အီရန်မှာ လုပ်ဆောင်ခဲ့တဲ့ အမေရိကန် လေကြောင်းတိုက်ခိုက်မှုတွေဟာ ထူးကဲတဲ့ စစ်ရေးအောင်မြင်မှုတစ်ခု ဖြစ်လာခဲ့တယ်လို့ အမေရိကန် ပြည်သူတွေဆီ လိပ်မူတဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြွေးကြော်သွားခဲ့ပါတယ်။
အမေရိကန်ဟာ ဇွန်လ ၂၂ ရက် မနက်အစောပိုင်း၊ အမေရိကန် စံတော်ချိန်အရ ဇွန်လ ၂၁ ရက် ညပိုင်းမှာ အီရန်ရဲ့ နျူကလီးယား နည်းပညာ သုတေသန စခန်း ၃ ခုကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန်က မဟာမိတ် အစ္စရေးဖက်က ပေါ်ပေါ်ထင်ထင် ပါဝင်လာခဲ့တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
ထရမ့်က အီရန်အနေနဲ့ အခုအချိန်ထိ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ငြင်းဆန်နေဦးမယ်ဆိုရင် အများကြီး ပိုဆိုးရွားပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို မျှော်လင့်ထားရလိမ့်မယ်လို့ ထရမ့်က သူ့ရဲ့ မိန့်ခွန်းထဲမှာ သတိပေးသွားပါတယ်။
အီရန်အတွက် ငြိမ်းချမ်းရေးကို ရွေးမလား၊ လွန်ခဲ့တဲ့ ၈ ရက်တာအတွင်း ကြုံခဲ့တာတွေထက် အများကြီး ပိုဆိုးတဲ့ ထိခိုက်နာကျင်မှုတွေကို ရွေးမလား ဆိုတာပဲ ရှိတော့ကြောင်း၊ အီရန်မှာ အမေရိကန်က တိုက်ခိုက်ဖို့ နောက်ထပ် ပစ်မှတ်တွေ အများကြီး ကျန်သေးတယ်ဆိုတာ မမေ့သင့်ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement
မိန့်ခွန်း မပြောခင်မှာ ကတည်းက ထရမ့်က အီရန်ရဲ့ ဖော့ဒို၊ နထန်ဇ်နဲ့ အစ်ဖာဟန် နျူကလီးယား စခန်းတွေကို ဗုံးကြဲခဲ့ကြောင်း၊ အဲဒီနေရာတွေကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာပေါ်ကနေ ကြေညာခဲ့ပါတယ်။
ထရမ့်က အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ရည်မှန်းချက်ဟာ ကမ္ဘာပေါ်မှာ နံပါတ် ၁ အဆင့် အကြမ်းဖက်အားပေး နိုင်ငံဆီက နျူကလီးယား ခြိမ်းခြောက်မှု အန္တရာယ်တွေကို အပြီးတိုင် ဖယ်ရှားဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ ထရမ့်က အမေရိကန် ချေမှုန်းခဲ့တဲ့ ပစ်မှတ် နေရာတွေဟာ အီရန်အတွက် အကျပ်အရိုက်ဆုံး၊ သေကွင်းသေကွက် ထိုးနှက်ချက် အဖြစ်ဆုံး ရွေးချယ်မှုတွေလို့ ရည်ညွှန်းထားခဲ့ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ခပ်မြန်မြန် အထမြောက်မလာဘူးဆိုရင် နောက်ထပ် နေရာတွေကိုလည်း ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန်၊ ကျွမ်းကျွမ်းကျင်ကျင် တိုက်ခိုက် ဖျက်ဆီးတာ ခံရနိုင်တယ်လို့လည်း ထရမ့်က သတိပေးခဲ့ပါတယ်။
ထရမ့်က စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အမေရိကန် စစ်မှုထမ်းတွေအပြင် လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက် ကတည်းက အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးဖြစ်တဲ့ အစ္စရေး စစ်တပ်၊ ပြီးတော့ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုတို့ကိုပါ ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပါတယ်။
အီရန်မှာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပြီးမှာတော့ ထရမ့်ဟာ နေတန်ညာဟုနဲ့ ဖုန်းဆက် စကားပြောခဲ့တယ်လို့လည်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။ ထရမ့်ဟာ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်၊ နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရို၊ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်တို့ ခြံရံ မိန့်ခွန်းပြောခဲ့တာဖြစ်ပြီး စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဟက်ဆက်သ်နဲ့ စစ်ဦးစီးချုပ် အရာရှိ ဒန်ကိန်းတို့က နောက်ပိုင်းမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်လိမ့်မယ်လို့ ထရမ့်က ဆိုပါတယ်။
အီရန်ရဲ့ အက်တမ်စွမ်းအင် အဖွဲ့က အမေရိကန် လေကြောင်းတိုက်ခိုက်မှုတွေ အကြောင်းကို အတည်ပြုခဲ့ပေမယ့် အဲဒီ တိုက်ခိုက်မှုတွေကြောင့်တော့ အီရန်ရဲ့ နျူကလီးယား နည်းပညာ ဆက်လက် တိုးတက်မှုတွေကို ရပ်တန့်နိုင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်သွားပါတယ်။
ကိုးကား: CBS
