close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကိုတိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ Midnight Hammer စစ်ဆင်ရေး

B-2 ဗုံးကြဲလေယာဉ်ကြီးတွေ အပါအဝင် လေယာဉ် ၁၂၅ စီး ၊ ဧရာမ ဘန်ကာဖျက် ဗုံး ၁၂ လုံး နဲ့ စစ်လက်နက် ၇၅ ခုထက်မနည်း စစ်ဆင်ရေးမှာ အသုံးပြုခဲ့

Getty Images

အီရန်မှာရှိတဲ့ နျူကလီးယား နည်းပညာဆိုင်ရာ သုတေသန စခန်း ၃ ခုကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေး အသေးစိတ် အချက်အလက်တွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် အသိပေးခဲ့ပါတယ်။

မူလက အဲဒီ ၃ နေရာစလုံးကို အမေရိကန်ရဲ့ B-2 ဗုံးကြဲလေယာဉ်ကြီးတွေက ဗုံးတွေကြဲချပြီး ဖျက်ဆီးခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ယေဘုယျဆန်ဆန် ပြောဆိုခဲ့ပေမယ့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန်ရဲ့ ထိပ်တန်း အရာရှိတွေက ဇွန်လ ၂၂ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ရေတပ်နဲ့ လေတပ်က ပူးပေါင်း စစ်ဆင်ခဲ့တာလို့ ရှင်းပြထားခဲ့ပါတယ်။

Midnight Hammerလို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးဟာ အီရန်ရဲ့ ဖော့ဒို၊ နထန်ဇ်နဲ့ အစ်ဖာဟန် နျူကလီးယား စခန်း ၃ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ အမေရိကန် သမိုင်းမှာ လေတပ်ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး၊ တန်ဖိုးအကြီးဆုံး မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေဖြစ်တဲ့ B-2တွေကို အရေအတွက် အများဆုံး အသုံးချခဲ့တဲ့ စစ်ဆင်ရေးလို့ အမေရိကန် စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်းက ပြောပါတယ်။

ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ B-2 ဗုံးကြဲလေယာဉ် စုစုပေါင်း အစီး ၂၀ ထိ အမေရိကန် လေတပ်က ပိုင်ဆိုင်ထားပြီး အခု ဗုံးကြဲ စစ်ဆင်ရေးအတွက် ၇ စီးနဲ့ အယောင်ပြ ပျံသန်းမှု မစ်ရှင်အတွက် နောက်ထပ် B-2 တချို့ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

Midinight Hammer စစ်ဆင်ရေးရဲ့ ဦးစားပေး ပစ်မှတ်ဟာ တောင်တစ်လုံးအောက်မှာ နက်နက်ရှိုင်းရှိုင်း တူးဖော် တည်ဆောက်ထားတဲ့ ဖော့ဒို စခန်းဖြစ်ပါတယ်။ အဲဒီ စခန်းကို B-2 ၆ စီးက တစ်လုံးကို ပေါင် ၃၀၀၀၀ အလေးချိန်ရှိတဲ့ ဧရာမ ဘန်ကာဖျက်ဗုံး ၂ လုံးစီ၊ စုစုပေါင်း ၁၂ လုံး ကြဲချခဲ့တာပါ။

Spiritလို့ နာမည်ပြောင် ခေါ်ဝေါ်လေ့ရှိတဲ့ B-2 ဗုံးကြဲလေယာဉ်ကြီး ၇ စီးဟာ အမေရိကန် စံတော်ချိန်အရ ဇွန်လ ၂၁ ရက် မနက်ပိုင်းမှာ မဇ္ဇူရီပြည်နယ် အခြေစိုက် စခန်းကနေ အီရန်နိုင်ငံဆီ စတင် ပျံသန်း ထွက်ခွာခဲ့ကြပါတယ်။ ၁၈ နာရီကြာ ခရီးစဉ် အတောအတွင်း လမ်းခုလတ်မှာ B-2တွေကို လေထဲမှာတင် ပျံသန်းရင်း ဆီဖြည့်တာတွေလည်း လုပ်ခဲ့ရပါတယ်။

