close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် တိုက်ခိုက်မှုနောက်ပိုင်း အီရန်ရဲ့ ထိခိုက်ပျက်စီးမှု အခြေအနေများ

အမေရိကန် လေတပ်နဲ့ ရေတပ်တွေ ပူးပေါင်းထားတဲ့ အထင်ကရ စစ်ဆင်ရေး တစ်ခုမှာ အီရန်ရဲ့ နျူကလီးယား သုတေသန စခန်း ၃ ခုကို တိုက်ခိုက်ခဲ့ပြီး ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်း အမေရိကန်က ကြွေးကြော်ထားပါတယ်။

CNN/Maxar

အမေရိကန် လေတပ်နဲ့ ရေတပ်တွေ ပူးပေါင်းထားတဲ့ အထင်ကရ စစ်ဆင်ရေး တစ်ခုမှာ အီရန်ရဲ့ နျူကလီးယား သုတေသန စခန်း ၃ ခုကို တိုက်ခိုက်ခဲ့ပြီး ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်း အမေရိကန်က ကြွေးကြော်ထားပါတယ်။

ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းက အကောင်အထည် ဖော်ခဲ့တဲ့ စစ်ဆင်ရေးမှာ အမေရိကန်ဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်စွမ်းရည် ပိုင်ဆိုင်ထားတဲ့ B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေကို အရေအတွက် အများဆုံး စုဖွဲ့ ပျံသန်းစေခဲ့သလို တစ်လုံးကို ပေါင် ၃၀၀၀၀ အလေးချိန်ရှိတဲ့ ဧရာမ ဘန်ကာဖျက်ဗုံးတွေကို ပထမဆုံးအကြိမ် အသုံးပြုပြီး မြေအောက် ပစ်မှတ်တွေကို ရှင်းလင်းခဲ့ပါတယ်။

ပစ်မှတ်နေရာတွေ အားလုံး ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပြီး စစ်ဆင်ရေး အထူးအောင်မြင်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြွေးကြော်ခဲ့ပေမယ့် အီရန် အရာရှိတွေကတော့ ထိခိုက်မှုဟာ အမေရိကန် ပြောသလောက်ကြီး မများပါဘူးလို့ တုံ့ပြန်ထားပါတယ်။

အမေရိကန်ရဲ့ Midnight Hammer စစ်ဆင်ရေးမှာ အဓိက ပစ်မှတ်ထားခံခဲ့ရတဲ့ အီရန် နျူကလီးယား စခန်း ၃ ခုရဲ့ ထိခိုက်ပျက်စီးမှု အခြေအနေတွေကို ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းတွေအရ ကနဦး ဆန်းစစ်ထားတဲ့ အခြေအနေတွေကို CNN သတင်းဌာနက ခွဲခြမ်းစိတ်ဖြာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

◼︎ ဖော့ဒို

ဖော့ဒိုဟာ အခုစစ်ဆင်ရေးမှာ အမေရိကန်ရဲ့ အဓိက ပစ်မှတ် ဖြစ်ခဲ့ပါတယ်။ တောင်တစ်လုံးရဲ့ အောက်ဖက် မြေအနက် မီတာပေါင်း ၆၀ နဲ့ ၉၀ ကြားလောက်မှာ အခိုင်အမာ တည်ဆောက်ထားတဲ့ နေရာကို အမေရိကန် လေတပ်က B-2 ခြောက်စီးထိ အသုံးပြုပြီး ဘန်ကာဖျက်ဗုံးကြီး စုစုပေါင်း ၁၂ လုံး ကြဲချခဲ့ပါတယ်။ အဲဒီ မြေအောက် စခန်းကြီးရဲ့ အပေါ်ယံမှာ ပပ်ကြားအက် အကြီးကြီး ၆ ခု ဖြစ်နေတာကို ဂြိုဟ်တု ဓာတ်ပုံတွေက တွေ့ရပါတယ်။ လက်နက် ပါရဂူတွေကတော့ ဖော့ဒိုစခန်းဟာ အကြီးအကျယ် ထိခိုက်ခဲ့ဟန်ရှိပြီး မြေအောက်မှာ တည်ဆောက်ထားတဲ့ ယူရေနီယမ် သန့်စင်ခန်းတွေ အားလုံး ပျက်စီးသွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အီရန်က အပျက်အစီးတွေ အရမ်းမဆိုးပါဘူးလို့ ပြောထားပေမယ့် ပေါက်ကွဲ မီးလောင်မှုကြောင့် ထွက်လာတဲ့ ပြာတွေက ပတ်ဝန်းကျင် တောင်စောင်းတွေရဲ့ အရောင်ကိုပါ ပြောင်းသွားစေတာကို ကြည့်ရင် ပေါက်ကွဲတဲ့ အရှိန်အရမ်းပြင်းတယ်လို့ အလွယ်တကူ ခန့်မှန်းနိုင်ပါတယ်။

