close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာ အပစ်ရပ် အဆိုပြုချက်ကို အစ္စရေးဖက်က လက်ခံထားပြီလို့ ထရမ့်ပြော

ဂါဇာမှာ ရက်ပေါင်း ၆၀ အပစ်အခတ် ရပ်စဲဖို့ အဓိကကျတဲ့ အဆိုပြု ကမ်းလှမ်းချက်တွေကို အစ္စရေးက သဘောတူ လက်ခံထားပြီး ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

AP

ဂါဇာမှာ ရက်ပေါင်း ၆၀ အပစ်အခတ် ရပ်စဲဖို့ အဓိကကျတဲ့ အဆိုပြု ကမ်းလှမ်းချက်တွေကို အစ္စရေးက သဘောတူ လက်ခံထားပြီး ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အစ္စရေးစစ်တပ်နဲ့ ဂါဇာအခြေစိုက် ဟားမားစ် ပြောက်ကျား အဖွဲ့ကြား အပစ်အခတ် ရပ်စဲရေးအတွက် အမေရိကန်က ကြားဝင် အဆိုပြု ကမ်းလှမ်းချိန်မှာ ထရမ့်က စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ သက်ဆိုင်ရာ အစုအဖွဲ့ အားလုံးနဲ့ လက်တွဲ အလုပ်လုပ်သွားမယ်လို့ လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။ သူက အပစ်ရပ်ဖို့အတွက် ဘယ်လို သတ်မှတ်ချက်တွေကို ထည့်သွင်း အဆိုပြုသလဲ ဆိုတာကိုတော့ အသေးစိတ် ဖော်ပြမထားခဲ့ပါဘူး။

အမေရိကန်နဲ့အတူ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်ဖို့ အပတ်တကုတ် ကြိုးစားခဲ့တဲ့ ကာတာနဲ့ အီဂျစ် အစိုးရတွေဟာ နောက်ဆုံးအဆင့် အဆိုပြုချက်ကို တင်သွင်းမှာ ဖြစ်ကြောင်း၊ ဟားမားစ်ဖက်ကတော့ ဒီထက် ပိုကောင်းလာနိုင်စရာ မရှိတော့တာကြောင့် အခုအဆိုပြုချက်ကို လက်ခံမယ်လို့ သူမျှော်လင့်ကြောင်း၊ နောက်တစ်ကြိမ်ဆိုရင် ပိုဆိုးတာမျိုးသာ ဖြစ်လာနိုင်ကြောင်းလည်း ထရမ့်က သူထူထောင်ထားတဲ့ လူမှုကွန်ရက် ပလက်ဖောင်း Truthမှာ ရေးသားထားခဲ့ပါတယ်။

ထရမ့်ရဲ့ အဆိုအရ အစ္စရေး အဲဒီအဆိုပြုချက်ကို မူအားဖြင့် လက်ခံထားပြီး ဟားမားစ်တွေဖက်က အဆုံးအဖြတ်ကိုပဲ စောင့်ရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။ ဟားမားစ်ကရော အဲဒီ အဆိုပြုချက်ကို လက်ခံမလား ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမားစ်တွေက အစ္စရေး ပိုင်နက်ထဲ ဝင်ရောက်ပြီး အငိုက်ဖမ်း တိုက်ခိုက်ခဲ့ရာက လူပေါင်း ၁၂၀၀ လောက်သေဆုံးပြီး ၂၅၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။ အဲဒီကိစ္စကို အစ္စရေးက ဂါဇာမှာ အပြင်းအထန် စစ်ပြု တိုက်ခိုက်ခြင်းနဲ့ လက်တုံ့ပြန်ခဲ့ရာကနေ စစ်ပွဲစပြီး အရပ်သား အများစု အပါအဝင် ပါလက်စတိုင်း ၅၇၀၀၀ နီးပါးလောက် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လာမယ့် သီတင်းပတ်မှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အမေရိကန်ကို အလည်အပတ် ခရီးစဉ် လာရောက်မယ်လို့ အိမ်ဖြူတော်က ကြေညာပြီး မကြာခင်မှာ အပစ်ရပ်ဖို့ အစ္စရေးက လက်ခံထားတယ် ဆိုတာကို ထရမ့်က ကြေညာခဲ့တာပါ။

