အမေရိကန်က အစ္စရေး-အီရန် စစ်ရေး ပဋိပက္ခမှာ ထဲထဲဝင်ဝင် ဝင်ပါပြီး အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေကို ဗုံးကြဲခဲ့တဲ့အပေါ် နိုင်ငံတကာ တုံ့ပြန်မှုတွေ အလျင်အမြန်ပဲ ထွက်ပေါ်လာခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံ အများအပြားရဲ့ ခေါင်းဆောင်တွေက ပိုမို ဆိုးရွားလာတဲ့ အခြေအနေတွေမှာ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းနေပြီး တချို့နိုင်ငံတွေကတော့ အမေရိကန်ရဲ့ စွက်ဖက်မှုအပေါ် အတိအလင်း ရှုတ်ချခဲ့ကြပါတယ်။
အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်တွေရော၊ ရန်ဘက်နိုင်ငံတွေပါ ဇွန်လ ၂၂ ရက်နေ့မှာတော့ သဘောထား ကြေညာချက်တွေ ထုတ်ပြန်ရင်း အတော်ကြီး အလုပ်များခဲ့ကြပါတယ်။ အမေရိကန်က အစ္စရေး-အီရန် ပြဿနာမှာ ကိုယ်ထိလက်ရောက် ဝင်ပါလိုက်တာဟာ အရှေ့အလယ်ပိုင်း ဒေသရဲ့ လက်ရှိ တင်းမာနေတဲ့ စစ်ရေး အခြေအနေတွေကို ပိုပြီး ရှုပ်ထွေးသွားစေမှာ၊ ခန့်မှန်းရ ခက်ခဲသွားမှာကို နိုင်ငံတကာ အသိုက်အဝန်းက စိုးရိမ်နေပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ အရင်ကတည်းက စိုးရိမ်စရာ ဖြစ်နေပြီးသား ဒေသတွင်း တင်းမာမှုတွေကို အန္တရာယ် အများဆုံး အဆင့်မျိုး မြင့်တက်သွားစေပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကဏ္ဍကို အကြီးအကျယ် ခြိမ်းခြောက်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement
ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြားရေး ဝန်ကြီး ကာဂျာ ကဲလက်စ်ကတော့ နှစ်ဖက်စလုံးကို ဆွေးနွေးပွဲ စကားဝိုင်းဆီ အမြန်ဆုံး ပြန်လာကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်လို့တော့ မရဘူးလို့ သူက ဆိုပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာကတော့ အီရန်ကို နျူကလီးယားလက်နက် တည်ဆောက်ခွင့်ပြုလို့ မရကြောင်း၊ အမေရိကန်ဟာ အဲဒီ ခြိမ်းခြောက်မှုကို လျှော့ချဖို့ တုံ့ပြန် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ နောက်ပြီး အီရန်အနေနဲ့ ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ပြန်လာပြီး အကျပ်အတည်းကို အဆုံးသတ်ဖို့အတွက် သံတမန်ရေးအရ အဖြေရှာသင့်ကြောင်းလည်း စတာမာက တိုက်တွန်းခဲ့ပါတယ်။
ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဂျင်းနိုဝဲလ် ဘားရော့က အမေရိကန်ရဲ့ ဗုံးကြဲမှုနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေမှာ ပြင်သစ်က ပတ်သက်ဆက်နွှယ်မှု လုံးဝ မရှိခဲ့ကြောင်း ငြင်းချက်ထုတ်ထားပါတယ်။ ပြင်သစ်ဟာလည်း အီရန်က နျူကလီးယား လက်နက် ပိုင်ဆိုင်လာမှာကို ဆန့်ကျင်ကြောင်း၊ သံတမန်ရေးအရ ချဉ်းကပ်မှုကသာ အရှည်တည်တံ့မယ့် အဖြေတစ်ခုကို ရရှိစေမှာ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
