close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ် ၅၀ ကျော်အတွင်း တန်ဖိုး အားအပျော့ဆုံး ဖြစ်လာတဲ့ အမေရိကန်ဒေါ်လာ

အမေရိကန် ဒေါ်လာဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း တန်ဖိုးအားဖြင့် အားအပျော့ဆုံး အနေအထားနဲ့ စျေးကွက်စဖွင့်တဲ့ အခြေအနေကို ကြုံတွေ့လာရပါတယ်။

အမေရိကန် ဒေါ်လာဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း တန်ဖိုးအားဖြင့် အားအပျော့ဆုံး အနေအထားနဲ့ စျေးကွက်စဖွင့်တဲ့ အခြေအနေကို ကြုံတွေ့လာရပါတယ်။

အခုသီတင်းပတ် စတော့စျေးကွက်တွေ စဖွင့်ချိန်မှာ အမေရိကန် ဒေါ်လာ တန်ဖိုးဟာ အဓိက ကုန်သွယ်ဖက် နိုင်ငံတွေရဲ့ ငွေကြေးယူနစ် တန်ဖိုးတွေနဲ့ ယှဉ်ရင် ၁၀ ရာခိုင်နှုန်းကျော်ထိ ကျဆင်းနေခဲ့ပါတယ်။ ဒါဟာ ၁၉၇၃ ခုနှစ်တုန်းက ဒေါ်လာနဲ့ ရွှေသား တန်ဖိုး ချိတ်ဆက်မှုကို အမေရိကန်က ပယ်ဖျက်ခဲ့တဲ့နောက်ပိုင်း စံချိန်တင် တန်ဖိုးကျဆင်းမှုလည်း ဖြစ်လာပါတယ်။

အခုလို ကြုံတွေ့နေရတဲ့ အဓိက အကျဆုံး အခြေအနေ တစ်ခုကတော့ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ မိတ်ဖက်နိုင်ငံတွေအပေါ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရန်လိုတဲ့ မူဝါဒမျိုးတွေနဲ့ ချဉ်းကပ်နေတာကြောင့် ဖြစ်ပါတယ်။ ထရမ့်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို စိုးရိမ် ကြောင့်ကြမှုတွေ တိုးပွားလာစေပါတယ်။

နောက်ပိုင်းမှာ ထရမ့်က သူ့ရဲ့ သဘောထား တင်းမာတဲ့ ကုန်သွယ်ခွန် သတ်မှတ်ချက်တွေကို တချို့တဝက် လျှော့ပေါ့ပေးလိုက်တဲ့နောက် အမေရိကန် စတော့စျေးကွက် တန်ဖိုးက ပြန်ပြီး ခေါင်းထောင်လာပေမယ့် အမေရိကန် ဒေါ်လာကတော့ ဆက်ပြီး ကျဆင်းနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်လာ တန်ဖိုး ကျဆင်းခြင်းဟာ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ ပြည်ပကို သွားရောက်တဲ့အခါ အသုံးစရိတ်တွေ ပိုများလာမှာ ဖြစ်သလို အမေရိကန် နိုင်ငံအတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့လည်း ပိုပြီး ခက်ခဲသွားစေမှာပါ။ ဒါ့အပြင် သတ်မှတ်စျေးနှုန်းအတိုင်း ပြည်ပကို ကုန်စည်တွေ တင်ပို့ရောင်းချတဲ့အခါ အမေရိကန် ကုမ္ပဏီတွေက အဲဒီထုတ်ကုန်တွေကို စျေးလျှော့ ရောင်းပေးသလို ဖြစ်လာနိုင်ပါတယ်။

အစောပိုင်းတုန်းကတော့ အမေရိကန်မှာ ထရမ့်သာ သမ္မတ ပြန်ဖြစ်လာရင် စီးပွားရေး တိုးတက်မှုကို ကောင်းကျိုး သက်ရောက်စေမယ်လို့ ရင်းနှီးမြှုပ်နှံသူတွေကြား ယုံကြည် မျှော်လင့်ခဲ့ကြဖူးပါတယ်။ အခုတော့ အဲဒီ အကောင်းမြင်မှုတွေ မှုန်ဝါးပပျောက်နေပါပြီ။ ဒေါ်လာတန်ဖိုးဟာ ဇန်နဝါရီလမှာ စတင်ကျဆင်းလာပြီး ပြည်တွင်းမှာလည်း အတိုးနှုန်း၊ ငွေကြေးဖောင်းပွမှုနဲ့ အစိုးရရဲ့ ကြွေးမြီ မြင့်တက်လာမှာကို ပူပန်နေကြပါတယ်။ ထရမ့်က ကုန်သွယ်ဖက် နိုင်ငံတွေရဲ့ သွင်းကုန်တွေကို မျှော်လင့်ထားတာထက် များပြားတဲ့ အခွန်နှုန်းထားတွေ စည်းကြပ်မယ်လို့ ကြေညာခဲ့တဲ့ အချိန်မှာတော့ စျေးကွက် အခြေအနေက စိုးရိမ်စိတ် မွှန်ကုန်တဲ့အထိ ဖြစ်သွားပါတယ်။

