ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး သမ္မတဟာ နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။
ကင်မရွန်း သမ္မတ ပေါလ်ဘိုင်ယာဟာ အသက် ၉၂ နှစ် ရှိနေပါပြီ။ သူဟာ ၁၉၈၂ ခုနှစ်ကစလို့ ယှဉ်ပြိုင်သမျှ ရွေးကောက်ပွဲ အားလုံးကို အနိုင်ရခဲ့ပြီး သမ္မတ ရာထူးကို ထိန်းသိမ်းထားတာ ၄၃ နှစ် ရှိခဲ့ပါပြီ။ အခုနှစ်၊ အောက်တိုဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း ဘိုင်ယာသာ ဆက်လက် အနိုင်ရပြီး နောက်ထပ် ၇ နှစ် သက်တမ်းအပြည့် ဆက်ပြီး တာဝန်ယူမယ်ဆိုရင် သူ့အသက် ၁၀၀ နီးပါးထိ နိုင်ငံကို အုပ်ချုပ်နေမယ့် သဘောပါ။
ဘိုင်ယာဟာ ကင်မရွန်း နိုင်ငံမှာ သမ္မတတွေ ရွေးကောက်ပွဲဝင်ခွင့် အကြိမ်ကန့်သတ်ချက်ကို ၂၀၀၈ ခုနှစ်တုန်းက ပယ်ဖျက်ခဲ့ပြီး ရွေးကောက်ပွဲတွေမှာ အကန့်အသတ်မရှိ ဆက်ပြီး ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ ၂၀၁၈ ရွေးကောက်ပွဲတုန်းက သူဟာ လူထုထောက်ခံမဲ ၇၁ ရာခိုင်နှုန်းနဲ့ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ကြောင်း ဘိုင်ယာက ကြွေးကြော်ပါတယ်။ ဒါပေမဲ့လည်း အတိုက်အခံ အင်အားစုတွေကတော့ ရွေးကောက်ပွဲမှာ မူမမှန်တဲ့ အခြေအနေတွေ အများကြီး ရှိခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
သူ့ရဲ့ အဋ္ဌမအကြိမ် ရွေးကောက်ပွဲဝင်မယ့် အစီအစဉ်ကို လူမှုကွန်ရက် မီဒီယာ Xမှာ ဘိုင်ယာက ကြေညာခဲ့ရာမှာ နိုင်ငံရဲ့ အရေးပေါ် ကြုံတွေ့နေတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ သူက အပြည့်အဝ စိတ်အာရုံ နှစ်မြှုပ်ထားဆဲလို့ ရေးသားထားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အနယ်နယ် အရပ်ရပ်က ပြည်သူတွေ၊ ပြည်ပရောက် ကင်မရွန်း နိုင်ငံသားတွေဆီက သူ့ကို ရွေးကောက်ပွဲ ဆက်ဝင်ဖို့ တိုက်တွန်းမှုတွေကလည်း သူ့အတွက် စိတ်ခွန်အား ဖြစ်စေခဲ့တယ်လို့ သမ္မတက ပြောပါတယ်။

Public Service Announcement
ဒါပေမဲ့ သူ့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် နိုင်ငံကို အမှန်တကယ် ဦးဆောင်နိုင်စွမ်း ရှိဦးမှာလားဆိုတဲ့ သံသယ မေးခွန်းတွေက ဘိုင်ယာကို ထောက်ခံတဲ့ အင်အားစုတွေကြားမှာတောင် စိုးရိမ်တကြီး ပျံ့နှံ့နေပါတယ်။ ပြီးတော့ ဘိုင်ယာရဲ့ အစိုးရဟာ အဂတိ ထူပြောမှု၊ ငွေကြေး အလွဲသုံးစားလုပ်မှု၊ စီမံအုပ်ချုပ်ပုံ ညံ့ဖျင်းမှု၊ လုံခြုံရေး စိန်ခေါ်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်စွမ်း အားနည်းမှုတွေအတွက် အပြင်းအထန် ဝေဖန်ခံနေရပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းက ဘိုင်ယာဟာ အကြောင်းရင်း မသိရဘဲ လူမြင်ကွင်းကနေ သီတင်း ၆ ပတ်လောက်ကြာအောင် ပျောက်ကွယ်နေခဲ့ဖူးပြီး အဲဒီတုန်းက သူ့ရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်တကြီး ဝေဖန်သံတွေ ထွက်ပေါ်ခဲ့သလို သူသေဆုံးသွားကြောင်း ကောလာဟလတွေပါ ထွက်ပေါ်ခဲ့ပါတယ်။ ဘိုင်ယာဟာ နောက်ထပ် ရွေးကောက်ပွဲ ဝင်လိမ့်ဦးမယ်လို့ ထင်ကြေးတွေ အရင်ကတည်းက ရှိနှင့်နေခဲ့ပြီး အခုတော့ ကိုယ်တိုင် အတည်ပြု ကြေညာခဲ့တာပါ။
အလယ်ပိုင်း အာဖရိက ဒေသတွင်း နိုင်ငံမှာ ဘိုင်ယာ အနေနဲ့ ဘေးဖယ်ပေးသင့်ပြီဖြစ်ပြီး ငယ်ရွယ်တက်ကြွတဲ့ ခေါင်းဆောင်သစ်တွေကို နေရာပေးသင့်ပြီလို့ ဝေဖန် တောင်းဆိုမှုတွေ ရှိနေတဲ့တိုင် ဘိုင်ယာကတော့ သူ့ရဲ့ သမ္မတသက်တမ်းကို ချဲ့ထွင်ဖို့ ကြံစည်လာတာ ဖြစ်ပါတယ်။
ကိုးကား: BBC
