close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာအပါအဝင် ၁၄ နိုင်ငံကို သွင်းကုန်အခွန် တိုးမြှင့်မယ့် အကြောင်းကြားစာ ထရမ့်ပေးပို့

မြန်မာ အပါအဝင် နိုင်ငံ ၁၄ ခုရဲ့ သွင်းကုန် အခွန်တွေကို ဩဂုတ် ၁ ရက်နေ့ကစလို့ မြှင့်တင် သတ်မှတ်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အသိပေး အကြောင်းကြားခဲ့ပါတယ်။

Getty Images

မြန်မာ အပါအဝင် နိုင်ငံ ၁၄ ခုရဲ့ သွင်းကုန် အခွန်တွေကို ဩဂုတ် ၁ ရက်နေ့ကစလို့ မြှင့်တင် သတ်မှတ်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အသိပေး အကြောင်းကြားခဲ့ပါတယ်။

ဒါဟာ ကမ္ဘာ့ကုန်သွယ်ရေး နယ်ပယ် တစ်ခုလုံးကို အကြီးအကျယ် ဂယက်ထစေခဲ့ပြီးတဲ့နောက် လပိုင်းလောက် ငြိမ်ချက်သား ပြန်ကောင်းခဲ့တဲ့ သူ့ရဲ့ ကုန်သွယ်ရေး မူဝါဒ အသစ်ကို ထရမ့်က နောက်တစ်ဆင့် အကောင်အထည် ဖော်လာခြင်းလည်း ဖြစ်ပါတယ်။ မူလကတော့ ထရမ့်ဟာ ကမ္ဘာတလွှားက ကုန်သွယ်ဖက် နိုင်ငံတွေဆီက သွင်းကုန် အခွန်တွေကို မတူညီတဲ့ နှုန်းထားတွေနဲ့ မြှင့်တင်မယ်လို့ ကြေညာပြီး လက်တွေ့ အကောင်အထည် ဖော်မှုကိုတော့ ဇူလိုင်လ ၉ ရက်နေ့ထိ ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားခဲ့ပါတယ်။

ဇူလိုင် ၇ ရက်နေ့မှာတော့ ထရမ့်က အမေရိကန်ရဲ့ အဓိက အရှေ့အာရှ ဒေသတွင်း မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ အပါအဝင် နိုင်ငံပေါင်း ၁၄ ခုရဲ့ အာဏာပိုင်တွေဆီ သွင်းကုန်အခွန်တွေ မြှင့်တင်မယ့် အကြောင်းကို အသိပေးစာ ပေးပို့ခဲ့ပါတယ်။ အဲဒီ အခွန်စည်းကြပ်မှု အသစ်တွေ စတင် အသက်ဝင်မယ့် ကာလကိုတော့ ရက်ပိုင်းလောက် ထပ်ရွှေ့ပြီး ဩဂုတ် ၁ ရက်နေ့အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

ထရမ့်ရဲ့ အဆိုအရ ဂျပန်နဲ့ တောင်ကိုရီးယားတို့က အမေရိကန်ဆီ တင်သွင်းလာမယ့် အခွန်တွေကို တန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်း စည်းကြပ်သွားမယ်လို့ သိရပါတယ်။ ထရမ့်က ထုတ်ပြန်ခဲ့တဲ့ ၁၄ နိုင်ငံ စာရင်းမှာ တူနီးရှား၊ မလေးရှားနဲ့ ကာဇက်စတန်တို့ကို သွင်းကုန် အခွန် ၂၅ ရာခိုင်နှုန်း၊ တောင်အာဖရိက၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနားတို့ကို ၃၀ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားအပေါ် ၃၂ ရာခိုင်နှုန်း၊ ဆာဘီးယားနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ၃၅ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ကို ၃၆ ရာခိုင်နှုန်း၊ လာအိုနဲ့ မြန်မာကို ၄၀ ရာခိုင်နှုန်းစီ သတ်မှတ်ထားတာ တွေ့ရပါတယ်။ နောက်ထပ် နိုင်ငံအလိုက် အခွန်စည်းကြပ်မယ့် တန်ဖိုးတွေကိုလည်း အမေရိကန် အစိုးရက လာမယ့်ရက်ပိုင်းတွေအတွင်း အကြောင်းကြားစာတွေ ပေးပို့သွားမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က သက်ဆိုင်ရာ နိုင်ငံတွေဆီ သွင်းကုန်အခွန် တိုးမြှင့်မယ့်အကြောင်း ပေးပို့တဲ့ အကြောင်းကြားစာတွေမှာတော့ အဲဒီနိုင်ငံတွေနဲ့ အမေရိကန်ကြားက ဆက်ဆံရေး အတက်အကျ အပြောင်းအလဲအပေါ် မူတည်ပြီး အခွန်သတ်မှတ်ချက်တွေလည်း အလျှော့အတင်း ရှိလာမယ်လို့ ရေးသားထားပါတယ်။

ထွက်ပေါ်လာတဲ့ အခွန်နှုန်းထားသစ် အများစုကတော့ ဧပြီလမှာ ထရမ့်ကြေညာထားတဲ့ ပမာဏအတိုင်း ဆက်ရှိနေပြီး အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံတွေဟာ အဓိက အထိခိုက်ဆုံး ဖြစ်လာတာကို တွေ့ရပါတယ်။ ထရမ့်က ကုန်သွယ်ဖက် နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးပြီး စည်းကြပ်တာဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချဖို့နဲ့ အမေရိကန် ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။ ဒါပေမဲ့ အကျိုးဆက် အနေနဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေး ပမာဏ ထိခိုက်ကျဆင်းမှုတွေ ကြုံလာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက သတိပေးထားပါတယ်။

