လုပ်ဖော်ကိုင်ဖက်တွေကို ဓားနဲ့ထိုးပြီး အထပ်မြင့်ကနေ ခုန်ချ သေကြောင်းကြံသွားတဲ့ တရုတ် လေယာဉ်မှူး တစ်ဦးရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေကြောင်း သိရပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိပြီး သတင်းတွေက မျိုးရိုးနာမည် လီလို့သာ ဖော်ပြတဲ့ လေယာဉ်မှူးဟာ China Southern လေကြောင်းလိုင်းရဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကို ဓားနဲ့ထိုးပြီးတဲ့နောက် ကျီလင်ပြည်နယ်၊ ချန်ချွန်မြို့က အဆောက်အအုံအမြင့် ပြတင်းပေါက်ကနေ ခုန်ချသွားခဲ့တာပါ။
ဇူလိုင် ၁ ရက်နေ့က လီရဲ့ သေဆုံးမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီး သက်ဆိုင်ရာ လေကြောင်းလိုင်းနဲ့ ဆက်စပ်သူတွေကိုလည်း ချိတ်ဆက် မေးမြန်းနေတယ်လို့ မြို့ခံ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးဗျူရို အရာရှိတွေက ပြောပါတယ်။
ဓားထိုးခံရတဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကိုတော့ ဆေးရုံတင်ပို့ထားရပြီး အသက်အန္တရာယ် မရှိတော့ပါဘူး။

Public Service Announcement
လီဟာ China Southernရဲ့ ကျီလင် ရုံးခွဲမှာ အလုပ်လုပ်နေတဲ့ လေယာဉ်မှူး တစ်ဦးဖြစ်ပြီး မကြာသေးခင်က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းမှု တစ်ခုနဲ့ ဆက်စပ်လို့ ပျံသန်းခွင့် ဆိုင်းငံ့ခံထားရကြောင်းလည်း လေကြောင်းလိုင်းက ပြောပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ သူဟာ ရာထူးပိုကြီးတဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ဦးနဲ့ တွေ့ဆုံပြီး စွမ်းဆောင်ရည်ဆိုင်ရာ သုံးသပ် ညှိနှိုင်းမှုတွေ လုပ်နေရင်း ဓားနဲ့ ထိုးခဲ့တာ ဖြစ်ကြောင်း၊ အဲဒီနောက် ပြတင်းမှန် တစ်ချပ်ကို ခွဲပြီး ၁၅ ထပ် အမြင့်ကနေ ခုန်ချ သေကြောင်းကြံသွားတာဖြစ်ကြောင်း ကနဦး သိရှိထားပါတယ်။
သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ဘယ်လို အငြင်းအခုံတွေ ဖြစ်ခဲ့သလဲ ဆိုတာကို မသိရသေးပါဘူး။ လေကြောင်းလိုင်းကတော့ လီဟာ စည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ နားလည်မှုတွေ အားနည်းလို့ တာဝန်ကနေ ဆိုင်းငံ့ခံထားရတာလို့ ပြောပါတယ်။
တစ်ဖက်မှာလည်း လေကြောင်းလိုင်းက ဝန်ထမ်းတွေအပေါ် ကိုင်တွယ်ပုံနဲ့ စီမံခန့်ခွဲမှုတွေကို ဝေဖန် မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ တရုတ်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာတော့ အခုကိစ္စနဲ့ ပတ်သက်လို့ သဘောထားမျိုးစုံနဲ့ ငြင်းခုံနေကြပါတယ်။ တချို့က လီရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး အဲဒီလို စိတ်ဆတ်ပြီး ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့မှုမျိုးက လေယာဉ်ကို တာဝန်ယူ ပျံသန်းနေတဲ့ အချိန်မျိုးမှာဆိုရင် အန္တရာယ် ကြီးလွန်းကြောင်း ထောက်ပြ ဝေဖန်ထားကြပါတယ်။
ကိုးကား: SCMP
