close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါတီသစ် ထူထောင်ဖြစ်ရင် စိတ်ကူးထားတဲ့ အစီအမံတချို့ကို မတ်စ်ခ် အသိပေး

သူကြွေးကြော်ထားတဲ့ အမေရိကန်မှာ နိုင်ငံရေးပါတီ အသစ်ထူထောင်မယ့် စိတ်ကူးနဲ့ ပတ်သက်လို့ ရည်ရွယ်ထားတဲ့ အစီအမံ တချို့ကို အီလွန်မတ်စ်ခ်က ထုတ်ပြောလာပါတယ်။

Getty Images

သူကြွေးကြော်ထားတဲ့ အမေရိကန်မှာ နိုင်ငံရေးပါတီ အသစ်ထူထောင်မယ့် စိတ်ကူးနဲ့ ပတ်သက်လို့ ရည်ရွယ်ထားတဲ့ အစီအမံ တချို့ကို အီလွန်မတ်စ်ခ်က ထုတ်ပြောလာပါတယ်။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်လည်းဖြစ်တဲ့ မတ်စ်ခ်က သမ္မတ ဒေါ်နယ်လ်ထရမ့် အဆိုပြုထားတဲ့ အငြင်းပွားစရာ အခွန်နဲ့ အစိုးရဘတ်ဂျတ် ဥပဒေ မူကြမ်းသာ လွှတ်တော်မှာ မဲခွဲအတည်ပြုဖြစ်ခဲ့ရင် ကိုယ်တိုင် နိုင်ငံရေး ပါတီထောင်မယ်လို့ ပြောထားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ မူကြမ်းဟာ အထက်နဲ့အောက် လွှတ်တော်နှစ်ခုလုံးမှာ ပွတ်ကာသီကာ မဲအသာစီး ရသွားခဲ့တဲ့နောက် ဇူလိုင် ၄ ရက်နေ့မှာတော့ ထရမ့်က ဥပဒေအဖြစ် အတည်ပြုကြောင်း အမိန့်ကို ပြုံးပြုံးကြီး လက်မှတ်ထိုးခဲ့ပါတယ်။

မတ်စ်ခ်နဲ့ ထရမ့်တို့ဟာ အရင်က အရင်းနှီးဆုံး နိုင်ငံရေး မဟာမိတ်တွေ ဖြစ်ခဲ့ပေမယ့် အဲဒီမူကြမ်းကို မတ်စ်ခ်က အပြင်းအထန် ကန့်ကွက်ရာက နှစ်ဦးကြား ဆက်ဆံရေး ပြိုကွဲခဲ့ပါတယ်။ ထရမ့်က သူ့ရဲ့ ဥပဒေ မူကြမ်းဟာ အင်မတန် လှပခမ်းနားတဲ့ အဆိုပြုချက်လို့ သိဒ္ဓိတင်ထားပေမယ့် မတ်စ်ကတော့ စက်ဆုပ်စရာ မူမမှန်မှုကြီးလို့ ဝေဖန်ထားပါတယ်။

ဥပဒေ မူကြမ်းကို မဲခွဲအတည်မပြုနိုင်ခင် အထက်လွှတ်တော်မှာ အကျေအလည် ဆွေးနွေးနေချိန်မှာ မတ်စ်ခ်က တကယ်လို့ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ အမတ်တွေသာ ဒီလို အဓိပ္ပါယ် ကင်းမဲ့လွန်းတဲ့ ဥပဒေမျိုးကို ဝိုင်းထောက်ခံမယ်ဆိုရင် သူဟာ ရီပတ်ဘလစ်ကန်တွေကို ငွေကြေး လှူဒါန်းထောက်ပံ့တော့မှာ မဟုတ်ဘဲ အမေရိက ပါတီဆိုတဲ့ ကိုယ်ပိုင် နိုင်ငံရေးပါတီ ထူထောင်သွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ ထရမ့်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထရမ့်နဲ့ ရီပတ်ဘလစ်ကန်တွေအတွက် ဒေါ်လာ သန်း ၃၀၀ လောက် လှူဒါန်းခဲ့ပြီး ပမာဏအားဖြင့် အများဆုံး ပုဂ္ဂလိက အလှူရှင်လည်း ဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က ဥပဒေကို လက်မှတ်ထိုး အတည်ပြုခဲ့တဲ့ အမေရိကန် လွတ်လပ်ရေးနေ့၊ ဇူလိုင် ၄ ရက်မှာတော့ မတ်စ်ခ်က သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာ Xမှာ ပို့စ်တစ်ခု တင်ထားခဲ့ပါတယ်။ ပါတီနှစ်ခုတည်း ကြီးစိုးထားတဲ့ နိုင်ငံရေး စနစ်မှာ အမေရိက ပါတီကို ထူထောင်သင့်သလားဆိုတဲ့ မေးခွန်းမျိုး မေးကြည့်ဖို့ လွတ်လပ်ရေး နေ့က အသင့်တော်ဆုံး ဖြစ်လိမ့်မယ်လို့ မတ်စ်ခ်က ရေးသားထားပါတယ်။ အဲဒီပို့စ်မှာ ဖြစ်သင့်မဖြစ်သင့် သဘောထားအမြင် စစ်တမ်းတစ်ခုကိုလည်း ကောက်ခံထားပါတယ်။