ထရမ့်က အခွန်တိုးမြှင့်မှုတွေ စတင်တော့မယ့် ၁၄ နိုင်ငံ စာရင်းကို ကြေညာခဲ့တဲ့နောက် နိုင်ငံတကာ စတော့စျေးကွက်မှာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေရဲ့ ရှယ်ယာတန်ဖိုးတွေ အကျဖက် ဦးတည်ခဲ့ပါတယ်။ ဂျပန် ကားကုမ္ပဏီ Toyotaရဲ့ အမေရိကန် လုပ်ငန်းခွဲဆိုရင် ရှယ်ယာတန်ဖိုး ၄ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။ ဂျပန်ဟာ ၂၀၂၄ တုန်းက အမေရိကန်ဆီ ဒေါ်လာ ၁၄၈ ဘီလီယံဖိုး ကုန်စည်တွေ တင်သွင်းခဲ့ပြီး အမေရိကန်အတွက် ပဉ္စမမြောက် သွင်းကုန်တင်ပို့မှု အများဆုံး နိုင်ငံအနေနဲ့ ရပ်တည်ခဲ့ပါတယ်။

အစောပိုင်းက ဇူလိုင် ၉ ရက်နေ့မှာ စတင်အသက်ဝင်မယ့် အခွန်စည်းကြပ်မှု အသစ်တွေကို ဩဂုတ် ၁ ရက်နေ့ထိ ထပ်ရွှေ့ပေးလိုက်တာက ထရမ့်ရဲ့ ခြိမ်းခြောက် သတိပေးမှုကို အားနည်းသွားစေနိုင်ကြောင်း ဝေဖန်မှုတွေကို လီယာဗစ်က ပယ်ချသွားခဲ့ပါတယ်။ သမ္မတက ကမ္ဘာ့နိုင်ငံ တစ်ခုခုရဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ ဖုန်းပြောပြီ ဆိုတာနဲ့ အဲဒီပုဂ္ဂိုလ်က အမေရိကန်ရဲ့ အခွန်သတ်မှတ်မှု လျှော့ချပေးဖို့ အရင်ဆုံး တောင်းပန်တော့တာပဲလို့ လီယာဗစ်က ပြောပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်တ်ကတော့ လာမယ့်ရက်ပိုင်းတွေမှာ သူ့အနေနဲ့ အတော်လေး အလုပ်များမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။ အခုဆိုရင် ကုန်သွယ်ရေး မူဝါဒ ညှိနှိုင်းကြဖို့နဲ့ ပတ်သက်ပြီး လူတော်တော်များများရဲ့ လေသံတွေ ပြောင်းကုန်ကြောင်း၊ သူ့ရဲ့ email boxဟာ အခွန်စည်းကြပ်တဲ့ကိစ္စ ပြန်ညှိဖို့ ကမ်းလှမ်းမှုအသစ်၊ အဆိုပြုချက် အသစ်တွေ တဖွဲဖွဲ ရောက်လာခဲ့ကြောင်းလည်း ဘက်ဆန့်တ်က ဆိုပါတယ်။

ထရမ့်ဟာ ဧပြီလထဲမှာ အခွန်စည်းကြပ်မှု နှုန်းထား အသစ်တွေ ကြေညာခဲ့တဲ့နောက် ဇူလိုင် ၇ ရက် မတိုင်ခင် အတောအတွင်း ဗြိတိန်၊ ဗီယက်နမ်တို့နဲ့ အခွန်နှုန်းထားကိစ္စတွေ ပြန်လည် ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီး တရုတ်နဲ့လည်း တချို့သော အပိုင်းတွေမှာ ညှိနှိုင်း အောင်မြင်ထားပြီး ဖြစ်ပါတယ်။ ပြီးတော့ အိန္ဒိယနဲ့လည်း သွင်းကုန် အခွန်ကိစ္စ သဘောတူညီမှု ရလုနီးပါး ဖြစ်နေကြောင်း အမေရိကန်က ဆိုပါတယ်။ ရရှိထားတဲ့ သဘောတူညီချက်တွေအရ အိမ်ဖြူတော်ဆီ ထရမ့် တကျော့ပြန် ရောက်မလာခင်ကနဲ့ ယှဉ်ရင် အမေရိကန်က သွင်းကုန် အခွန်တွေ တိုးရလာတာ မှန်ပေမယ့် တချို့သော အရေးကြီးတဲ့ အပိုင်းတွေကို တိတိကျကျ မဖြေရှင်းနိုင်သေးဘူးဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

ဂျပန်အပေါ် ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ မကြေညာခင် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထရမ့်ဟာ ဂျပန် အစိုးရ အနေနဲ့ တိတိကျကျ ညှိနှိုင်းနိုင်မှုမျိုး မရှိဘူးဆိုရင် ကုန်သွယ်ခွန် ၃၀ ကနေ ၃၅ ရာခိုင်နှုန်းထိ မြှင့်တင်ခံရနိုင်ကြောင်း သတိပေးခဲ့ပါသေးတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်ထဲက ဆိုးရွားလှတဲ့ ရေကြီးမှုတွေကြောင့် သေဆုံးစာရင်းဟာ ၁၀၀ ကျော်ထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။

အတွေးအမြင်

ဒေါ်နယ်ထရန့်နဲ့နိုင်ငံရေးဗျူဟာ

နိုင်ငံတကာ

အီလွန်မတ်စ်ခ် ပါတီထောင်မယ်ဆိုတဲ့ ကိစ္စကို အဓိပ္ပါယ်မရှိတဲ့ ဟာသတစ်ခုလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြက်ရယ်ပြုသွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်မှာ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ဦးရေဟာ ၈၀ နီးပါးထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။