အီလွန်မတ်စ်ခ် ပါတီထောင်မယ်ဆိုတဲ့ ကိစ္စကို အဓိပ္ပါယ်မရှိတဲ့ ဟာသတစ်ခုလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြက်ရယ်ပြုသွားခဲ့ပါတယ်။
တစ်ချိန်က အရင်းနှီးဆုံး မဟာမိတ်တွေ ဖြစ်ခဲ့ရာကနေ ထရမ့်ရဲ့ အခွန်နဲ့ အစိုးရဘတ်ဂျတ် မူကြမ်းကို မတ်စ်ခ်က အပြင်းအထန် ဝေဖန် ရှုတ်ချရာက နှစ်ဦးသား ဆက်ဆံရေးက ကုစားလို့ မရလောက်အောင် ပျက်စီးသွားခဲ့တာပါ။ ကြောင်းကျိုး ဆီလျော်မှု ကင်းမဲ့လွန်းတဲ့ အဲဒီ မူကြမ်းသာ လွှတ်တော်မှာ မဲခွဲ အတည်ပြုတာ အောင်မြင်သွားရင် သူကိုယ်တိုင် နောက်ထပ် နိုင်ငံရေး ပါတီ ထူထောင်မယ်လို့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ မတ်စ်ခ်က ကြုံးဝါးထားခဲ့ပါတယ်။
ဇူလိုင် ၃ ရက်နေ့မှာတော့ အဲဒီ မူကြမ်းဟာ လွှတ်တော်နှစ်ရပ်မှာ မဲခွဲ အတည်ပြုနိုင်ခဲ့ပြီး ဇူလိုင် ၄ ရက်နေ့မှာ ထရမ့်က ဥပဒေအဖြစ် ပြဋ္ဌာန်းဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ နောက်ထပ် ၂ ရက်အကြာမှာ မတ်စ်ခ်က သူ့ရဲ့ စကားအတိုင်း အမေရိက ပါတီကို ထူထောင်မယ်လို့ ကြေညာခဲ့ပါတယ်။
မတ်စ်ခ်ရဲ့ အဆိုအရ အမေရိက ပါတီဟာ ပြည်တွင်းမှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် ပါတီနှစ်ခုတည်း ကြီးစိုးထားမှုကို စိန်ခေါ်ဖို့ ရည်ရွယ်ထားတာလို့ သိရပါတယ်။ သူ့ရဲ့ ပါတီဟာ အမေရိကန် သမ္မတ တင်မြှောက်ဖို့ ဝင်စိန်ခေါ်နိုင်တဲ့ထိ တောင့်တင်းစရာ မလိုဘဲ အထက်နဲ့အောက် လွှတ်တော်တွေမှာ အမတ်နေရာတချို့ ခွဲတမ်းရရှိဖို့သာ အဓိက ပစ်မှတ်ထားမယ်လို့ မတ်စ်ခ်က ဆိုပါတယ်။ ဒါဆိုရင် မူဝါဒရေးရာ အငြင်းပွားစရာ အဆုံးအဖြတ်တွေ ကြုံလာတဲ့အခါ လွှတ်တော်မှာ အင်အားသာနေတဲ့ ပါတီကချည်း အနိုင်ရဖို့ ခက်သွားပြီး သူ့ရဲ့ အမေရိက ပါတီက ပြည်သူတွေ အဖြစ်စေချင်ဆုံး ရွေးချယ်မှုကို ကိုယ်စားပြု မဲပေးနိုင်မယ်လို့ မတ်စ်ခ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
မတ်စ်ခ်ကိုယ်တိုင်ကတော့ တောင်အာဖရိကမှာ မွေးဖွားပြီးမှ အမေရိကန် နိုင်ငံသား ခံယူထားသူ ဖြစ်တာကြောင့် သမ္မတဖြစ်ခွင့် မရှိပါဘူး။ သူဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီကို ဒေါ်လာ သန်း ၃၀၀ လောက် မတည် လှူဒါန်းပြီး ထောက်ခံပေးခဲ့ပေမယ့် ထရမ့်ရဲ့ အဆိုမူကြမ်းက လွှတ်တော်မှာ အောင်ပွဲခံသွားတဲ့နောက် ဝိုင်းမဲပေးခဲ့တဲ့ ရီပတ်ဘလစ်ကန်တွေကို ဆက်ပြီး ပံ့ပိုးတော့မှာ မဟုတ်ကြောင်းလည်း ပြောထားပါသေးတယ်။
အမေရိကန်မှာတော့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် ပါတီမဟုတ်တဲ့ တခြားပါတီငယ်တွေကို တတိယ ပါတီများ အစုအဖွဲ့လို့ ခေါ်လေ့ရှိပါတယ်။ အဲဒီ ပါတီတွေဟာ အင်အားကြီး ပါတီနှစ်ခုကို ရွေးကောက်ပွဲတွေမှာ ထိထိရောက်ရောက် စိန်ခေါ်နိုင်စွမ်း အင်မတန် နည်းပါတယ်။ နိုင်ငံရေး သုတေသီတွေက မတ်စ်ခ်ဟာ ဓနအင်အား ကျောထောက်နောက်ခံ အရမ်းတောင့်တင်းပေမယ့် ပါတီထောင်တဲ့အခါ တတိယပါတီတွေရဲ့ အစဉ်အလာဆိုးကနေ ဖောက်ထွက်နိုင်ဖို့ မလွယ်လောက်ဘူးလို့ သုံးသပ်ထားကြပါတယ်။
ဇူလိုင် ၆ ရက်နေ့က သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ် မတက်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ထရမ့်က အခုအချိန်မျိုးမှာ တတိယပါတီသစ်တစ်ခု စထောင်မယ် ဆိုတာက အဓိပ္ပါယ် ကင်းမဲ့တဲ့ ဟာသလုပ်ရပ်မျိုး ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ဟာ နှစ်ပါတီ အားပြိုင်မှု စနစ်နဲ့ပဲ အသားတကျ ရှိခဲ့ကြောင်း၊ တတိယပါတီတစ်ခု ပါဝင်လာရင် ဇာတ်လမ်းတွေ ရှုပ်တာပဲ အဖတ်တင်မှာဖြစ်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။
မတ်စ်ခ်ကတော့ သူဟာ လွှတ်တော်ထဲမှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် ပါတီတွေကို စိန်ခေါ်ဖို့ အမေရိက ပါတီကို ထူထောင်မယ် ဆိုတာကို ကြေညာထားပြီးသားပါ။ သူဟာ အသက် ၄၅ နှစ်ပြည့်တဲ့ ၂၀၁၆ ခုနှစ် မတိုင်ခင်ထိ ရွေးကောက်ပွဲမှာ မဲပေးခဲ့ဖူးသူ မဟုတ်ပေမယ့် အခုလိုမျိုး ဖိအားများလွန်းတဲ့ အခြေအနေနဲ့ နိုင်ငံရေး နယ်ပယ်ထဲ ဝင်ရောက်မယ် ဆိုတာက စောင့်ကြည့် လေ့လာသူတွေကို အံ့ဩစေခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ထရမ့်က မတ်စ်ခ်ပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ အစိုးရကြား ချုပ်ဆိုထားတဲ့ ကန်ထရိုက် စာချုပ်တွေ၊ သုတေသန ဆိုင်ရာ ထောက်ပံ့ကြေး သဘောတူမှုတွေကို ပြန်ရုပ်သိမ်းဖို့ လုပ်ဆောင်တာတွေ ရှိကောင်း ရှိလာနိုင်တယ်လို့ အရိပ်အမြွက် သတိပေးထားပါတယ်။
ကိုးကား: BBC