◼︎ နထန်ဇ်

နထန်ဇ်ဟာ အီရန်ရဲ့ ယူရေနီယမ် သန့်စင်မှုဆိုင်ရာ အကြီးဆုံး စခန်းတစ်ခု ဖြစ်ပါတယ်။ အရင်ကတည်းက အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေ ဒဏ်ကြောင့် အဲဒီစခန်းမှာ ပျက်စီးမှုတွေ ကြီးကြီးမားမား ရှိနှင့်နေခဲ့ပြီးသားပါ။ အမေရိကန်ရဲ့ B-2 တစ်စီးက ဗုံးကြဲခဲ့တဲ့နောက် ဧရာမ ပပ်ကြားအက် အသစ်ကြီး နှစ်ခု ဖြစ်လာတာကို ဂြိုဟ်တု ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။ အဲဒီ စခန်းဟာ အမေရိကန်ရဲ့ ရေငုပ်သင်္ဘောတွေက လှမ်းပစ်တဲ့ ခရုစ်ဒုံးကျည်တွေ ထိမှန် ပေါက်ကွဲတဲ့ဒဏ်လည်း ခံခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။ မြေအောက်မှာ ဘယ်လောက်ထိ အပျက်အစီး များမလဲ ဆိုတာကိုတော့ မသိနိုင်ပါဘူး။ အစောပိုင်း အစ္စရေး တိုက်ခိုက်မှုတွေကြောင့် စခန်းမှာ ဓာတ်အား ပြတ်တောက်မှုတွေ ရှိနေခဲ့ပြီး ယူရေနီယမ် သန့်စင်မှု လုပ်ငန်းတွေ ပုံမှန် မလည်ပတ်နိုင်တော့ဘူးလို့ ယူဆရပါတယ်။

◼︎ အစ်ဖာဟန်

အစ်ဖာဟန်ဟာ ပုံမှန်ဆိုရင်တော့ ပညာရှင် ထောင်နဲ့ချီ အလုပ်လုပ်တဲ့ အီရန် နျူကလီးယား သိပ္ပံဌာန တစ်ခုပါ။ ဒါပေမဲ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေ စတင်လာချိန် ကတည်းက အီရန်ရဲ့ နျူကလီးယား သုတေသန စခန်းတွေမှာ ဝန်ထမ်းတွေနဲ့ ပညာရှင်တွေ ရွှေ့ပြောင်းပေးထားပြီး ဖြစ်ပါတယ်။ ဂြိုဟ်တု ဓာတ်ပုံတွေ အရတော့ အစ်ဖာဟန်မှာ အဆောက်အအုံ ၁၈ ခုထက်မနည်း ထိခိုက်ထားတာ၊ ဒါမှမဟုတ် လုံးဝဥဿုံ ပျက်စီးထားတာကို မြင်နိုင်ပါတယ်။ အစ်ဖာဟန်ဟာ အမေရိကန် ရေငုပ်သင်္ဘောက ပစ်ခတ်လိုက်တဲ့ Tomahawk ဒုံးကျည်တွေဒဏ်ကို ခံခဲ့ရတာပါ။ နေရာအနှံ့မှာ မီးကျွမ်းထားလို့ မည်းနက်နေပြီး အပျက်အစီးတွေ ဖုံးနေပါတယ်။ စခန်းရဲ့ မြေအောက် ဥမင်တွေ ပြိုကျခဲ့ပြီး ယူရေနီယမ် သတ္တုကို ဓာတ်ငွေ့အဖြစ် ပြောင်းလဲတဲ့ အဓိက ကိရိယာတွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အခုမစ်ရှင်မှာ အမေရိကန်ဟာ အစ်ဖာရန်မှာ သိုလှောင်ထားတဲ့ အီရန် ယူရေနီယမ် သတ္တုတွေကိုပါ ဖျက်ဆီးပစ်နိုင်ခဲ့ဟန် ရှိတယ်လို့ ထင်ကြေးပေးထားပါတယ်။

CNNကတော့ ဒီသုံးသပ်ချက် အများစုဟာ ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အခြေခံပြီး ပညာရှင်တွေက ထောက်ပြ ဆွေးနွေးထားတာ ဖြစ်ကြောင်း၊ လာမယ့်ရက်တွေမှာ ပိုပြီး တိကျတဲ့ အချက်အလက်သစ်တွေ ထွက်ပေါ်လာနိုင်ကြောင်း ဆိုပါတယ်။ ဒါပေမဲ့ ကနဦး အထောက်အထားတွေ အရတော့ အမေရိကန်ရဲ့ လေတပ်နဲ့ ရေတပ်ပေါင်းပြီး အချိတ်အဆက်မိမိ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးဟာ အီရန် နျူကလီးယား စီမံကိန်းရဲ့ အချက်အခြာကျတဲ့ အစိတ်အပိုင်းတွေ၊ အထူးသဖြင့် မြေအောက်မှာ လျှို့ဝှက် တည်ဆောက်ထားတဲ့ နေရာဌာနတွေကို အကြီးအကျယ် ပျက်စီးစေခဲ့တယ်လို့ ယုံကြည်ရပါတယ်။

အီရန် အရာရှိတွေက ထိခိုက်ပျက်စီးမှု အတိုင်းအတာဟာ အနည်းအကျဉ်းလောက်သာ ရှိခဲ့တယ်လို ပြောနေပေမယ့် ဂြိုဟ်တု ဓာတ်ပုံတွေကတော့ ကွဲပြားတဲ့ မျက်နှာစာ တစ်ခုကို ညွှန်ပြနေကြောင်း CNNက ရေးသားထားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို တိုက်ခိုက်ခဲ့ခြင်းက အမေရိကန်အပေါ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ယုံကြည်စိတ်ချရမှု လျော့ကျသွားစေတယ်လို့ တရုတ်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးတဲ့နောက် လက်စားချေဖို့ နည်းလမ်း အားလုံးကို စဉ်းစားထားကြောင်း အီရန်ဖက်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်က အီရန်နျူကလီးယား အဆောက်အအုံတွေကို ဗုံးကြဲပြီးတဲ့နောက် အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီဟာ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ကို ရောက်ရှိနေပါတယ်။

နိုင်ငံတကာ

B-2 ဗုံးကြဲလေယာဉ်ကြီးတွေ အပါအဝင် လေယာဉ် ၁၂၅ စီး ၊ ဧရာမ ဘန်ကာဖျက် ဗုံး ၁၂ လုံး နဲ့ စစ်လက်နက် ၇၅ ခုထက်မနည်း စစ်ဆင်ရေးမှာ အသုံးပြုခဲ့