ကိုယ်တိုင်က ဒုစရိုက်ဂိုဏ်းတွေနဲ့ ယှက်နွှယ် ပတ်သက်နေကြောင်း စွပ်စွဲ ခံရတဲ့နောက် တောင်အာဖရိက ရဲတပ်ဖွဲ့ အကြီးအကဲဟာ ရာထူးကနေ ဆိုင်းငံ့ ခံထားလိုက်ရပါတယ်။
ဇူလိုင် ၁၃ ရက်နေ့က နိုင်ငံကို လိပ်မူတဲ့ မိန့်ခွန်းမှာ သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာက ရဲဝန်ကြီး ဆန်ဖို ချူနူကို ချက်ချင်း ခွင့်သတ်မှတ်ပြီး အနားပေးထားလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ရာမာဖိုဆာက လက်ရှိ ထွက်ပေါ်နေတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် စုံစမ်းဖို့အတွက် အထူးကော်မရှင် တစ်ရပ်ကို ခန့်အပ် တာဝန်ပေးသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
လောလောဆယ်မှာတော့ ရဲဝန်ကြီးအဖြစ် ဥပဒေ ပါမောက္ခ တစ်ဦးဖြစ်သူ ဖီရော့ဇ် ကာချာလီယာကို သမ္မတက ယာယီ အစားထိုး ခန့်အပ်ထားခဲ့ပါတယ်။ နိုင်ငံရဲ့ ရဲတပ်ဖွဲ့ အားလုံးကို ကြီးမှူးရတဲ့ ရာထူးနေရာက ပုဂ္ဂိုလ်ကိုယ်တိုင် ဒုစရိုက်ဂိုဏ်းတွေနဲ့ ပတ်သက် ဆက်စပ်နေကြောင်း သတင်းတွေ ထွက်လာခြင်းဟာ အမျိုးသား လုံခြုံရေးကိုရော၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပါ ခြိမ်းခြောက်နေတယ်လို့ ရာမာဖိုဆာက ပြောပါတယ်။
ချူနူကတော့ သူဟာ ဘာအမှားမှ ကျူးလွန်မထားသလို စွပ်စွဲမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့လည်း အသင့်ရှိနေတယ်လို့ ဆိုပါတယ်။ သတင်းတွေရဲ့ အဆိုအရ တောင်အာဖရိက နိုင်ငံမှာ နိုင်ငံရေး လုပ်ကြံမှုတွေ၊ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေထဲက အဂတိ ကိစ္စတွေနဲ့ ရောထွေးပတ်သက်နေတဲ့ ဂိုဏ်းဂဏ လှုပ်ရှားမှုတွေမှာ ချူနူ ပါဝင်ပတ်သက်နေကြောင်း ခိုင်မာတဲ့ အထောက်အထားမျိုးတွေကို စုံစမ်းစစ်ဆေးရေး အရာရှိတွေက ရရှိထားကြောင်း သိရပါတယ်။

Public Service Announcement
စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး မြန်မြန်နဲ့ မှန်မှန် စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်သွားစေမယ်လို့ သမ္မတ ရာမာဖိုဆာက ဆိုပါတယ်။ ချူနူဟာ ရာမာဖိုဆာ ဦးဆောင်နေတဲ့ အာဖရိက အမျိုးသား ကွန်ဂရက် (ANC) ပါတီမှာ ဩဇာကြီးမားသူ တစ်ဦးပါ။
ကွာဇူလာ နက်တဲလ် ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ နာလာဟာ မွမ်နက်ဇီက ချူနူဟာ နာမည်ပျက်ရှိပြီး ဒုစရိုက်ဂိုဏ်းတွေကို ကြိုးကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဆီကနေ နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ တရားမဝင် သဘောတူညီမှုတွေအတွက် လာဘ်ငွေတွေ လက်ခံယူခဲ့ကြောင်း စွပ်စွဲခဲ့ရာက နောက်ဆက်တွဲ ပြဿနာတွေ မီးခိုးကြွက်လျှောက် ပေါ်လာခဲ့တာပါ။
မွမ်နက်ဇီက သူတာဝန်ယူရတဲ့ ပြည်နယ်ထဲမှာ နိုင်ငံရေးသမားတွေ လုပ်ကြံခံရတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ပေမယ့်လည်း အဲဒီကိစ္စတွေကို စုံစမ်း စစ်ဆေးနေတဲ့ အထူးအဖွဲ့တွေကို ချူနူက တစ်ခုပြီးတစ်ခု ဖျက်သိမ်းစေခဲ့တယ်လို့ ပြောပါတယ်။ ပြီးတော့ အဲဒီလို အမှုတွေ၊ ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်နွှယ်ပတ်သက်နိုင်တဲ့ အမှုပေါင်း ၁၂၁ ခုထက် မနည်းကို ချူနူရဲ့ ညွှန်ကြားမှုကြောင့် စုံစမ်းစစ်ဆေးတာတွေ ရပ်ခဲ့ရတာကိုလည်း သူက စာရင်း ပြသခဲ့ပါတယ်။
ရဲလုပ်ငန်း အားလုံးကို ဦးဆောင် ကြီးကြပ်ရတဲ့ ထိပ်ဆုံးအဆင့် အစိုးရ အရာရှိအပေါ် အခုလို စွပ်စွဲချက်မျိုး ထွက်ပေါ်လာခြင်းက တောင်အာဖရိက လူထုကြားမှာလည်း အကြီးအကျယ် လှုပ်ခတ်စေခဲ့ပါတယ်။
ကိုးကား: BBC
