close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တက္ကဆက်စ် ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၀ ကျော်လွန်လာ

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်ထဲက ဆိုးရွားလှတဲ့ ရေကြီးမှုတွေကြောင့် သေဆုံးစာရင်းဟာ ၁၀၀ ကျော်ထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။

The New York Times

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်ထဲက ဆိုးရွားလှတဲ့ ရေကြီးမှုတွေကြောင့် သေဆုံးစာရင်းဟာ ၁၀၀ ကျော်ထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။

ပျောက်ဆုံးစာရင်းကလည်း တစ်ရက်ပြီးတစ်ရက် တိုးလာနေပြီး လက်ရှိ အခြေအနေမှာတော့ တိတိကျကျ ခန့်မှန်းဖို့ပါ ခက်ခဲလာတယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ဇူလိုင် ၄ ရက်နေ့က တက္ကဆက်စ် ပြည်နယ်ရဲ့ အစိတ်အပိုင်း တချို့မှာ မိုးသက်မုန်တိုင်း ကျရောက်ပြီး လွန်လွန်ကဲကဲ မိုးရွာသွန်းမှုတွေ ဖြစ်ပွားခဲ့ရာက ရုတ်တရက် ရေကြီးမှုတွေနဲ့ ကြုံခဲ့ရတာပါ။

အရမ်းသည်းထန်တဲ့ မိုးကြောင့် ဂွာဒီလူပီမြစ်ရေဟာ ၄၅ မိနစ်အတွင်း ၂၆ ပေလောက်ထိ မြင့်တက်ခဲ့ပြီး ပတ်ဝန်းကျင် ဧရိယာတွေကို ချက်ချင်း ရေဖုံးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့ဟာ အမေရိကန်ရဲ့ လွတ်လပ်ရေးနေ့ အားလပ်ရက်လည်း ဖြစ်တာကြောင့် ဒေသတွင်းက အပန်းဖြေ ရွက်ဖျင်တဲ စခန်းတစ်ခုကို မိန်းကလေးကျောင်း တစ်ခုက ကျောင်းသူတွေ စုဝေး ရောက်ရှိနေပြီး ရေကြီးမှုနဲ့ မျက်ဝါးထင်ထင် ကြုံခဲ့ရပါတယ်။ အဲဒီစခန်းမှာရှိတဲ့ ကျောင်းသူ မိန်းကလေးငယ်တွေနဲ့ ဝန်ထမ်း စုစုပေါင်း ၂၇ ဦးလောက် သေဆုံးခဲ့သလို နောက်ထပ် မိန်းကလေး ၁၀ ယောက်နဲ့ စခန်းရဲ့ ကြီးကြပ်ရေး အရာရှိတစ်ဦး ပျောက်ဆုံးနေဆဲပါ။

ကားရ်ခရိုင်ဟာ ရေကြီးမှုတွေဒဏ်ကို အဆိုးတကာ့ အဆိုးဆုံး သက်ရောက်ခံစားခဲ့ရတဲ့ နေရာလည်း ဖြစ်ပြီး စုစုပေါင်း သေဆုံးသူ ၈၄ ဦး ရှိခဲ့ပါတယ်။ လောလောဆယ်မှာတော့ ကယ်ဆယ်ရေး မစ်ရှင်တွေဟာ ရုပ်အလောင်းတွေ လိုက်ရှာတဲ့ ရည်ရွယ်ချက်ဆီ ပြောင်းလဲထားရပြီဖြစ်ပြီး နေ့စဉ် အသေအပျောက် ကိန်းဂဏန်း ထပ်တိုးလာနိုင်တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ လေးရက်ကြာသွားပြီးတဲ့ အချိန်မှာ ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက် ပြန်ရှာတွေ့ဖို့ မျှော်လင့်ချက်က မရှိသလောက် နည်းသွားပါပြီ။

