ကုန်ကျစရိတ် များလွန်းတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက် နမီးဘီးယား အစိုးရဟာ နိုင်ငံတော် ဈာပန အခမ်းအနားတွေ ကျင်းပမှုကို ဆိုင်းငံ့ထားစေမယ်လို့ ကြေညာခဲ့ပါတယ်။
အခုသီတင်းပတ် အစောပိုင်းမှာ ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးရဲ့ ရလဒ်တစ်ခုကို ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီး အမ်မာ သီယိုဖူလက်စ်က ထုတ်ပြန်ခဲ့ရာမှာ လက်ရှိ အာဏာရ သမ္မတ ကိုယ်တိုင် အတွက်ကလွဲရင် ကျန်တဲ့ လူပုဂ္ဂိုလ် ဘယ်သူ့ကိုမဆိုအတွက် အစိုးရ စရိတ်နဲ့ နိုင်ငံတော် ဈာပန ကျင်းပပေးတော့မှာ မဟုတ်ဘူးလို့ ရှင်းပြထားပါတယ်။
တစ်နည်းအားဖြင့် ဆိုင်းငံ့ကာလအတွင်း သမ္မတ နီတွမ်ဘို နန်ဒီ ဒီယာဝါ ကွယ်လွန်မှသာလျှင် နမီးဘီးယား ပြည်သူတွေဟာ လက်ရှိ အစိုးရ လက်ထက်မှာ နိုင်ငံတော်အဆင့် ဈာပန အခမ်းအနား တစ်ခုနဲ့ ကြုံခွင့်ရတော့မယ့် သဘောမျိုး ဖြစ်ပါတယ်။
ကနဦးအဆင့် ဆိုင်းငံ့ကာလကို ၂၀၂၆ ခုနှစ် ဧပြီလထိ သတ်မှတ်ထားပြီး အဲဒီအတောအတွင်း ကော်မတီတစ်ခုက နိုင်ငံတော် ဈာပနတွေ ပြန်ကျင်းပဖို့ သင့်မသင့်နဲ့ တခြားသော ပြင်ဆင်မှုတွေ သတ်မှတ်ဖို့ လိုမလို ဆိုတာတွေကို ဆန်းစစ်သွားမယ်လို့ သီယိုဖူလက်စ်က ပြောပါတယ်။ သူက အဲဒီ ကော်မတီဟာ အဖွဲ့ဝင် ၇ ဦးထက် ပိုမို ပါဝင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

Public Service Announcement
နမီးဘီးယား နိုင်ငံမှာတော့ အစိုးရ စရိတ် အရမ်းထောင်းတဲ့ နိုင်ငံတော် ဈာပနတွေ ကျင်းပမှုကို လူထုက စတင် ဝေဖန် ဆန့်ကျင်လာတာဟာ ၂၀၂၁ ကတည်းက အစပြုခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် ကိုဗစ် ကပ်ရောဂါ ကာလအတွင်း နိုင်ငံက စီးပွားရေး ကျပ်တည်းနေတဲ့ အချိန်မှာ ရောဂါကြောင့် သေဆုံးတဲ့ အရေးကြီး ပုဂ္ဂိုလ်တွေအတွက် နိုင်ငံတော် ဈာပနတွေ ဆက်တိုက် ကျင်းပပေးခဲ့ရတာကို လူထုက အမြင်မကြည် ဖြစ်လာခဲ့တာပါ။
၂၀၂၄/၂၅ ဘဏ္ဍာရေး နှစ်ထဲမှာတော့ အစိုးရဟာ နိုင်ငံတော် ဈာပနတွေအတွက် စုစုပေါင်း နမီးဘီးယားဒေါ်လာ ၃၈.၄ သန်း ကုန်ကျခဲ့တယ်လို့ ဝန်ကြီးချုပ် အီလီဂျာ ငူရားက ပြောပါတယ်။ ဒါဟာ အမေရိကန်ဒေါ်လာ ၂.၂ သန်းလောက်နဲ့ ညီမျှတဲ့ ငွေကြေးပါ။ ၂၀၂၂/၂၃ ဘဏ္ဍာရေး နှစ်တုန်းကတော့ နိုင်ငံတော် ဈာပန ကုန်ကျငွေ စုစုပေါင်းဟာ နမီးဘီးယား ဒေါ်လာ ၂.၁ သန်းလောက်သာ ရှိခဲ့တာကြောင့် အဲဒီ ၂ နှစ်ကြား ကွာခြားချက် အတော် ကြီးမားခဲ့ပါတယ်။
စောင့်ကြည့်လေ့လာသူတွေရဲ့ အဆိုအရ အခုနှစ် ဖေဖော်ဝါရီလထဲမှာ နမီးဘီးယားနိုင်ငံ ထူထောင်သူ သမ္မတဟောင်း ဆမ်နူဂျိုမာရဲ့ နိုင်ငံတော် ဈာပနကို ကျင်းပရာမှာ ခေါင်းတလားကို တခမ်းတနား သယ်ယူဖို့ချည်းသက်သက် အစိုးရက နမီးဘီးယားဒေါ်လာ သန်း ၃၀ လောက် သုံးစွဲခဲ့ရကြောင်း သိရပါတယ်။
အသက် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့သူ ဂျိုမာဟာ တောင်အာဖရိကဆီက လွတ်လပ်ရေး ရရှိဖို့ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ လက်နက်ကိုင် တော်လှန်ခဲ့တဲ့ ခေါင်းဆောင် တစ်ဦးဖြစ်ခဲ့ပြီး လွတ်လပ်တဲ့ နိုင်ငံအဖြစ် စတင် ရပ်တည်ချိန် ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၀၅ ခုနှစ်ထိ သမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။
ကိုးကား: BBC