အရှေ့အလယ်ပိုင်း ဒေသ လေပိုင်နက်ထဲ စတင်ချဉ်းနင်း ဝင်ရောက်လာချိန်မှာတော့ B-2တွေကို အမေရိကန်ရဲ့ အခြံအရံ တိုက်လေယာဉ်တွေက စောင့်ကြိုပြီး ခြံရံ ကာကွယ်ပေးခဲ့ပါတယ်။ အဲဒီ လေယာဉ်တွေ စုဆုံပြီး အတူပူးတွဲ စစ်ဆင်ရေး ပျံသန်းတာဟာ ရှုပ်ထွေးပြီး အချိန်ကိုက်ဖြစ်အောင် အထူးအနုစိတ် စီစဉ်ထားရတဲ့ အပိုင်းလို့ ကိန်းက ရှင်းပြပါတယ်။

ကိန်းက စစ်ဆင်ရေးမှာ B-2လေယာဉ်တွေနဲ့ အမေရိကန် ရေတပ်ကြား ပစ်မှတ်ခွဲဝေ တာဝန်ယူတဲ့ အပိုင်းတွေကိုလည်း မြေပုံနဲ့တကွ ရှင်းပြခဲ့ပါတယ်။ အမေရိကန်ရဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေက အီရန် လေပိုင်နက်ထဲ မဝင်ရောက်ခင်လေးမှာတင် အိုမန် ပင်လယ်ကွေ့နားမှာ ရှိနေတဲ့ အမေရိကန် ရေငုပ်သင်္ဘော တစ်စီးဟာ Tomahawk ခရုစ်ဒုံးကျည် အနည်းဆုံး နှစ်ဒါဇင်ကို အတွဲလိုက် ပစ်ခတ်ပါတော့တယ်။ အဲဒီဒုံးကျည်တွေဟာ အစ်ဖာဟန် နျူကလီးယား စခန်းနဲ့ အနီးတဝိုက်မှာ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

ဗုံးကြဲမစ်ရှင်အတွက် ပျံသန်းလာတဲ့ B-2 ၇ စီးက အီရန် လေပိုင်နက်ထဲ မဝင်ခင်မှာ အမေရိကန် လေတပ်ဟာ စစ်ဆင်ရေးမှာ မပါတဲ့ လေယာဉ်တွေကို ထင်သာမြင်သာ အယောင်ပြ ပျံသန်းတာ၊ ပစ်မှတ်တုတွေ အသုံးပြုတာမျိုး နည်းတွေနဲ့ အီရန် လေကြောင်း ကာကွယ်ရေး စနစ်တွေရဲ့ အာရုံကို လှည့်စားနေခဲ့ပါတယ်။ နောက်ထပ် B-2 လေယာဉ် တချို့ကလည်း အယောင်ပြ မစ်ရှင်အဖြစ် အမေရိကန်ကနေ ပျံတက်လာခဲ့ပါတယ်။ ဒါပေမဲ့ ပစိဖိတ် သမုဒ္ဒရာကို ဖြတ်ပျံခဲ့တဲ့ အဲဒီ B-2တွေကတော့ အီရန်ဆီ ရောက်မလာဘဲ အမေရိကန်ပိုင် ဂူအမ်ကျွန်းဆီ ဆင်းသက်ခဲ့ပါတယ်။

ဗုံးကြဲ မစ်ရှင်မှာ ပါဝင်တဲ့ B-2တွေရဲ့ အခြံအရံ တိုက်လေယာဉ်တွေကတော့ အီရန် လေပိုင်နက်ကို စိုးမိုးပြီး ကြိုတင် လမ်းကြောင်းရှင်းပေးထားပါတယ်။ ပြီးတော့ ရန်သူ့ဖက်က ဝေဟင်ပစ် ဒုံးကျည်တွေ ပျံတက်လာနိုင်တဲ့ အခြေအနေတွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ကြောင်း ကိန်းက ဆိုပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အမေရိကန် လေယာဉ်အုပ်ကြီး ဝင်ရောက်လာတဲ့ အချိန်မှာ အီရန်ဖက်က တုံ့ပြန်ပစ်ခတ်မှုမျိုးကို မတွေ့ခဲ့ရဘူးလို့ ကိန်းက ပြောပါတယ်။

