ဇွန်-၁၀၊၂၀၂၅။ယောနသံ/People’s Spring
ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ထွေအုပ်ရုံးအတွင်းတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအားမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကိုယ်ရေးလက်ထောက်က ဓားဖြင့်ထိုးသတ်မှု ဖြစ်ခဲ့သည်။
ယနေ့ (ဇွန်လ ၁၁ ရက်) နံနက်၁၀နာရီခန့်၌ မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးမှအငယ်တန်းစာရေး ကိုအောင်မြင့်မြတ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကိုယ်ရေးလက်ထောက်ကျော်စိုးမင်းက ဓားဖြင့်ထိုးခြင်းဟု ဖြစ်စဥ်ကိုသိသူတစ်ဦးကပြောသည်။
“ဓါးယူလာပြီးထွေအုပ်ရုံးထဲတင်ထိုးတာဗျ။ ကိုအောင်မြင့်မြတ်က သံတွဲထွေအုပ်ရုံးကနေ စစ်ရှောင်ပြီး ဒီမှာ(မရမ်းကုန်းထွေအုပ်ရုံး) တွဲဖက်ကျနေတဲ့သူပါ။ သူသေတယ်။ ကျော်စိုးမင်းကတော့ ပြေးနေတယ်”ဟု ရမ်းကုန်းမြို့နယ် ထွေအုပ်ရုံးနှင့် နီးစပ်သူကပြောသည်။

Public Service Announcement
ကိုအောင်မြင့်မြတ်သည် အသက် ၃၆ နှစ်အရွယ်ရှိပြီး ထွေအုပ်ရုံး အငယ်တန်းစာရေးဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၊ ကျော်စိုးမင်းမှာအသက် ၅၀ ကျော်အရွယ်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့က မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဖြိုးအောင်ဟိန်းတို့က ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့များ၏ တိုက်ခိုက်နိုင်ခြေအတွက် လုံခြုံရေးဆိုင်ရာအစည်းအဝေးကျင်းပခဲ့သည်။
ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား လုံခြုံရေးမပေါ့ဆရန်၊ ရုံးတွင်းလုံခြုံရေးအထူးဂရုပြုရန် ဒုတိယဗိုလ်မှူးကြီးဖြိုးအောင်ဟိန်းကပြောခဲ့သည်။
ထိုအပြင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ နေ့စဉ် ပြောနေသည့်ကြားမှ ပြင်ပမှလာမတိုက်ခိုက်ဘဲ အချင်းချင်းသတ်ဖြတ်မှုဖြစ်ခြင်းဖြစ်သည်။
