မြန်မာနိုင်ငံမှာ ဖမ်းဆီး အကျဉ်းချ ခံထားရပြီး အငြင်းပွားစရာ အခြေအနေတွေ ရှိနေတဲ့ အင်ဒိုနီးရှား ဖက်ရှင်ဒီဇိုင်နာတစ်ဦး လွတ်မြောက်ရေးအတွက် စစ်ရေးအရ စွက်ဖက်တာတွေ လုပ်မှာ မဟုတ်ကြောင်း အင်ဒိုနီးရှား အစိုးရက ပြောကြားခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် အာနိုးလ် ပူထရာဟာ ပြည်တွင်းမှာ ပွဲဆူစေပြီး အငြင်းအခုံတွေ ဖြစ်စေတဲ့ အွန်လိုင်း celebrity တစ်ဦး အနေနဲ့လည်း လူသိများပါတယ်။ သူဟာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ကရင် အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲ သွားရောက်ရင်း KNU တပ်ဖွဲ့ဝင်တွေနဲ့ ဓာတ်ပုံရိုက်ခဲ့တဲ့နောက် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် သူဟာ အကြမ်းဖက် အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွဲချက်အောက်မှာ ထောင် ၇ နှစ် ချမှတ်ခြင်း ခံထားရပါတယ်။
အင်ဒိုနီးရှား နိုင်ငံရေး အသိုက်အဝန်းမှာတော့ နိုင်ငံသားတစ်ဦး အခုလို အခြေအနေမျိုးနဲ့ အကျဉ်းချ ခံရတဲ့အပေါ် အစိုးရက လိုအပ်လာရင် စစ်ရေးအရ ဖိအားပေးတဲ့ နည်းလမ်းမျိုး အသုံးပြုပြီး လွတ်မြောက်အောင် ကြံဆောင်သင့်ကြောင်း အကြံပြုတာတွေ ရှိလာပါတယ်။ ဇူလိုင် ၃ ရက်နေ့မှာတော့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဆူဖ်ဖမီ ဒက်စ်ကို အာမက်က အာနိုးလ် လွတ်မြောက်ရေးအတွက် သံတမန်ရေး ချဉ်းကပ်မှုတွေကို ဦးစားပေးရမှာ ဖြစ်ပေမယ့် မအောင်မြင်ဘူး ဆိုရင်တော့ စစ်တိုက်တာ မဟုတ်တဲ့ စစ်ရေးအရ ဖိအားပေးမှု နည်းလမ်းမျိုး အသုံးပြုဖို့ အစိုးရကို ဝိုင်းတိုက်တွန်းသင့်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ကာကွယ်ရေး ဝန်ကြီး ဂျာဖရိုင် ဂျမ်ဆော့ဒင် အပါအဝင် အစိုးရ ထိပ်ပိုင်း အရာရှိတွေကတော့ ဒီကိစ္စမှာ စစ်ရေးအရ ဖိအားပေးတဲ့ နည်းလမ်းမျိုး အသုံးပြုနိုင်ခြေကို ယတိပြတ် ငြင်းဆိုထားကြပါတယ်။ ဒီနည်းလမ်းမျိုးကို လုံးဝ သုံးမှာ မဟုတ်ဘူးလို့ ဂျာဖရိုင်က သတင်းထောက်တွေကို ပြောပါတယ်။ အဲဒီအစား စစ်ကောင်စီကို သံတမန်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ထိတွေ့ ဆက်ဆံမှု လမ်းကြောင်းတွေကနေပဲ ညှိနှိုင်းသွားမယ်လို့ သူက ဆိုပါတယ်။ နောက်ပြီး ရန်ကုန်မှာရှိတဲ့ အင်ဒိုနီးရှား သံရုံးဟာလည်း အာနိုးလ် လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အနီးကပ် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Public Service Announcement
