အီရန်ရဲ့ နျူကလီးယား ပစ်မှတ်တွေကို စတင်တိုက်ခိုက်ပြီလို့ အစ္စရေးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ အီရန်ရဲ့ မြို့တော် တဟီရန် အပါအဝင် နိုင်ငံအနှံ့မှာ ပေါက်ကွဲသံတွေ ဆူဆူညံညံ ကြားနေခဲ့ရပါတယ်။
ဇူလိုင် ၁၃ ရက် မနက်အစောပိုင်းမှာ တဟီရန် မြို့ခံတွေဟာ တအုန်းအုန်း တဒိုင်းဒိုင်း ပေါက်ကွဲသံတွေနဲ့အတူ အလန့်တကြား နိုးထလာခဲ့ကြပါတယ်။ အီရန် အစိုးရ မီဒီယာက တဟီရန်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ် ဆိုတာကို အတည်ပြုပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးသေးပါဘူး။ ဒါပေမဲ့ မြို့တော်ရဲ့ အနောက်ဖက်မှာရှိတဲ့ ချစ်တ်ဂါ ရပ်ကွက်ကနေ မီးခိုးလုံးတွေ အူထွက်လာတာကို တွေ့ခဲ့ကြောင်း မျက်မြင်တွေက ဆိုပါတယ်။
အစ္စရေး စစ်တပ်က တဟီရန်ကို စစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ကြေညာပြီး အီရန်ရဲ့ နျူကလီးယားဆိုင်ရာ နေရာဌာနတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အဲဒီ တိုက်ခိုက်မှုတွေဟာ Rising Lion စစ်ဆင်ရေးရဲ့ အစိတ်အပိုင်း ဖြစ်ကြောင်း ပြောပါတယ်။ ပြီးတော့ အီရန်ဟာ အစ္စရေးနိုင်ငံရဲ့ ရှင်သန် ရပ်တည်မှုအတွက် ဧရာမ ခြိမ်းခြောက်မှုကြီး ဖြစ်လာနေတယ်လို့လည်း သူက ဆိုပါတယ်။ Rising Lion စစ်ဆင်ရေးဟာ အဲဒီ ခြိမ်းခြောက်မှုကို ပယ်နုတ်ပစ်ဖို့ ရည်ရွယ်ထားတာလို့လည်း ဝန်ကြီးချုပ်က ကြွေးကြော်ခဲ့ပါတယ်။

အီရန်ရဲ့ နျူကလီးယား နည်းပညာ မြှင့်တင်မှုတွေ အရှိန်အဟုန် ပိုမို အားကောင်းလာသလို ယူရေနီယမ် သန့်စင်နိုင်စွမ်း ပိုမို တိုးတက်လာတယ်လို့ ယူဆရတဲ့ အခြေအနေမှာ အစ္စရေးက လက်ဦးမှုယူ တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။ အရင်ကတည်းက အစ္စရေးဟာ အီရန် နျူကလီးယား ဌာနတွေကို ချေမှုန်းလာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် အခုတစ်ကြိမ်က ပထမဆုံးအဖြစ် ထင်သာမြင်သာ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်လာခြင်းပါ။

Public Service Announcement
အစ္စရေးစစ်တပ်ရဲ့ အမည်မဖော်လိုတဲ့ အရာရှိ တစ်ယောက်ကတော့ လက်ရှိ ဆင်နွှဲနေတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးမှာ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေသာ မကဘဲ စစ်ရေးနေရာဌာနတွေကိုပါ ဖျက်ဆီးနေတယ်လို့ ပြောကြားထားပါတယ်။
အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေး ကတ်ဇ်က သူ့နိုင်ငံဟာ စစ်ဆင်ရေးတစ်ခုကို အကောင်အထည် ဖော်နေတယ်လို့ အတည်ပြုပေမယ့် ဘာကို ပစ်မှတ်ထားသလဲ ဆိုတာကိုတော့ မပြောပါဘူး။ အီရန်နဲ့ ပတ်သက်လို့ ကြိုတင်ကာကွယ်တဲ့၊ လက်ဦးမှုယူတဲ့ စစ်ဆင်ရေး တစ်ခုကို အစ္စရေးက ဆင်နွှဲနေကြောင်း၊ တစ်ဖက်မှာလည်း ရန်သူဖက်က ပစ်လွှတ်လိုက်တဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေဟာ အစ္စရေးရဲ့ လူဦးရေ ထူထပ်တဲ့ နေရာတွေဆီ ကျရောက် ပေါက်ကွဲလာနိုင်ခြေကို ကြိုတင် ခန့်မှန်းထားကြောင်း ဝန်ကြီးက ဆိုပါတယ်။ အဲဒီအတွက်လည်း အစ္စရေးမှာ စစ်ရေးဆိုင်ရာ အရေးပေါ် အခြေအနေကိုပါ တစ်ပါတည်း ကြေညာခဲ့ပါတယ်။
အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆင့်မြှင့်တင် အကောင်အထည် ဖော်မှုတွေကို တားဆီးဖို့ အစ္စရေးရဲ့ မဟာမိတ် အမေရိကန်က အီရန်နဲ့ အကျေအလည် ဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက် အီရန်က စစ်ဆင်ရေး စခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးက အီရန် လက်ထဲမှာ နျူကလီးယား လက်နက်တစ်ခုခု တည်ဆောက် ပိုင်ဆိုင်ခွင့် ရသွားတာမျိုး လုံးဝ အဖြစ်ခံမှာ မဟုတ်ဘူးလို့ နှစ်ရှည်လများ သတိပေးထားပါတယ်။
အစ္စရေးက အီရန်ကို တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ ၂၄ နာရီ ကတည်းက ကြိုတင် ထွက်ပေါ်နေခဲ့ပြီး အမေရိကန်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ သံရုံးဝန်ထမ်းတွေနဲ့ စစ်တပ်ရဲ့ မိသားစုတွေကို ရွှေ့ပြောင်းပေးတာတွေ စီစဉ်ထားခဲ့ပါတယ်။
တဟီရန်မှာ တအုန်းအုန်း ပေါက်ကွဲမှုတွေ စတင်နေတဲ့အချိန် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အိမ်ဖြူတော် မြက်ခင်းပြင်မှာ လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံနေပါတယ်။ အစ္စရေးဟာ စစ်ဆင်ရေး စတင်တာနဲ့ ပတ်သက်ပြီး ထရမ့်ဆီ ကြိုတင် အကြောင်းကြားခဲ့သလား ဆိုတာကို မသိရသေးပေမယ့် အဲဒီတုန်းကတော့ ထရမ့်ဟာ တခြားသူတွေနဲ့ လက်ဆွဲနှုတ်ဆက်ရင်း စကားတွေ ဖောင်ဖွဲ့နေခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး မာကို ရူဘီရိုကတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ အီရန်ရဲ့ တစ်ဖက်သတ်ဆန်တဲ့ လုပ်ရပ်တွေကို တုံ့ပြန်ရတာ ဖြစ်တယ်လို့ မဟာမိတ်ဖက်က ကာကွယ် ပြောဆိုခဲ့ပါတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဒီစစ်ဆင်ရေးဟာ သေချာပေါက် လိုအပ်တယ်လို့ အစ္စရေးက အမေရိကန်ကို ရှင်းပြခဲ့တယ်လို့လည်း ရူဘီက ဆိုပါတယ်။ ဒါပေမဲ့ အီရန်ကို စစ်ပြုတိုက်ခိုက်တဲ့ အစ္စရေးရဲ့ ဆုံးဖြတ်ချက်မှာ အမေရိကန်က လုံးဝ ဆက်စပ်ပါဝင်တာ မရှိခဲ့ဘူးလို့ သူက အခိုင်အမာ ငြင်းဆိုသွားပါတယ်။
အီရန်မှာတော့ အခြေအနေတွေက ရှုပ်ထွေးနေပြီး ထိခိုက်ပျက်စီးမှု အခြေအနေတွေကို အတိအကျ မသိရသေးပါဘူး။ အီရန် အစိုးရ မီဒီယာက အီရန် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ ဟိုဆိန် ဆာလာမီလည်း တိုက်ခိုက်မှု တစ်ခုမှာ သေဆုံးသွားတယ်လို့ ဖော်ပြခဲ့ပါတယ်။ IRGCဟာ အီရန်ရဲ့ အင်အားအတောင့်တင်းဆုံး လက်နက်ကိုင် တပ်ဖြစ်ပြီး အီရန် အစိုးရအဖွဲ့ အဓိပတိကိုပဲ တိုက်ရိုက် သစ္စာခံပါတယ်။ ပြီးတော့ နိုင်ငံရဲ့ ဒုံးကျည်နဲ့ နျူကလီးယားလက်နက် စီမံကိန်းတွေကိုလည်း ကြီးမှူး ကွပ်ကဲနေပါတယ်။ IRGCရဲ့ ခေါင်းဆောင်ပိုင်းကို အစ္စရေးက လက်ဦးမှုယူ ရှင်းလင်းနိုင်ခဲ့တယ် ဆိုတာဟာ အီရန်ရဲ့ တန်ပြန်စစ်ဆင်ရေးတွေမှာ အကြီးအကျယ် ယိမ်းယိုင်သွားစေမယ့် အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
လက်ရှိ အခြေအနေမှာတော့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို ဆက်လက် ဆင်နွှဲနေဆဲဖြစ်ပြီး အီရန်ဖက်ကတော့ မကြာခင်မှာ တစ်ခုခု တုံ့ပြန်လာမယ်လို့ ယူဆရပါတယ်။ ခါးသီးရန်ဘက် နှစ်နိုင်ငံကြားက စစ်ရေး ပဋိပက္ခဟာ အရှေ့အလယ်ပိုင်း ဒေသရဲ့ တင်းမာမှုတွေကို အမြင့်ဆုံးအဆင့်ထိ ဆူပွက်လာစေမှာလည်း ဖြစ်ပါတယ်။
ကိုးကား: Fox
