■ထိုင်းဘက်ထွက်ပြေးတဲ့ ဗိုလ်မှူးမျိုးမင်းဝင်းဦးစီးတဲ့ ၈၉ဦးအဖွဲ့ မြဝတီမြို့စောင့်တပ်ထဲ ပြန်ရောက်နေ
■KNUတပ်မဟာ(၆)နယ်မြေ စခန်းသိမ်းတိုက်ပွဲတွေကနေ စစ်သား ၄၀၀ခန့် ထိုင်းဘက်ထွက်ပြေး
ဇူလိုင်-၁၄၊၂၀၂၅။People’s Spring
မြန်မာ-ထိုင်းနယ်စပ် ဥကရစ်ထစစ်တပ်စခန်းသိမ်းတိုက်ပွဲက ထိုင်းနိုင်ငံထဲထွက်ပြေးတဲ့ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား လေးဦးခန့်ဟာ သောင်ရင်းမြစ်အတွင်း မျှောပါသွားတယ်လို့ ကရင်းစစ်ရေးသတင်းရင်းက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီက သက်ရှိစည်းရိုးလို့ ဝါဒဖြန့်စစ်ကားဇာတ်လမ်းရိုက်ခဲ့တဲ့ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင်၁၂ရက်ကသိမ်းပိုက်ချိန်မှာ အဲဒီတပ်စခန်းက တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားတွေဟာထိုင်းနိုင်ငံထဲကိုထွက်ပြေးသွားကြတာပါ။
ထွက်ပြေးသွားသူတွေထဲကအမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃)လက်အောက်ခံ ခလရ(၅၈၅)တပ်ရင်းက ဗိုလ်မှူးမျိုးမင်းဝင်း နဲ့ ဗိုလ်ကြီးနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား စုစုပေါင်း ၈၉ဦးဟာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“တပ်ရင်းမှူးက ထွက်ပြေးတဲ့အချိန်မှာ ဒဏ်ရာရနေတော့ တပ်ရင်းမှူးနဲ့ လေး၊ငါးယောက် ချောင်းထဲကို မျောသွားတယ်။ အခု ဗိုလ်မှူးမျိုးမင်းဝင်းဦးစီးတဲ့ ၈၉ယောက်အဖွဲ့က ပြန်ရောက်နေပြီ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မိုးများနေလို့ သောင်ရင်းမြစ်ဟာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့အချိန် ဖြစ်ပါတယ်။ဇူလိုင် ၁၂ ရက်နေ့မှာ မြစ်အတွင်းအလောင်း တစ်လောင်းမျောနေတဲ့ ဓါတ်ပုံဖေစ်ဘွခ် နယ်စပ်က ဖေစ်ဘွခ်သုံးစွဲသူအချို့ကမျှဝေခဲ့ကြပါတယ် ။အဲဒီ ရုပ်အလောင်းဟာ ဘယ်သူ့အလောင်းလဲ ဆိုတာကိုတော့ People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး။
ဥကရစ်ထတပ်စခန်းမှာစခန်းသုံးခုရှိရာစစ်ကောင်စီတပ်အင်အား ၁၂၀ရှိတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီထဲက ၈၉ယောက်ဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးနိုင်ခဲ့လို့ အသက်ရှင်ခဲ့ရပြီး သောင်ရင်းမြစ်ထဲမျောပါသွားတဲ့ တပ်ရင်းမှူးနဲ့အဖွဲ့အပါအဝင် ကျန် ၃၁ယောက်က သေဆုံးတယ်လို့ ဆိုပါတယ်။
ဗိုလ်မှူးမျိုးမင်းဝင်းဦးစီးတဲ့ ၈၉ယောက်အဖွဲ့ဟာ ဒီကနေ့(ဇူလိုင် ၁၄ရက်)မှာ နယ်စပ်ဂိတ်ဖြစ်တဲ့ (၁၆)ဂိတ်ကနေ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၂၇၅)တပ်ရင်းထဲကို ပြန်ပို့ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်သားတွေကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ အမှတ်(၄)စစ်ဒေသမှူး ဗိုလ်မှူကြီးမုတ်သုန် ထိန်းချုပ်မှုအောက်က နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့ (၁၆)ဂိတ်ကနေ ပြန်ပို့နေတာလို့ ဆိုပါတယ်။ စခန်းတွေအတိုက်ခံရလို့ထိုင်းနိုင်ငံထဲကို ထွက်ပြေးတဲ့စစ်သားတွေဟာ ပြန်ပို့ရင် (၁၆)ဂိတ်ကနေပဲ ပြန်ပို့နေတာလို့ ဆိုပါတယ်။