အီရန် စံတော်ချိန်အရ ဇွန်လ ၂၂ ရက် မနက် ၂ နာရီ ၁၀ မိနစ်လောက်မှာတော့ ပထမဆုံး B-2 ဗုံးကြဲလေယာဉ်ဟာ တစ်လုံးကို ပေါင် ၃၀၀၀၀ လောက် အလေးချိန်ရှိပြီး မြေအောက်ထိ နက်နက်ရှိုင်းရှိုင်း တိုးဝင်နိုင်တဲ့ ဖျက်အားပြင်း ဘန်ကာဖျက်ဗုံး နှစ်လုံးကို စတင်ကြဲချခဲ့ပါတယ်။ ဘန်ကာဖျက်ဗုံးတွေရဲ့ ဘုရင်လို့ တင်စားခံရတဲ့ GBU-57 ဧရာမ ဗုံးကြီးတွေကို အမေရိကန်ဟာ စစ်ပွဲမှာ ပထမဆုံးအကြိမ် လက်တွေ့ အသုံးချလိုက်ခြင်းလည်း ဖြစ်ပါတယ်။

နောက်ထပ် ၂၅ မိနစ်အတွင်း စုစုပေါင်း B-2 ၆ စီးဟာ ဖော့ဒို စခန်းကို ဘန်ကာဖျက်ဗုံး ၁၂ လုံး ကြဲချထားပြီး ဖြစ်နေသလို တခြား B-2 ဗုံးကြဲလေယာဉ်က နထန်ဇ်စခန်းကို ဗုံး ၂ လုံး ကြဲချခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ အစ်ဖာဟန် စခန်းမှာလည်း Tomahawk ဒုံးကျည်တွေက ဆက်တိုက် ကျရောက် ပေါက်ကွဲနေခဲ့ပြီးပါပြီ။

အီရန်ရဲ့ အဓိက ပစ်မှတ် ၃ ခုစလုံးကို ဗုံးတွေကြဲ၊ ဒုံးကျည်မိုးတွေ ရွာပြီးတဲ့နောက် အမေရိကန် စစ်လေယာဉ်တွေ အီရန် လေပိုင်နက်ကနေ ပြန်ထွက်လာတဲ့ထိ တုံ့ပြန်ပစ်ခတ်မှု ဘာတစ်ခုမှ မကြုံခဲ့ဘူးလို့ ကိန်းက ပြောပါတယ်။ အီရန် တိုက်လေယာဉ်တွေ လုံးဝ ပျံတက်မလာခဲ့ကြောင်း၊ အီရန်ရဲ့ ဝေဟင်ပစ် ဒုံးကျည်စနစ်တွေကလည်း အမေရိကန် တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေ ဝင်လာတာကို ထောက်လှမ်း သိရှိခဲ့ပုံ မပေါ်ကြောင်း၊ မစ်ရှင် တလျှောက်လုံးမှာ ရန်သူကို အငိုက်ဖမ်း တိုက်ခိုက်နိုင်မှုကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြောင်း ကိန်းက မှတ်ချက်ပေးသွားခဲ့ပါတယ်။

အီရန်ဖက်က တုံ့ပြန်ပစ်ခတ်မှု မရှိတာဟာ အစောပိုင်း တိုက်ခိုက်မှုတွေအတွင်း အစ္စရေးက အီရန်ရဲ့ ရေဒါတွေနဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို ချိုးနှိမ် ဖျက်ဆီးထားခဲ့ပြီး ဖြစ်တာကြောင့်လို့လည်း ယုံကြည်ရပါတယ်။

မစ်ရှင်တစ်ခုလုံးမှာ B-2တွေ အပါအဝင် တိုက်လေယာဉ်တွေနဲ့ ကင်းထောက်လေယာဉ်တွေ၊ ဆီဖြည့်လေယာဉ်တွေ အားလုံးပေါင်း လေယာဉ် ၁၂၅ စီး၊ ပဲ့ထိန်းစနစ်ပါ စစ်လက်နက် စုစုပေါင်း ၇၅ ခုထက်မနည်း အသုံးပြုခဲ့ကြောင်း၊ ကနဦး ထောက်လှမ်း သိရှိထားတဲ့ အချက်အလက်တွေအရ ပစ်မှတ်နေရာ ၃ ခုလုံး အကြီးအကျယ် ပျက်စီးခဲ့တယ်ဆိုတာ အတည်ပြု သိရှိထားကြောင်း ကိန်းက ပြောပါတယ်။ ဒါပေမဲ့ ထိခိုက်ပျက်စီးမှု အခြေအနေ အတိအကျကို သိဖို့တော့ အချိန်ယူရမယ်လို့ သူက ဆိုပါတယ်။