Public Service Announcement

Public Service Announcement

မိုးလေဝသ ပညာရှင်တွေက တက္ကဆက်စ်မှာ နောက်ထပ်ရက်ပိုင်းလောက် ဆက်တိုက် မိုးရွာနေနိုင်သေးကြောင်းလည်း ခန့်မှန်းထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကားရ်ခရိုင်ကို သဘာဝ ဘေးအန္တရာယ် အရေးပေါ် ဇုန်နယ်မြေအဖြစ် သတ်မှတ် ကြေညာထားပြီး ဖက်ဒရယ် အစိုးရဆီက အကူအညီတွေ ပေးပို့ဖို့ ညွှန်ကြားထားပါတယ်။ အမေရိကန်မှာ ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် အစိုးရ အသုံးစရိတ်တွေကို ထိထိရောက်ရောက် လျှော့ချမယ်လို့ ကြွေးကြော်ပြီး ဌာနပေါင်းစုံရဲ့ ဘတ်ဂျတ်တွေကို ဖြတ်တောက်ပစ်ခဲ့ရာမှာ အမျိုးသား မိုးလေဝသ ဌာနလည်း အထိနာခဲ့ပါတယ်။ အဲဒီ ဘတ်ဂျတ် ဖြတ်တောက်မှုဒဏ်ကြောင့် တကယ်တမ်း သဘာဝ ကပ်ဘေးတစ်ခု ကြုံလာချိန်မှာ ထိရောက်တဲ့ တုံ့ပြန်မှု၊ သတိပေးမှုတွေ အားလျော့သွားတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပေမယ့် အိမ်ဖြူတော်ကတော့ ပယ်ချထားပါတယ်။

ဒါက ဘုရားသခင်ရဲ့ အလိုတော်ဖြစ်ပြီး သမ္မတနဲ့ ဘာမှ မဆိုင်ဘူးလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က ဆိုပါတယ်။ ရေကြီးမှုတစ်ခု ဖြစ်တဲ့အခါ အစိုးရကို အပြစ်တင်လို့ မရကြောင်း၊ ပြီးတော့ ရေမကြီးခင်မှာ ကတည်းက NWSဟာ ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ခဲ့ပြီး ရာသီဥတု ဆိုးရွားလာနိုင်ခြေ သတိပေးချက်တွေ ဆက်တိုက် ထုတ်ပြန်ပေးခဲ့ကြောင်း သူက ပြောပါတယ်။

ထရမ့်ကတော့ ဇူလိုင် ၆ ရက်နေ့တုန်းက အစိုးရ အသုံးစရိတ် ဖြတ်တောက်မှုဟာ သဘာဝ ကပ်ဘေး ကြုံတွေ့လာချိန်မှာ တုံ့ပြန်မှုတွေကို နှေးကွေးစေခဲ့သလားဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်ရဲ့ ညံ့ဖျင်းမှုတွေကြောင့်လို့ စွပ်စွဲသွားခဲ့ပါတယ်။ ဒါပေမဲ့ ဘိုင်ဒန်ကိုလည်း လုံးလုံးလျားလျား အပြစ်တင်လို့ မရကြောင်း၊ တက္ကဆက်စ်ဟာ နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးရွားဆုံး သဘာဝဘေး တစ်ခုနဲ့ ကြုံခဲ့တာဖြစ်ကြောင်း ထရမ့်က ဆက်ပြောခဲ့ပါတယ်။

တက္ကဆက်စ်ရဲ့ ရေပြန်ကျသွားတဲ့ နေရာတွေမှာတော့ အိမ်အပျက်အစီးတွေ၊ အမှိုက်သရိုက်တွေ၊ လဲကျနေတဲ့ ဓာတ်တိုင်တွေနဲ့ သစ်ပင်တွေ ရှုပ်ပွနေပြီး ရှင်းလင်းရေးတွေ စတင် လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာ အပါအဝင် နိုင်ငံ ၁၄ ခုရဲ့ သွင်းကုန် အခွန်တွေကို ဩဂုတ် ၁ ရက်နေ့ကစလို့ မြှင့်တင် သတ်မှတ်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အသိပေး အကြောင်းကြားခဲ့ပါတယ်။

အတွေးအမြင်

ဒေါ်နယ်ထရန့်နဲ့နိုင်ငံရေးဗျူဟာ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်မှာ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ဦးရေဟာ ၈၀ နီးပါးထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်ထဲမှာ ဆိုးရွားတဲ့ ရေကြီးမှုတွေကြောင့် လူတစ်ဒါဇင်ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။