ထရမ့်က နေတန်ညာဟု ကိုယ်တိုင်လည်း စစ်မက်ဖြစ်ပွားနေတာတွေကို ရပ်တန့်ဖို့ ဆန္ဒရှိနေပြီလို့ သူယုံကြည်ကြောင်း ဆိုပါတယ်။ နေတန်ညာဟုလည်း ဒါကို တကယ်လိုလားနေတယ် ဆိုတာ သူက ပိုင်ပိုင်နိုင်နိုင် ပြောနိုင်ကြောင်း၊ လာမယ့် သီတင်းပတ်လောက်မှာ သဘောတူညီမှု တစ်ခုခုရဖို့ မျှော်လင့်ကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဟားမားစ် အဖွဲ့ရဲ့ အကြီးတန်း အရာရှိ တစ်ယောက်က အပစ်အခတ် ရပ်စဲရေးကိစ္စနဲ့ ဓားစာခံတွေ လွတ်မြောက်ရေးကိစ္စ ညှိနှိုင်းမှုတွေ အရှိန်အဟုန် ပိုအားကောင်းလာနေကြောင်း မှတ်ချက်ပေးခဲ့ပေမယ့် အစ္စရေးနဲ့ ဆွေးနွေးတဲ့ အပိုင်းတွေမှာတော့ တိုးတက်မှု ကင်းမဲ့နေဆဲလို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။

အစ္စရေး အစိုးရကတော့ ဂါဇာမှာ စစ်ရေးပဋိပက္ခ အလုံးစုံ အဆုံးသတ်သွားဖို့ ဆိုရင် ဟားမားစ်အဖွဲ့ကို အပြီးတိုင် ဖြိုခွင်းမှ ဖြစ်နိုင်လိမ့်မယ်လို့ သတိပေးထားပါတယ်။ ဟားမားစ်တွေကတော့ ရေရှည် တည်မြဲတဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ဂါဇာကနေ အစ္စရေးတပ်တွေ အားလုံး ရုပ်သိမ်းရေးကို အဓိကထား တောင်းဆိုထားပါတယ်။

လက်ရှိ အချိန်ထိ ဟားမားစ်တွေ လက်ထဲမှာ အစ္စရေး ဓားစာခံ ၅၀ လောက် ကျန်နေပြီး အဲဒီထဲက ၂၀ လောက်ဟာ သေဆုံးခဲ့ပြီးပြီလို့ ယူဆရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်က အဆိုပြုထားတဲ့ လှပထည်ဝါတဲ့ အစိုးရ ဘတ်ဂျတ် မူကြမ်းဟာ အထက်လွှတ်တော် မဲခွဲမှု အဆင့်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တင်သွင်းတဲ့ အခွန်နဲ့ အသုံးစရိတ် အဆိုမူကြမ်းကို လွှတ်တော်မှာ မဲခွဲ အတည်ပြုနိုင်အောင် အာဏာရ ရီပတ်ဘလစ်ကန် ပါတီက ပံ့ပိုးပေးခဲ့မယ်ဆိုရင် နိုင်ငံရေး ပါတီသစ်တစ်ခု ထူထောင်သွားမယ်လို့ အီလွန်မတ်စ်ခ်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ သတင်းထောက်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေ မကြာခဏ ဝင်ထွက်သွားလာပြီး လူစည်ကားနေလေ့ရှိတဲ့ ပင်လယ်ကမ်းခြေ ကဖေးတစ်ခုကို အစ္စရေး လေတပ်က ဗုံးကြဲခဲ့တာကြောင့် ပါလက်စတိုင်း ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

TikTokကို ဝယ်ယူဖို့ အမေရိကန်ရဲ့ အရမ်း ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တချို့က အသင့်ရှိနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။