မေ ၂၇၊၂၀၁၅။ရဲခေါင်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာတိုက်ပွဲအတွင်း PNO ပြည်သူ့စစ်၏ ဗိုလ်မှူးခွန်ထွန်းပေါ်အပါအဝင် အဓမ္မစစ်သားစုဆောင်းခံရသည့် ပအိုဝ်းလူငယ် ဆယ်နှင့်ချီ သေဆုံးခဲ့ကြောင်း ပအိုဝ်းစစ်ဘက် သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
PNOပြည်သူ့စစ် ဗိုလ်မှူးခွန်ထွန်းပေါ်သည် ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာ ခံဖြစ်ကာ ယမန်နေ့(မေလ ၂၆ရက်)က ဆောင်းပြောင်းရွာတိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး ဇနီးနှင့်ကလေးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေကို ထိုးစစ်ဆင်ရင်း သေသွားတာ။ပုဂ္ဂိုလ်ရေးအရ ရင်းနှီးခဲ့ကြပေမယ့် ရွေးချယ်မှုလမ်းချင်းမတူတော့ ပေးဆပ်မှုချင်းလည်းမတူဘူးပေါ့”ဟု သေဆုံးသွားသည့် PNO ဗိုလ်မှူးခွန်ထွန်းပေါ်နှင့် နီးစပ်ခဲ့သူတစ်ဦးက ပြောသည်။

Public Service Announcement
တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ကြောင့် တိုက်ပွဲအတွင်း PNOပြည်သူ့စစ်အဖွဲ့ဝင်အများအပြားသေဆုံးနေသည်ဟုလည်း ၎င်းက အသိပေးသည်။
“တချို့က အလောင်းမရ။ တချို့က သေလားရှင်လား မသိရ။ နားရေးလုပ်ခွင့်မရလို့ မသိကျတာ။ အခုက ဗိုလ်မှူးအဆင့်မို့ ဖုံးထားလို့မရတော့တာ။ ဆောင်းပြောင်းတိုက်ပွဲမှာကိုပဲ သေတာ ၁၀၀ကျော်ပြီဗျ”ဟု ၎င်းက ဆက်ပြောသည်။
PNO ပြည်သူ့စစ်ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးနေပြီး ပအိုဝ်းလူငယ်များကို ဘာသာရေး၊လူမျိုးရေး လှုံ့ဆော်ကာ တပ်သားအဖြစ်အတင်း အဓမ္မခေါ်ဆောင်နေဟုလည်း ပအိုဝ်းဒေသခံတစ်ဦးက ဆိုသည်။
“သိနားလည်တဲ့ ပအိုဝ်းလူငယ်ကျတော့လည်း ပြောလို့မရပြန်ဘူး။ လိုင်းပေါ်နည်းနည်းပြောတာနဲ့ အဖေအမေကို ဖမ်းသွားလိုက်။ သတ်လိုက်။ ရွာပြင် နှင်ထုတ်လိုက်လုပ်နေလို့လေ။ အဲဒါကြောင့် သိနားလည်တဲ့ လူငယ်တွေကျ အကုန်ပြည်ပထွက်ကုန်ရော။ မထွက်နိုင်တဲ့လူက မိဘအသက် မိဘအိုးအိမ်ကိုငဲ့ပြီး ကိုယ့်အသက်ကို မအလနဲ့နေဝင်းထွန်းအတွက် အလကားသေနေရတာ”ဟု ၎င်းက စစ်ကောင်စီ၏ အသုံးချခံနေရသော ပအိုဝ်းလူထုအခြေအနေကို ရှင်းပြသည်။
ဆောင်းပြောင်းကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်ပူးပေါင်းတပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက မေလ ၁၇ ရက်က ထိုးစစ်ဆင်ခဲ့သည်။
“စကစ နဲ့ PNO စခန်းနေရာ သုံးပုံနှစ်ပုံလောက်ရပြီသိရတယ်။တစ်ဖက်မှာလည်း PNOတွေကို အင်အားအလုံးအရင်း ဖြည့်နေတာရှိတယ်။PNO တွေကို လူလှိုင်းလုပ်ပြီး စကစက ထိုးကျွေးနေတာ”ဟု ရှမ်းပြည်တောင်ပိုင်းစစ်ဘက်သတင်းရင်းမြစ်က ပြောသည်။
ဆောင်းပြောင်းရွာတိုက်ပွဲ ဖြစ်စဥ်နှင့်ပတ်သက်၍ မကြာမီသတင်းထုတ်ပြန်မှုရှိလာမည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၄ မတ်လ ၁၈ရက်တွင် သိမ်းပိုက်ခဲ့ဖူးသည်။
ဆောင်းပြောင်းကျေးရွာသည် ပင်လောင်းမြို့တောင်ဘက်နှင့် ဖယ်ခုံမြို့အကြားမှာရှိပြီး ဖယ်ခုံမြို့နှင့် ၅မိုင်ခန့်သာ ကွာဝေးသည်။
