close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူဖြူတွေကို လူမျိုးသုဉ်း သတ်ဖြတ်ခံနေရတယ်လို့ တောင်အာဖရိက သမ္မတနဲ့ တွေ့ဆုံချိန်မှာ ထရမ့်စွပ်စွဲ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တောင်အာဖရိက သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာကို လက်ခံ တွေ့ဆုံချိန်မှာ လူမျိုးသုဉ်း သတ်ဖြတ်မှု အပါအဝင် ရန်လိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက်ခဲ့ပါတယ်။

AFP

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တောင်အာဖရိက သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာကို လက်ခံ တွေ့ဆုံချိန်မှာ လူမျိုးသုဉ်း သတ်ဖြတ်မှု အပါအဝင် ရန်လိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက်ခဲ့ပါတယ်။

မေလ ၂၁ ရက်နေ့က အိမ်ဖြူတော်၊ ဘဲဥပုံရုံးခန်းထဲမှာ တွေ့ဆုံရာမှာ ထရမ့်က တောင်အာဖရိကဟာ နိုင်ငံသား လူဖြူ လယ်သမားတွေကို လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲသွားခဲ့ပါတယ်။ တွေ့နေမြင်နေကျ မဟုတ်တဲ့ အခြေအနေ တစ်ခုအဖြစ် ထရမ့်ဟာ ရုံးခန်းထဲမှာ TV Monitor တစ်ခုကို ထားရှိပြီး သူ့စွပ်စွဲချက်ကို ခိုင်မာစေတယ်ဆိုတဲ့ ဗီဒီယိုတွေကိုပါ ပြသခဲ့ပါတယ်။

ရာမာဖိုဆာဟာ ထင်မှတ်ထားဟန် မရှိတဲ့ အခြေအနေကြောင့် အငိုက်မိခဲ့ပြီး တချို့စွပ်စွဲချက်တွေနဲ့ ပတ်သက်ရင် အတော်လေး အံ့ဩသွားတာကို အထင်းသား တွေ့ခဲ့ရပါတယ်။ ထရမ့် ပြသခဲ့တဲ့ ဗီဒီယိုတွေမှာ ပါဝင်တဲ့ အချက်အလက်တွေကို ဘယ်က ရခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

နောက်ပိုင်းမှာတော့ တောင်အာဖရိက သမ္မတရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗင်းဆင့် မက်ဂ်ဝေညာက ထရမ့်ပြသခဲ့တာတွေက မပြည့်စုံတဲ့၊ ဖြစ်ကတတ်ဆန်း စုစည်းထားတဲ့ ဗီဒီယို အဟောင်းတွေဖြစ်ပြီး လုံးဝဥဿုံ မုသားသက်သက်တွေလို့ တုံ့ပြန်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က သူပြသခဲ့တာတွေဟာ တောင်အာဖရိကမှာ လူဖြူ လယ်သမားတွေ ရက်ရက်စက်စက် ရန်လိုတိုက်ခိုက် ခံခဲ့ရကြောင်း သတင်းဖော်ပြချက်တွေ ဖြစ်တယ်လို့ အခိုင်အမာ ဆိုပါတယ်။ အဲဒီ သတင်းတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ထွက်ပေါ်လာတဲ့ အကြောင်းအရာတွေဖြစ်ပြီး ဆိုးဆိုးရွားရွား အခြေအနေတွေနဲ့ လူတွေ သေဆုံးခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။

နောက်ပြီး တောင်အာဖရိကမှာ လူဖြူတွေကို ခွဲခြားနှိမ့်ချ ဆက်ဆံတဲ့ ဥပဒေတွေ ကျင့်သုံးနေတာကြောင့်လည်း လူဖြူတွေဟာ ထွက်ပြေးနေကြရတယ်လို့ ထရမ့်က စွပ်စွဲခဲ့ပါသေးတယ်။ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေက လူသိရှင်ကြား ဖြစ်မလာအောင် ဖိနှိပ် ချိုးနှိမ်ခံထားရပြီး အဲဒါကြောင့်လည်း ဘယ်သူမှ သေချာ မသိကြဘဲ ဖြစ်နေကြောင်း ထရမ့်က ဆိုပါတယ်။

ရာမာဖိုဆာကတော့ ထရမ့်ပြသခဲ့တဲ့ အကြောင်းအရာတွေ၊ ကိစ္စတွေဟာ သူ့အစိုးရရဲ့ မူဝါဒတွေ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ပြီးတော့ သူတို့ တွေ့မြင်နေရတဲ့ ကိစ္စတွေဟာ နိုင်ငံရေး အစွန်းရောက် အင်အားစု တချို့ရဲ့ လုပ်ရပ်သာ ဖြစ်လိမ့်မယ်လို့ ရာမာဖိုဆာနဲ့ တောင်အာဖရိက အစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင်တွေက ပြောပြခဲ့ပါတယ်။

ပြည်တွင်းမှာ ရာဇဝတ်မှုတွေ ရှိနေသေးတယ် ဆိုတာကို လက်ခံကြောင်း၊ အဲဒီအတွက် လူတွေ သေခဲ့ကြကြောင်း၊ ဒါပေမဲ့ ရာဇဝတ်သားတွေက လူဖြူတွေကိုပဲ ပစ်မှတ်ထားတယ်ဆိုတာဟာ မှားယွင်းပြီး ကံမကောင်းစွာဘဲ လူမည်းတွေ အများအပြားလည်း သေဆုံးခဲ့ကြောင်း ရာမာဖိုဆာက ဖြေရှင်းခဲ့ပါတယ်။