အာနိုးလ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ဒေသခံ အသိအကျွမ်း တစ်ဦးရဲ့ ဖိတ်ကြားမှုအရ ထိုင်းကနေတဆင့် မြန်မာနိုင်ငံထဲ ဝင်ရောက်ခဲ့ပြီး KNU ထိန်းချုပ်နယ်မြေ တစ်ခုထဲ သွားရောက်ခဲ့ပါတယ်။ သူဟာ KNU တပ်ဖွဲ့ဝင်တွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတချို့ကိုလည်း အွန်လိုင်းမှာ တင်ထားခဲ့ပါတယ်။ နောက်တော့ သူက အားလပ်ရက် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီဇင်ဘာလထဲမှာ ထပ်သွားခဲ့ပါတယ်။ အဲဒီအခါမှာတော့ စစ်ကောင်စီက သူ့ကို ရန်ကုန်မှာ ဖမ်းဆီးခဲ့ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့မှု၊ အကြမ်းဖက် အဖွဲ့အစည်းနဲ့ ဆက်သွယ်မှု ပုဒ်မတွေတပ်ပြီး တရားစွဲခဲ့ပါတော့တယ်။ အခုတော့ သူဟာ အင်းစိန်ထောင်မှာ ထောင် ၇ နှစ် ကျခံနေရပါတယ်။
အာနိုးလ် အဖမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားက လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲမှုတွေလည်း ရှိနေပါတယ်။ တချို့ကတော့ ပဋိပက္ခ နယ်မြေတစ်ခုမှန်း သိလျက်နဲ့ အဆင်ခြင်မဲ့ သွားရောက်ခဲ့တဲ့ သူ့ရဲ့ လုပ်ရပ်ကို ဝေဖန်နေကြပြီး တချို့ကတော့ အခုစီရင်ချက်ဟာ နိုင်ငံရေး သဘောထားတွေ ရောယှက်နေပြီး ပြင်းထန်လွန်းကြောင်း ပြောပါတယ်။ အာနိုးလ်နဲ့ နီးစပ်သူတွေကတော့ သူဟာ အွန်လိုင်းမှာ ရိုက်ကူးဖော်ပြမယ့် အကြောင်းအရာ တစ်ခုအတွက်သာ KNU ထိန်းချုပ်နယ်မြေထဲ သွားခဲ့တာလို့ ဖြေရှင်းထားပါတယ်။
အာနိုးလ်ဟာ အရင်ကတည်းက ရှုပ်ရှုပ်ထွေးထွေးရှိတဲ့ လူနေမှုပုံစံ၊ ပွဲဆူစေတဲ့ စတန့်တွေကြောင့် လူသိများခဲ့သူပါ။ ၂၀၂၀ ပြည့်နှစ်တုန်းက သူဟာ လူသား ကလေးငယ် တစ်ဦးရဲ့ ကျောရိုးကို လက်ကိုင်ကြိုးအဖြစ် အသုံးပြုပြီး မိကျောင်းလျှာနဲ့ ချုပ်ထားတယ်ဆိုတဲ့ တန်ဖိုးကြီး လက်ကိုင်အိတ် တစ်လုံးကို အွန်လိုင်းမှာ ပြသခဲ့ရာက စပြီး ကျော်ကြားလာပါတယ်။ သူက အဲဒီ အိတ်ကို ချုပ်လုပ်တဲ့ ပါဝင်ပစ္စည်းတွေ ရရှိလာရာမှာ ဘာကျင့်ဝတ် ဖောက်ဖျက်မှုမှ မရှိခဲ့ဘူးလို့ ပြောပါတယ်။
နောက်တော့ သူဟာ စင်ကာပူ နိုင်ငံကို ဦးတည်ပြီး မှောင်ခိုပို့ဆောင်မယ့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဘရာဇီးမှာ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်နဲ့ ယှက်နွှယ်နေကြောင်း စွပ်စွဲမှုတွေလည်း ကြုံလာရပြန်ပါတယ်။ အာနိုးလ်ကတော့ သူက ဘာအမှားမှ ကျူးလွန်မထားခဲ့ဘူးလို့ ငြင်းဆန်ပါတယ်။
သူဟာ တချို့သော တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှု လက်ရာတွေနဲ့ တခြား တန်ဖိုးထားတဲ့ ပစ္စည်းတွေကို တန်ဖိုးကြီး ဖက်ရှင် ထုတ်ကုန် အတုတွေနဲ့ လဲလှယ် ရယူခဲ့ကြောင်းလည်း စွပ်စွဲ ခံရဖူးပါတယ်။ နောက်ပြီး ၂၀၂၂ ခုနှစ်တုန်းက ပါရီ ဖက်ရှင် သီတင်းပတ်ကို တက်ရောက်ရာမှာ နိုင်ငံရေး အကြမ်းဖက်ဝါဒနဲ့ ဆက်နွှယ်တဲ့ လူငယ် အဖွဲ့အစည်း တစ်ခုရဲ့ ယူနီဖောင်းနဲ့ ဆင်တူတဲ့ ဝတ်စုံကို ဝတ်သွားလို့လည်း အတော်လေး ဆူဆူညံညံတွေ ဖြစ်စေခဲ့ဖူးပါတယ်။
ကိုးကား: SCMP
