အီရန်ကို စစ်ရေးအရ စတင်တိုက်ခိုက်ပြီလို့ အစ္စရေးက ကြေညာလိုက်ခြင်းနဲ့အတူ ကမ္ဘာ့ ရေနံစျေးကလည်း ချက်ချင်း တက်ရိပ်ပြလာခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသက စစ်ရေးသတင်း ထွက်ပေါ်လာပြီးတဲ့နောက် ရေနံစိမ်းစျေးဟာ ၁၀ ရာခိုင်နှုန်း ခုန်တက်သွားပြီး နောက်ထပ်လည်း ဆက်တက်နေမယ့် အလားအလာ ရှိပါတယ်။ အခုအခါမှာတော့ ရေနံစိမ်း တစ်စည်စျေးဟာ ၇၅ ဒေါ်လာ ဝန်းကျင်လောက်ထိ ရှိလာပါတယ်။ အစ္စရေးနဲ့ အီရန်ကြားက စစ်ရေး ပဋိပက္ခဟာ ရေနံအထွက် ကြွယ်ဝရာ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေဆီက တင်ပို့မှုကို ထိခိုက် နှောင့်ယှက်လာစေလိမ့်မယ်လို့ ကုန်သွယ် လုပ်ငန်းရှင်တွေက စိုးရိမ်နေပါတယ်။
ရေနံစိမ်း စျေးတက်ခြင်းဟာ လောင်စာဆီ စျေးနှုန်းတွေကိုလည်း တိုက်ရိုက် သက်ရောက်ပြီး အကျိုးဆက်အဖြစ် သယ်ယူစရိတ် မြင့်တက်လာတာကြောင့် စားသောက်ကုန်နဲ့ လူသုံးကုန်တွေပါ စျေးတက်နိုင်ပါတယ်။
စွမ်းအင်လုပ်ငန်းဆိုင်ရာ ကုန်သည်ကြီးတွေကတော့ လာမယ့် ရက်ပိုင်းတွေအတွင်း အီရန်ဖက်က လက်စားချေ တုံ့ပြန်မယ့် အခြေအနေတွေကို စောင့်ကြည့်နေပါတယ်။

Public Service Announcement
အစ္စရေးဟာ နိုင်ငံရဲ့ လုံခြုံရေးကို ထိပါးခြိမ်းခြောက်နေတာကြောင့်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇွန်လ ၁၃ ရက် မနက်အစောပိုင်းမှာ အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေ၊ စစ်စခန်းတွေကို စတင် တိုက်ခိုက်ခဲ့ပါတယ်။ ပြီးတော့ အီရန်ရဲ့ လက်တုံ့ပြန်မှုတွေကို ကြိုတင် တွက်ဆပြီး အစ္စရေးမှာ အရေးပေါ် အခြေအနေပါ ကြေညာထားပါတယ်။
ကမ္ဘာ့ရေနံ တင်ပို့ရောင်းချမှု စျေးကွက်မှာ အဓိက စိုးရိမ်ကြတဲ့ အဆိုးဆုံး ဖြစ်နိုင်ခြေ တစ်ခုက အီရန်ဟာ စစ်ဖြစ်လာတာကို အကြောင်းပြုပြီး နိုင်ငံရဲ့ ကမ်းလွန်ရေပြင်မှာရှိတဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ပစ်လိုက်တာမျိုးပါ။ အဲဒီ ရေလက်ကြားဟာ နိုင်ငံတကာ ရေနံတင်ပို့ရောင်းချမှုတွေရဲ့ အသက်သွေးကြော နေရာတစ်ခုလို့ ဆိုနိုင်ပြီး စည်ပေါင်း သန်းနဲ့ချီ များပြားတဲ့ ရေနံတွေကို တင်ဆောင်လာတဲ့ သင်္ဘောတွေဟာ နေ့စဉ် ဥဒဟို ဖြတ်သန်းနေကြပါတယ်။
ဟောမုဇ် ရေလက်ကြားဟာ ကမ္ဘာအနှံ့ တင်ပို့နေတဲ့ ရေနံအားလုံးရဲ့ ငါးပုံတစ်ပုံ ဖြတ်သန်းသွားလာရာ ရေလမ်းကြောင်း အဖြစ်လည်း တည်ရှိနေပါတယ်။
ကိုးကား: BBC
