး မူဆယ်မြို့ပေါ်ကို စစ်ကောင်စီနှင့်ပြည်သူ့စစ်များက ထိန်းချုပ်ထားသည်။ မူဆယ်မြို့နယ်အတွင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် တုံခမ်ရွာလမ်းမှတဆင့် သွားရသည့် ကျင်စန်းကျော့ဂိတ်ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားသည်။

ကျင်စန်းကျော့ဂိတ်မှ အခွန်ကောက်ခံမည့်ကိစ္စနှင့်ပတ်သက်၍ မဟာမိတ်သုံးဖွဲ့ကထုတ်ပြန်ရာ၌ တရုတ်-မြန်မာနယ်နယ်စပ်ဂိတ်များ ပိုမိုဖွင့်လှစ်၍ ကုန်ကားများအဝင်အထွက်များလာခြင်းကြောင့် ဇူလိုင် ၁ ရက်နေ့မှစတင်၍ ကုန်သွယ်မှုအသွင်းအထုတ် ဂျူတီဆောင်ခနှုန်းထားများကို စီမံခန့်ခွဲမည်ဖြစ်ပြီး အွန်လိုင်းကုန်သွယ်မှုအခွန်ဆောင်စနစ်နှင့်ယာဉ်မှတ်ပုံတင်ခြင်းစနစ်များကို အဆင့်မြှင့်တင်မည်ဟု အသိပေးထားသည်။

နယ်စပ်ကုန်သည်များ၊ ဂျူတီဆောင်ကုမ္ပဏီများ၊ ကုန်ကားဂိတ်များအနေဖြင့် ဇူလိုင်လ ၁ ရက်နေ့မတိုင်မီညီနောင်သုံးဖွဲ့၏ အကောက်ခွန်ဌာန လက်အောက်ခံ ကျင်းတာ ကုန်စည်ပို့ဆောင်ရေးဌာနတွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် ယာဉ်မှတ်ပုံတင်ခြင်းများကို ပြီးစီးအောင် လုပ်ဆောင်ရန် အသိပေးထားသည်။ ကိုယ်တိုင်ကြိုတင်အခွန်အကောင့်ဖွင့်ခြင်း၊ ယာဉ်အဝင်အထွက်ကြိုတင် မှတ်ပုံတင်ခြင်းနှင့် ကတ်ပြားများ ထုတ်ပေးခြင်းများကို မဟာမိတ်ညီနောင် သုံး ဖွဲ့၏ အကောက်ခွန်ဌာနက ဆောင်ရွက်မည်ဟုအသိ​ပေးထားသည်။

ဇူလိုင်လ ၁ ရက်နေ့ နယ်စပ်ကုန်သွယ်ရေး မစတင်မီ မှတ်ပုံတင်ရမည်ဖြစ်ပြီး လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုမဖြစ်စေရန် စာရွက်စာတမ်း အထောက်အထားများကို အမြန်ဆုံး ပြင်ဆင်ထားရန် ကျင်စန်းကျော့ဂိတ်တွင် တရားဝင် ကြေညာထားသည်ဟု ကုန်သည်အချို့ကပြောသည်။

“ကျင်စန်းကျော့ဂိတ်ကိစ္စမှာတရုတ်ကမဟာမိတ်တွေကိုနည်းပညာပါအကူအညီပေးနေတာ။မူဆယ်မှာဆို ကျန်တဲ့ဂိတ်တွေကို မသုံးသေးဘူး။ မဟာမိတ်သုံးဖွဲ့ကို အခွင့်အရေးပေးလိုက်တဲ့ သဘောပဲ။ စစ်ကောင်စီကတော့ အစာကျေမှာမဟုတ်ဘူး”ဟု မူဆယ်မြို့ခံ ကုန်သည်တစ်ဦးကပြောသည်။