ပြီးတော့ ထရမ့်အနေနဲ့ တောင်အာဖရိက ပြည်သူတွေရဲ့ အသံတွေကို သေချာ နားစွင့်ခဲ့မယ်ဆိုရင် သူ့ရဲ့ အမြင်တွေကို ပြောင်းပစ်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ရာမာဖိုဆာက ပြောပါတယ်။ ပြီးတော့ လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်အောက်က စွပ်စွဲမှုကို တောင်အာဖရိက အစိုးရ အနေနဲ့ အပြင်းအထန် ငြင်းဆိုကြောင်းလည်း သူက ဆိုပါတယ်။

တကယ်သာ လယ်သမားတွေကို ပစ်မှတ်ထားတဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိခဲ့မယ်ဆိုရင် သူ့ရဲ့ စိုက်ပျိုးရေး ဝန်ကြီး အပါအဝင် လူကြီးလူကောင်း ၃ ယောက်ဟာ နေရာမှာ အေးအေးလူလူ ထိုင်နေခွင့် ရမှာ မဟုတ်ဘူးဆိုတာ သူလောင်းရဲကြောင်းလည်း ရာမာဖိုဆာက ပြောကြားသွားပါတယ်။

ထရမ့်နဲ့ ဆွေးနွေးမှုတွေအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာတော့ ရာမာဖိုဆာက တောင်အာဖရိကမှာ လူမျိုးသုဉ်း သတ်ဖြတ်မှု ဖြစ်စဉ်တွေ မရှိဘူးလို့ ထပ်လောင်း အာမခံသွားခဲ့ပါတယ်။ တောင်အာဖရိက နိုင်ငံမှာ ကြုံတွေ့နေတဲ့ ရန်လိုတိုက်ခိုက်မှု ဖြစ်စဉ်တွေရဲ့ အခြေခံ အကြောင်းရင်းဟာ နိုင်ငံ စီးပွားရေး တိုးတက်လာမှု ကင်းမဲ့နေတာကြောင့်လို့ ပြောပါတယ်။ ဆင်းရဲနွမ်းပါးမှု၊ အလုပ်အကိုင် ရှားပါးမှုတွေနဲ့ လူမှုအထောက်အပံ့ အားနည်းချက်တွေက ရန်လိုကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို နိုင်ငံအနှံ့မှာ ပိုမိုပျံ့နှံ့စေခဲ့တယ်လို့ ရာမာဖိုဆာက မှတ်ချက်ပေးသွားပါတယ်။

ထရမ့်ရဲ့ ထိုးနှက်ချက်တွေကို ရင်ဆိုင်နေရချိန် အတောအတွင်း ရာမာဖိုဆာဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍတွေဆီ စကားလမ်းကြောင်း ပြန်ပြောင်းဖို့ ကြိုးစားခဲ့တာကိုလည်း တွေ့ရပါတယ်။ သူ့ရဲ့ အမေရိကန် ခရီးစဉ် အဓိက ရည်ရွယ်ချက်ဟာ အဲဒီအတွက် ဖြစ်တယ်လို့ ရာမာဖိုဆာက ပြောပေမယ့် ထရမ့်ကတော့ လူဖြူတွေ တိုက်ခိုက်ခံနေရပါတယ်ဆိုတဲ့ ခေါင်းစဉ်ကိုပဲ တကျီကျီ ဆူပူပြောဆိုနေခဲ့ပါတယ်။

ရာမာဖိုဆာနဲ့ တောင်အာဖရိက အစိုးရ အနေနဲ့ ဒီကိစ္စကို ဘာလုပ်ပေးရမလဲဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်က သူလည်း မသိဘူးလို့ ပြန်ဖြေသွားပါတယ်။ တောင်အာဖရိက အစိုးရကတော့ သမ္မတ ရာမာဖိုဆာဟာ အခြေအနေတွေကို ခေါင်းအေးအေးနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ကြောင်း၊ တစ်ခါတလေ စိတ်လွတ်သွားရင်တောင်မှ သိက္ခာရှိရှိ၊ သပ်သပ်ရပ်ရပ်နဲ့ ကိုင်တွယ်သွားခဲ့ကြောင်း မှတ်ချက် ပေးသွားပါတယ်။

ကိုးကား: ABC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ ဆန်းသစ်တဲ့ အနာဂတ် လေကြောင်း ကာကွယ်ရေး အစီအမံအဖြစ် ရွှေသား အမိုးခုံး (Golden Dome) စနစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပွဲ ရပ်ဆိုင်းနိုင်ရေးအတွက် ရုရှားနဲ့ ယူကရိန်းတို့ဟာ ဆွေးနွေးမှုတွေ ချက်ချင်း စတင်ကြလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ကြား ဖုန်းဆက် စကားမပြောခင်မှာ ရုရှားဟာ ယူကရိန်းကို စစ်ကာလတလျှောက် ပမာဏ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုကြီးတစ်ခု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အလည်အပတ် ခရီးစဉ်ကြောင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ အထင်ကရ ရှိတ်ခ်ဇာယက်ဒ် မဟာဗလီကြီးကို ယာယီ ပိတ်ပေးခဲ့ပါတယ်။