အီရန်ရဲ့ အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ ရုရှားကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး တာဝန်မဲ့တဲ့၊ နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့ လုပ်ရပ်မျိုးလို့ စွပ်စွဲခဲ့ပါတယ်။
ပင်လယ်ကွေ့ ဒေသတွင်း အင်အားကြီး နိုင်ငံဖြစ်ပြီး အီရန်နဲ့ ခါးသီးတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေတဲ့ ဆော်ဒီအာရေးဘီးယားကတော့ အခြေအနေတွေကို အလေးအနက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့၊ တင်းမာမှုတွေကို လျှော့ချဖို့ တိုက်တွန်းခဲ့ပါတယ်။
လက်ဘနွန် သမ္မတ ဂျိုးဆက်အွန်းကတော့ နှစ်ဖက်စလုံး ဆင်ဆင်ခြင်ခြင် လုပ်ဆောင်ကြဖို့ တိုက်တွန်းပြီး သူ့နိုင်ငံကတော့ ဒီကိစ္စမှာ ဝင်ပတ်သက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ အခုလို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ထရမ့်ကို ချီးကျူး ဂုဏ်ပြုခဲ့ပြီး အံ့ဩဖွယ်ရာကောင်းတဲ့၊ မှန်ကန်ဖြောင့်မတ်တဲ့ အဲဒီလုပ်ရပ်ကြောင့် အမေရိကန်ဟာ သမိုင်းကြောင်းကိုတောင် ပြောင်းပစ်နိုင်လိမ့်မယ်လို့ ဩဘာပေးခဲ့ပါတယ်။
ကာတာအစိုးရကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှု နောက်ဆက်တွဲအဖြစ် ဆိုးရွားတဲ့ အကျိုးဆက်တွေ၊ ရိုက်ခတ်မှုတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်ကြောင်း သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်တို့ကြား အီရန် နျူကလီးယား ထိန်းချုပ်ရေး ကိစ္စအတွက် ကြားဝင် ညှိပေးနေတဲ့ အိုမန် အစိုးရကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။
အီရန်နဲ့ရော၊ အမေရိကန်နဲ့ပါ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ အီရတ် အစိုးရက စစ်ရေး အခြေအနေတွေ ပိုမိုခါးသီး တင်းမာလာတဲ့အခါ အရှေ့အလယ်ပိုင်း ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်လာနိုင်ကြောင်း သတိပေးထားပါတယ်။
တရုတ်အစိုးရ မီဒီယာကတော့ အမေရိကန်ဟာ အီရတ်မှာ ကျူးလွန်ခဲ့ဖူးတဲ့ အမှားမျိုး အီရန်မှာ ထပ်လုပ်ပြန်သလားလို့ ဝေဖန် မေးခွန်းထုတ်ခဲ့ပါတယ်။ CGTN သတင်းဌာနက ရည်ညွှန်းတာဟာ ၂၀၀၃ ခုနှစ်တုန်းက အီရတ်မှာ ဖျက်အားပြင်း လက်နက်တွေ လျှို့ဝှက် ထုတ်လုပ်နေကြောင်း စွပ်စွဲပြီး အမေရိကန်က ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ကိစ္စကိုပါ။ အဲဒီတုန်းက အီရတ်မှာ ဘယ်လို ဖျက်အားပြင်း လက်နက်မျိုးကိုမှ ရှာမတွေ့ခဲ့ပါဘူး။
အမေရိကန်ရဲ့ အတိုက်အခံ ဒီမိုကရက် အင်အားစုတွေကတော့ ထရမ့်ဟာ နိုင်ငံကို စစ်ထဲ အတင်းဆွဲသွင်းနေတယ်လို စွပ်စွဲပြီး ဖြစ်ပေါ်မယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေ အားလုံးကို တာဝန်ယူရလိမ့်မယ်လို သတိပေး ပြောဆိုသွားပါတယ်။
ကိုးကား: AP
