ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့တော်မှာ ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အသေခံ ဗုံးခွဲမှုကြောင့် လူ ၂၂ ဦး သေဆုံးပြီး ၆၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ဂရိ အော့သိုဒေါ့စ် ဘာသာရေး အဆောက်အအုံ တစ်ခုဖြစ်တဲ့ တမန်တော် အီလီယက်စ် ဘုရားကျောင်းမှာ ဇွန်လ ၂၂ ရက်နေ့က တနင်္ဂနွေနေ့ ဝတ်ပြုသူတွေ စုဝေးနေချိန်မှာ လူတစ်ယောက်က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အဲဒီနောက် အသေခံ ဗုံးခွဲခဲ့တာ ဖြစ်ပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာနက အဲဒီတိုက်ခိုက်မှု နောက်ကွယ်မှာ အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက်အဖွဲ့ အိုင်အက်စ် ရှိနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အိုင်အက်စ်ကတော့ ခရစ်ယာန် ဘုရားကျောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်ပေး ထုတ်ပြန်တာမျိုးမှ မရှိသေးပါဘူး။
ဗုံးကွဲမှုအပြီး ဓာတ်ပုံနဲ့ ဗီဒီယို မှတ်တမ်းတွေအရ ထိခိုက်ပျက်စီးမှု အခြေအနေ အတော်ကြီး ဆိုးရွားတာကို တွေ့နိုင်ပါတယ်။ နေရာအနှံ့မှာ သွေးကွက်တွေ၊ မှန်ကွဲစတွေ၊ အပျက်အစီးတွေ ပျံ့နှံ့နေခဲ့ပါတယ်။

Public Service Announcement
မျက်မြင်တစ်ဦးကတော့ လူတစ်ယောက်ဟာ ဘုရားကျောင်းထဲ ဝင်လာပြီး ရုတ်တရက် စတင်ပစ်ခတ်ခဲ့ကြောင်း၊ တခြားသူတွေက သူ့ကို ချုပ်နှောင် တားဆီးဖို့ ကြိုးစားချိန်မှာ အသေခံ ဗုံးခွဲလိုက်တာဖြစ်ကြောင်း ပြောပါတယ်။
ဒီဇင်ဘာလတုန်းက ဆီးရီးယားမှာ အာဏာရှင် သမ္မတ ဘာရှာအယ်လ်အာဆတ်ရဲ့ အစိုးရ ပြုတ်ကျသွားပြီး တော်လှန်ရေး အင်အားစုတွေရဲ့ ညွန့်ပေါင်း အစိုးရ တာဝန်ယူ အုပ်ချုပ်နေတဲ့နောက်ပိုင်း အခုလို တိုက်ခိုက်မှုမျိုးကိ ပထမဆုံး ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ကနဦး စစ်ဆေးချက်တွေအရ ဗုံးဟာ ဘုရားကျောင်း ဝင်ပေါက်နေရာမှာ ပေါက်ကွဲခဲ့ပြီး အဆောက်အအုံထဲမှာ ရှိနေသူတွေသာ မကဘဲ အနီးတဝိုက်က လမ်းသွားလမ်းလာတွေပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆီးရီးယား ပြည်ထဲရေး ဝန်ကြီးချုပ် အေနက်စ် ခက်တက်ဘ်က အခုလိုမျိုး ဆိုးယုတ် ကောက်ကျစ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမျိုးတွေကြောင့် ဆီးရီးယားရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေ ယိမ်းယိုင်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အိုင်အက်စ်ဟာ ဆီးရီးယားမှာတော့ ခရစ်ယာန်တွေ အပါအဝင် လူနည်းစု ဘာသာဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။ ၂၀၁၆ တုန်းက ဒမတ်စကက် တောင်ပိုင်း ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာ ရှီးဟိုက် မွတ်ဆလင်တွေရဲ့ ဝတ်ပြုဆောင် တစ်ခုမှာ ပေါက်ကွဲမှုတွေ အတွဲလိုက် ဖြစ်ပွားပြီး လူ ၇၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ဆွန်နီ အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက် အဖွဲ့က အတည်ပြုခဲ့ပါတယ်။
အိုင်အက်စ်ဟာ အားအကောင်းဆုံး အချိန်ကာလ တစ်ခုမှာ ဆီးရီးယား အနောက်ပိုင်းနဲ့ အီရတ်နိုင်ငံ အရှေ့ပိုင်းက စုစုပေါင်း စတုရန်း ကီလိုမီတာ ၈၈၀၀၀ လောက် ကျယ်ဝန်းတဲ့ နယ်မြေတွေကို ထိန်းချုပ်နိုင်ခဲ့ပြီး နိုင်ငံတကာက အသိအမှတ် မပြုတဲ့ ကိုယ်ပိုင် အစ္စလာမ်မစ် နိုင်ငံကို ထူထောင်ကြောင်း ကြေညာခဲ့ဖူးပါတယ်။ ဒါပေမဲ့ လူပေါင်း ၈ သန်းလောက်ကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့ အိုင်အက်စ်ရဲ့ အုပ်စိုးမှုဟာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဆန့်ကျင်ဖက် အင်အားစုတွေရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် အားလျော့ပျက်ပြယ်သွားခဲ့ပါတယ်။
အိုင်အက်စ်ဟာ လက်ရှိ အခြေအနေမှာ အရမ်းဆုတ်ယုတ် အားပျော့နေပြီ ဆိုပေမယ့် ဆီးရီးယားနဲ့ အီရတ်တို့မှာ စုစုပေါင်း အင်အား ၁၅၀၀ ကနေ ၃၀၀၀ ကြားလောက် ဆက်ရှိနေနိုင်ပြီး ခေါင်းဆောင်ပိုင်းတွေကလည်း ဆီးရီးယားမှာ ခိုလှုံနေတယ်လို့ ယုံကြည်ရပါတယ်။
ကိုးကား: AFP