တောင်အာဖရိကဖွား အသက် ၅၄ နှစ်အရွယ် နည်းပညာ လုပ်ငန်းရှင်ကြီးက သူသာ ပါတီသစ် ထူထောင်ဖြစ်ရင် အစဉ်အလာကြီးတဲ့ ပါတီကြီး နှစ်ခုကို တိုက်ရိုက် ပခုံးချင်း ယှဉ်ဖို့ထက် အရေးကြီးတဲ့ မဲပေးမှုတွေမှာ ပါဝင် ဆုံးဖြတ်နိုင်ရေးကို အဓိက ဦးစားပေး ချဉ်းကပ်သွားမယ်လို့လည်း ဆိုပါတယ်။

အမေရိက ပါတီဟာ အထက်လွှတ်တော် အမတ်နေရာ ၂ ခု ၃ ခုနဲ့ အောက်လွှတ်တော်အမတ် ၈ နေရာကနေ ၁၀ နေရာလောက် အနိုင်ရရေးကို အဓိက ပစ်မှတ်ထားမှာ ဖြစ်ကြောင်း၊ လွှတ်တော်ထဲမှာ အဲဒီလောက် ဝင်ဆံ့တဲ့ ရပ်တည်မှုမျိုး ရှိလာတဲ့အခါ အမေရိက ပါတီဟာ အရေးကြီးတဲ့ ဥပဒေတွေ ဆုံးဖြတ်မှုအတွက် ပါဝင်လာနိုင်မှာဖြစ်ပြီး လူထုရဲ့ ဆန္ဒအမှန်ကို ထင်ဟပ်အောင် ရပ်တည်ပေးနိုင်မှာ ဖြစ်တယ်လို့ မတ်စ်ခ်က ရေးသားထားပါတယ်။

အမေရိကန်မှာတော့ အထင်ကရ ပါတီကြီးနှစ်ခုအပြင် တတိယ ပါတီငယ်တစ်ခု ထူထောင်ဖို့ အားထုတ်မှုတွေ သမိုင်းမှာ ရှိခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အာကာသ စူးစမ်းလေ့လာရေး ကုမ္ပဏီ Space Xကို ပိုင်ဆိုင်ထားတဲ့ မတ်စ်ခ် အနေနဲ့ နိုင်ငံရေးမှာ ပါတီထောင်ပြီး လှုပ်ရှားတာထက် ဒုံးပျံတွေ တည်ဆောက်တာက ပိုလွယ်ကူလိမ့်မယ်လို့ CNN သတင်းဌာနရဲ့ ဆောင်းပါးတစ်ခုမှာ မှတ်ချက်ပေး ဖော်ပြထားပါတယ်။

ကိုးကား: People

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အတိအလင်း ပြဿနာ တက်နေတဲ့ နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က အမေရိကန်မှာ ပါတီသစ် ထောင်မယ်လို့ ကြုံးဝါးထားတဲ့အပေါ် တရုတ် လူမှုကွန်ရက် သုံးစွဲသူတွေက ထောက်ခံ အားပေးနေကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တင်သွင်းတဲ့ အခွန်နဲ့ အသုံးစရိတ် အဆိုမူကြမ်းကို လွှတ်တော်မှာ မဲခွဲ အတည်ပြုနိုင်အောင် အာဏာရ ရီပတ်ဘလစ်ကန် ပါတီက ပံ့ပိုးပေးခဲ့မယ်ဆိုရင် နိုင်ငံရေး ပါတီသစ်တစ်ခု ထူထောင်သွားမယ်လို့ အီလွန်မတ်စ်ခ်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အီလွန်မတ်စ်ခ်သာ ဒီမိုကရက်တစ် ပါတီကို ဘက်ပြောင်းပြီး ထောက်ခံမယ်ဆိုရင် အင်မတန် ပြင်းထန်ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီလွန်မတ်စ်ခ်ဟာ စိတ်လွတ်နေသူ တစ်ဦးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရည်ညွှန်း သုံးနှုန်းသွားခဲ့ပါတယ်။