ဇူလိုင် ၁၄၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၄)မှာ တရားမဝင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည်သပိတ် စစ်ကြောင်းနဲ့ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့က မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့အတူ “ပြည်သူ့အားမာန်သပိတ်” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး စစ်အာဏာရှင် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement
ကနီမြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဒေသခံပြည်သူတွေဆီ လေကြောင်းအန္တရာယ် အသိပေး စာစောင်တွေကို ဖြန့်ဝေခဲ့ကြပါတယ်။
လေကြောင်းအန္တရာယ် အသိပေးစာစောင်တွေကို ကနီနယ်အတွင်းက ကျေးရွာသုံးရွာမှာ အစောင်ရေ ၂၀၀ ခန့်ဖြန့်ဝေခဲ့ပြီး ဗုံးခိုကျင်းတွေကို အခိုင်အမာတည်ဆောက်ကြဖို့ လူထုကို တိုက်တွန်းပေးခဲ့ကြပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာမှာလည်း “အကြမ်းဖက်စစ်အုပ်စု တရားမဝင်အတုအယောင်ရွေးကောက်ပွဲနဲ့ အတုအယောင်ငြိမ်းချမ်းရေး ပြည်သူလူထုက လုံးဝလက်မခံဘူး” ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ရွာသူရွာသားတချို့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ABFDS၊ DDMSC
