ဇွန်-၉၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၉)မှာ စစ်အုပ်စုကို ထောက်ပံ့နေခြင်းအား ရပ်တန့်ပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ “Airbus: End investment in AVIC” ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ပြည်သူတွေအပေါ်အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်တွေနဲ့ မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်တားဆီးပေးရေး၊ လူ့အသက်တွေကနေ အကျိုးအမြတ်ရယူနေပြီး အာဏာသိမ်းစစ်အုပ်စုကို စစ်ပွဲသုံးတိုက်ခိုက်ရေးပစ္စည်း ထောက်ပံ့ကူညီနေခြင်းကို ရပ်တန့်ပေးရေး လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း သပိတ်အင်အားစုက ဆိုပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းဟာ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း “ပြည်သူ့အားမာန် သပိတ်စစ်ကြောင်း” က အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ဒေသခံပြည်သူတွေနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်