စစ်ကောင်စီသည် တရုတ်အစိုးရ၏ အကူအညီယူပြ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် ဆွေးနွေးမှုများရှိနေသော်လည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားဆဲဖြစ်သည်။ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်သူများကို အရေးယူမည်ဟုလည်းကြေညာထားသည်။ ထို့ကြောင့်မြောက်ပိုင်းသုံးဖွဲ့ထိန်းချုပ်ထားသည့်နေရာများကို အသုံးပြုနေသည့်ကုန်သည်များ၊ ယာဉ်မောင်းများက စိုးရိမ်မှုများရှိနေသည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကို ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီက တရုတ်နိုင်ငံသို့ကုန်သွယ်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်းလမ်းကို ပိုမိုအသုံးပြုရန် ကြိုးပမ်းနေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှတဆင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတွင် လားရှိုး-သိန္နီ- ချင်းရွှေဟော်- လောက်ကိုင်လမ်းလည်း ရှ်ိသည်။ လားရှိုးမြို့‌ ပေါ်ကို စစ်ကောင်စီထံ MNDAA က ဧပြီလကပြန်ပေးပြီးနောက်ပိုင်း ချင်းရွှေဟော်နှင့် လောက်ကိုင်နယ်စပ်ဂိတ်များပြန်ဖွင့်ထားသော်လည်း ကုန်စည်စီးဆင်းမှုနည်းပါးနေဆဲဟု သတင်းရရှိသည်။

မြန်မာသည် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုကျော်ရှိပြီး အများအပြားကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။ ထိုအခြေအနေတွင် စစ်ကောင်စီက ကုန်သွယ်ရေးကဏ္ဍမှတစ်ဆင့် တော်လှန်ရေးအင်အားစုများထံ ငွေကြေးများစီးဆင်းနေသည်ဟု ခေါင်းစဉ်တပ်ကာတရားမဝင် ကုန်သွယ်မှုများကို ပြင်းပြင်းထန်ထန် နှိမ့်နင်းမည်ဟု ခြိမ်း​ခြောက်ထားသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကို ဖွဲ့စည်းထားပြီး စစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဥက္ကဋ္ဌနေရာယူထားသည်။နေပြည်တော်တွင်မေ ၂၆ရက်က ပြုလုပ်ခဲ့သည့်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအစည်းအဝေးတွင်လည်း တရားမဝင်ကုန်သွယ်မူများကို တိုက်ဖျက်ရန် ထပ်မံသတိပေးသွားသည်။ထို့အပြင် ကုန်စည်သယ်ဆောင်မှုများနှင့်ပတ်သက်၍လည်း သတင်းပေးများကိုစစ်ကောင်စီကမွေးထားသည်။ အဆိုပါသတင်းပေးများကို ဖမ်းမိထားသည့်ကုန်စည်တန်ဖိုးအလိုက် စစ်ကောင်စီက ငွေကြေးမက်လုံးပေးထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှကုန်သည်တစ်ဦးကမူကုန်သွယ်ရေးနှင့်ပတ်သက်၍ စစ်ကောင်စီသည် တည်ငြိမ်သည့်မူဝါဒမရှိဘဲ ဖမ်းချင်သလိုဖမ်းနေကြောင်း၊ နိုင်ငံရေးအရအစာမကျေမှုများကို အညှိုးထားကာ တော်လှန်ရေးအင်အားစုများဘက်မှထွက်လာသည့်ကုန်စည်များ(သို့မဟုတ်)တော်လှန်ရေးအင်အားစုများဘက်သို့ ဦးတည်သည့်ကုန်စည်များကို အကြောင်းပြချက်မျိုးစုံဖြင့်ဖမ်းဆီးနေသည်ဟု ပြောသည်။လက်ရှိကုန်သွယ်ရေးအခြေအနေများသည် ကြိုးတန်းပေါ်လျှောက်နေရသည့်အနေအထားဟု သုံးသပ်သည်။

“လားရှိုးကိုစစ်တပ်လက်ထဲပြန်မပေးခင်တုန်းကတော့ ရှမ်းမြောက်ကို တရုတ်က ရိက္ခာဖြတ်တယ်။ အခုကျတော့ စစ်တပ်ကို လားရှိုးကနေ စောင့်ပြီး စားဂွင်ပေးထားတယ်။ ရှမ်းမြောက်ကုန်သွယ်ရေးကို မဟာမိတ်တွေကို ပေးလိုက်ပြီ။ ဒါပေမယ့် ဒါကတည်ငြိမ်တဲ့ အဆုံးသတ်အဖြေမဟုတ်သေးဘူး” ဟုအထက်ပါကုန်သည်ကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။

သတင်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က စစ်ကောင်စီရဲ့ အစိုးရရုံးနဲ့ ဝန်ကြီးတွေအိမ်ရာကို ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တောင်ဘက် ကံကြီးကျေးရွာကဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေတိမ်ပင်လယ်ရှိရာ နောင်ချိုကြီးကျေးရွာမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေကပြောပါတယ်။

သတင်း

ဒရုန်း ၅လုံးပေါက်ကွဲ​သော်လည်းထိခိုက်မှုမရှိ