အခုအခါမှာတော့ စျေးကွက်သုတေသီ တချို့က အမေရိကန်ဟာ ကမ္ဘာ့စီးပွားရေးရဲ့ ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်နေမှုကိုတောင် စွန့်လွှတ်ရတော့မလား ဆိုတာမျိုး တွေးလာကြပါတယ်။ တကယ်လို့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေမှာ အမေရိကန် ဒေါ်လာကို သုံးစွဲမှု လျော့ကျလာမယ်ဆိုရင် အမေရိကန် အစိုးရရဲ့ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းမှုလို အပိုင်းတွေမှာပါ ထိခိုက်လာနိုင်ပါတယ်။ ထရမ့်ရဲ့ အစိုးရက ချေးငွေတွေ တိုးမြှင့်ရယူဖို့ ရည်ရွယ်ထားတဲ့ အချိန်မျိုးမှာ ဒါက သတင်းကောင်း မဟုတ်ပါဘူး။

ဒေါ်လာတန်ဖိုးက စိုးရိမ်စရာ အနေအထားမျိုး ဆက်လက် ကျဆင်းနေပေမယ့် သမိုင်းတလျှောက် အဆိုးဆုံး ဖြစ်နေတာတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ အခုနှစ်ဆန်းပိုင်းတုန်းက ဒေါ်လာဟာ တန်ဖိုးအားဖြင့် ခိုင်မာ အားကောင်းတဲ့ အခြေအနေနဲ့ စတင်ခဲ့တာကြောင့်ပါ။ ဒါပေမဲ့လည်း လက်ရှိ အနေအထားမှာ ဒေါ်လာတန်ဖိုး အားပျော့နေခြင်းက သိသာတဲ့ ရိုက်ခတ်မှုတွေကိုတော့ ဖြစ်ပေါ်စေပါတယ်။

ထရမ့်က အစိုးရ အသုံးစရိတ်ကို တိုးမြှင့်ဖို့ စီစဉ်နေခြင်းကလည်း လွှတ်တော် အမတ်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကြားမှာ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒေါ်လာတန်ဖိုးရော၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုပါ ကျဆင်းနေတဲ့ အခြေအနေမှာ အမေရိကန် အစိုးရအတွက် အနာဂတ် ချေးငွေရယူနိုင်မှုတွေ ပိုခက်ခဲလာမယ့် သဘောပါ။

အတိတ်တုန်းကတော့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ကာလတွေမှာ ဒေါ်လာနဲ့ အမေရိကန် ငွေတိုက်စာချုပ်တွေကို ဝယ်ယူ မြှုပ်နှံထားခြင်းဟာ အလုံခြုံ၊ ဘေးအကင်းဆုံး ရွေးချယ်မှု တစ်ခုအဖြစ် ရင်းနှီးမြှုပ်နှံသူတွေက ယုံကြည်ခဲ့ပါတယ်။ အခုတော့ အဲဒီ ယုံကြည်မှုဟာ ပါးလျ ပျောက်ကွယ်စ ပြုလာပါပြီ။ ကမ္ဘာကို လွှမ်းမိုးထားတဲ့ အဓိက ငွေကြေးအဖြစ် ဒေါ်လာရဲ့ ရပ်တည်မှုက အပြီးတိုင် ချုပ်ငြိမ်းသွားတဲ့ အဆင့်ထိ မရောက်နိုင်သေးပေမယ့် ဒေါ်လာအပေါ် ယုံကြည်မှု ကျဆင်းနေချိန် အမေရိကန်ရဲ့ ကြွေးမြီပါ တိုးမြင့်လာခြင်းကတော့ အဲဒီ ဖြစ်နိုင်ခြေကို သာမန်ထက် ပိုနီးစပ်လာစေနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