သူက အီရန်အနေနဲ့ အမေရိကန်ကို လက်တုံ့ပြန် တိုက်ခိုက်တာမျိုး ဘာတစ်ခုမှ မလုပ်သင့်ဘူးလို့လည်း ခြိမ်းခြောက် သတိပေးခဲ့ပါတယ်။ အီရန်က တိုက်ရိုက် တုံ့ပြန်တာဖြစ်စေ၊ အီရန် လက်ဝေခံ အဖွဲ့အစည်းတွေက တိုက်ခိုက်လာတာဖြစ်စေ အခြေအနေ အားလုံးအတွက် အမေရိကန် တပ်တွေက အမြင့်ဆုံးအဆင့် တပ်လှန့် ပြင်ဆင်ထားကြောင်း၊ ဒီလုပ်ရပ်မျိုးဟာ အင်မတန် အသိဉာဏ် နုံနဲ့တဲ့ ရွေးချယ်မှု ဖြစ်နိုင်ပြီး အမေရိကန်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှာဖြစ်ကြောင်း ကိန်းက ပြောပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကတော့ Midnight Hammer စစ်ဆင်ရေးဟာ မယုံကြည်နိုင်လောက်အောင် ထူးကဲ အောင်မြင်ခဲ့တဲ့ လုပ်ဆောင်ချက် တစ်ခုလို့ ညွှန်းဆိုခဲ့ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် (သမ္မတ ထရမ့်)ဆီက ပေးအပ်တဲ့ အမိန့်ဟာ တိကျ၊ အားကောင်းပြီး အရမ်းရှင်းလင်း ပြတ်သားတယ်လို့ သူက ပြောပါတယ်။

အခုစစ်ဆင်ရေးနဲ့အတူ အီရန်ရဲ့ နျူကလီးယား အစီအမံတွေကို အကြီးအကျယ် ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ အထူးပြု ပြောလိုတာက ဒီစစ်ဆင်ရေးမှာ အမေရိကန်ဟာ အီရန် အရပ်သားပြည်သူတွေကိုရော၊ အီရန် စစ်တပ်ကိုပါ ပစ်မှတ်ထားခဲ့တာ မဟုတ်ကြောင်း ဟက်ဂ်ဆက်သ်က ထောက်ပြခဲ့ပါတယ်။

အမေရိကန်ရဲ့ B-2တွေဟာ စစ်ဆင်ရေးအတွက် ဝင်ရောက်တိုက်ခိုက်ပြီးတာနဲ့ ချက်ချင်း ပြန်ထွက်လာခဲ့ကြောင်း၊ အဲဒီ အခြေအနေကို တစ်ကမ္ဘာလုံးက သိတောင် မသိလိုက်ကြကြောင်း၊ ၂၀၀၁ နောက်ပိုင်း အရှည်ကြာဆုံး B-2 စစ်ဆင်ရေး ဖြစ်သလို MOP (GBU-57၏ အခြား အတိုကောက်နာမည်)တွေကို ပထမဆုံး အသုံးပြုနိုင်ခဲ့တဲ့ သမိုင်းဝင် အခိုက်အတန့် ဖြစ်လာခဲ့ကြောင်း သူက ညွှန်းဆိုသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို တိုက်ခိုက်ခဲ့ခြင်းက အမေရိကန်အပေါ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ယုံကြည်စိတ်ချရမှု လျော့ကျသွားစေတယ်လို့ တရုတ်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးတဲ့နောက် လက်စားချေဖို့ နည်းလမ်း အားလုံးကို စဉ်းစားထားကြောင်း အီရန်ဖက်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်က အီရန်နျူကလီးယား အဆောက်အအုံတွေကို ဗုံးကြဲပြီးတဲ့နောက် အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီဟာ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ကို ရောက်ရှိနေပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်နဲ့ ရေတပ်တွေ ပူးပေါင်းထားတဲ့ အထင်ကရ စစ်ဆင်ရေး တစ်ခုမှာ အီရန်ရဲ့ နျူကလီးယား သုတေသန စခန်း ၃ ခုကို တိုက်ခိုက်ခဲ့ပြီး ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်း အမေရိကန်က ကြွေးကြော်ထားပါတယ်။