မြန်မာ-ထိုင်းနယ်စပ်တလျှောက်က စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်တဲ့အခါ စစ်ကောင်စီတပ်သားတွေက အလွယ်တကူပဲ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားကြပါတယ်။
ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ထိုင်းစစ်တပ်က ထိန်းသိမ်းပြီး တစ်ပါတ်ကြာတဲ့အခါ သူတို့ကို စစ်ကောင်စီထံ ပြန်လွှဲပေးနေတာပါ။ မြဝတီမြို့က မြို့စောင့်တပ်အဖြစ်ရှိနေတဲ့ ခလရ−၂၇၅တပ်ရင်းထံ ပြန်လွှဲပေးတာပါ။ အခုဆို ၂၇၅ထဲမှာ ထိုင်းပြန်စစ်သားရော အရင်ရှိတဲ့စစ်သားတွေရောဆိုရင်စစ်သားစုစုပေါင်း ၆၀၀ လောက်အထိ ရှိနေပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
လူထုနွေဦးရဲ့ စာရင်းအရ မေလနဲ့ ဇွန်လအတွင်းမှာ KNU တပ်မဟာ(၆)နယ်မြေအတွင်းက စခန်းသိမ်းတိုက်ပွဲတွေကနေ စစ်သား ၄၀၀ခန့်ဟာ ဖုတ်ဖရထဲကို ပြေးဝင်သွားပါတယ်။
ဇွန်လ ၂၂ရက်မှာ မြန်မာ-ထိုင်းနယ်စပ်မျဉ်းနားက ထီးကပလယ်တပ်စခန်းသိမ်းတိုက်ပွဲကနေ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၆၀ဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃ရက်က မြန်မာ − ထိုင်း နယ်စပ်မျဉ်းအနီးက သေဘောဘိုးတပ်စခန်းသိမ်းတိုက်ပွဲမှာလည်း စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ အမှတ်(၃)စစ်ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၇၀ဟာ ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေးသွားခဲ့တာပါ။ အဲဒီအဖွဲ့ဟာ ဇွန်လ ၈ရက်မှာ ၂၇၅ တပ်ရင်းထဲကို ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၃ရက်က ကော့ကရိတ်မြို့နယ်က ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၆၂ဦးကိုလည်း မေလ ၂၈ရက်မှာ နယ်စပ်ဂိတ်ဖြစ်တဲ့ (၁၆)ဂိတ်ကနေမြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၂၇၅)တပ်ရင်းထဲကို ပြန်ပို့ခဲ့ပါတယ်။
မေလ ၂၇ရက်မှာလည်း စစ်ကောင်စီတပ်သား ၆၂ဦးဟာ ထိုင်းနိုင်ငံအတွင်းကနေဖြတ်ပြီး သေဘောဘိုးဗျူဟာတပ်စခန်းကို စစ်ကူလာခဲ့ပါတယ်။ အဲဒီ စစ်ကောင်စီတပ်သား ၆၂ဦးကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက မေလ ၂၈ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ ၂၈ဦးက ထိုင်းနိုင်ငံထဲကို ပြန်လည်ထွက်ပြေးခဲ့ပါသေးတယ်။
မေလ ၂၈ရက်လည်း နယ်စပ်က ဝေါ်လေမြို့နားက ကနဲလေးစစ်ကေင်စီတပ်စခန်း တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရာမှာလည်း စစ်ကောင်စီတပ်သား ၅၂ဦးဟာ ထိုင်းနိုင်ငံထဲကို ထပ်မံထွက်ပြေးခဲ့ပါသေးတယ်။
ဒါ့အပြင် ဇူလိုင် ၇ရက်မှာလည်း မြန်မာ – ထိုင်းနယ်စပ် ထားဝယ်ခရိုင်အတွင်းက သုခတပ်စခန်းသိမ်းတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား ၂၄ဦးဟာ ထိုင်းဘက်ထွက်ပြေးခဲ့ပါသေးတယ်။
